ရန်ကုန်ဈးကွက်

ဆန်
ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်းလမ်း)တွင်ထုတ်ပြန်ထားသည့် ဆန်ဈေးနှုန်းများအရ ရွှေဘိုပေါ်ဆန်းအဟောင်း အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၄၈၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ်နှုန်း၊ ရွှေဘိုပေါ်ဆန်း အသစ် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၃၃၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၃၀၀၀၀ ကျပ်နှုန်း၊ ဖျာပုံပေါ်ဆန်း ဆန်ဟောင်း အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်နှုန်း၊ ပေါ်ကျွဲဆန်ဟောင်း အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၀၁၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်နှုန်း၊ ဇီယာဆန်ဟောင်း အလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၈၁၀၀၀ ကျပ်နှင့် အောက်စတစ်တင်းခွဲ တစ်အိတ်လျှင် ၈၀၀၀၀ ကျပ်နှုန်း၊ ဧည့်မထဆန်ကြမ်း ၂၅ ရာခိုင်နှုန်း နှင့် အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၆၄၅၀၀ ကျပ်နှုန်းနှင့်အောက်စတစ်အိတ်လျှင် ၆၄၀၀၀ ကျပ်နှုန်း၊ ငစိန်ဆန် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၆၆၀၀၀ ကျပ်နှုန်း နှင့်အောက်စတစ်အိတ်လျှင် ၆၅၀၀၀ကျပ်နှုန်းတို့ဖြင့်အသီးသီးရောင်းဝယ်လျက်ရှိ ကြောင်းသိရသည်။ အိန္ဒိယ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများတွင် ဆန်သစ်အဝင်လှိုင်ခြင်းနှင့် ရောင်းလိုအားများနေခြင်းစသည့် အခြေ အနေများကြောင့် နိုင်ငံအသီးသီး၏ ပြည်ပတင်ပို့ ဆန်ကြမ်းဈေးနှုန်းများဈေးနိမ့်ကာ အရောင်းအဝယ်အေးလျက်ရှိသည်။ထို့ကြောင့် ပြည်တွင်းရှိ လက်ကား ဈေးကွက်တွင်လည်း ဆန်ကြမ်း ဈေးနှုန်းများ ဈေးငြိမ်ကာ အရောင်းအဝယ်အေးလျက်ရှိသည်။ ပြည်တွင်းစားသုံးမှုများသော ဆန်ချော၊ ဆန်လတ်များမှာလည်း ကုန်အဝင်ပုံမှန်ရှိခြင်းနှင့် စားသုံးသူများမှ ဝယ်လိုအားနည်း ခြင်းတို့ကြောင့် ယခင်အပတ်ဈေးနှုန်းများဖြင့်သာ ဈေးငြိမ်အရောင်းအဝယ်အေးခဲ့သည်။ ရန်ကုန် ဈေးကွက်သို့ ဖျာပုံ၊ မော်ကျွန်း၊ ဘိုကလေး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ကော့မှူး၊ တွံတေး၊ ဝါးခယ်မ၊ မြောင်းမြ၊ ကျိုက်လတ်၊လပွတ္တာ၊ ရွှေဘိုဒေသများမှ ဆန်ဝင်ရောက်မှု ပုံမှန်ရှိခဲ့ပြီး စားသုံးသူများမှလည်း ပုံမှန်ဝယ်ယူမှုသာရှိခဲ့ကြောင်းသိရသည်။
အစေ့ထုတ်ပြောင်း
အစေ့ထုတ်ပြောင်းများ ထိုင်းနိုင်ငံသို့ အကောက်ခွန်လွတ်တင်ပို့ချိန်ဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် တင်ပို့မှုနည်းကာ ဝယ်လိုအားနည်းလာခြင်းကြောင့် အစေ့ထုတ်ပြောင်း ဈေးနှုန်းများ ယခင်အပတ်ဈေးနှုန်းများဖြင့်သာဈေးငြိမ်အရောင်းအဝယ်အေးခဲ့သည်။အစေ့ထုတ်ပြောင်း ၅၄ ပိဿာလျှင် ပျမ်းမျှ ဈေးနှုန်းမှာ ၉၀၇၂၀ ကျပ်ဖြစ်သည်။ ရှမ်းပြည်နယ်၊ ဧရာဝတီ၊ စစ်ကိုင်းတိုင်း၊ပဲခူး၊မန္တလေး တိုင်းဒေသကြီးများမှ အစေ့ထုတ်ပြောင်းများဈေးကွက်သို့ဝင်ရောက် မှုရှိခဲ့ကြောင်း သိရသည်။ ပြောင်းတင်ပို့သူများအနေဖြင့် ဖေဖော်ဝါရီလအတွင်း ဝယ်ယူမှု အားကောင်းခဲ့ခြင်းကြောင့် ဖေဖော်ဝါရီလအတွင်း အစေ့ထုတ်ပြောင်းများ ဈေးကောင်းခဲ့ရာမှ ယခု မတ်လအတွင်း ဝယ်လိုအားကျဆင်းကာဈေးနိမ့်လာခဲ့ခြင်းဖြစ်သည်။
ပဲမျိုးစုံ
ပဲမျိုးစုံအဓိက ဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံတွင် ပဲသစ်များ အဝင်ရှိနေချိန်ဖြစ်ခြင်း၊ ရူပီးငွေ ဈေးကျဆင်းနေချိန်ဖြစ်ခြင်း၊ မြန်မာမတ်ပဲများလည်း အဝင်ရှိနေချိန်ဖြစ်ခြင်းကြောင့် အိန္ဒိယပဲကုန်သည်များ ဝယ်လို အား ကျဆင်းလာချိန်ဖြစ်ခြင်း၊ မတ်ပဲ အခွန် လွတ်တင်သွင်းခွင့် သက်တမ်းတိုးလာခြင်းတို့ကြောင့် အိန္ဒိယတွင် မတ်ပဲ ဈေးနှုန်းများကျဆင်း လာခဲ့သည်။ အလားတူပင် ပဲစင်းငုံအစားထိုးသုံးစွဲနိုင်သော ပဲရာဇာနှင့် ပဲဝါလေးကဲ့သို့ အစားထိုး ပဲများ ဝင်ရောက်မှုရှိနေခြင်း၊ ပဲဝါလေးအခွန်လွတ်တင်သွင်းခွင့်ကာလ သက်တမ်းကုန်ခဲ့ပြီဖြစ်သော်လည်း ဖေဖော်ဝါရီ ၂၈ ရက် မတိုင်မီ သင်္ဘောတင်ခဲ့သည်များကို အခွန်လွတ်တင်သွင်းခွင့် ဆက်လက်ခွင့်ပြုပေးထားခြင်းကြောင့် မေလကုန်အထိတိုင်အောင် ပဲစင်းငုံအစားထိုး ပဲဝါလေး များစွာဝင်ရောက်လာဖွယ်ရှိကြောင်း သိရသည်။ သို့ဖြစ်ရာ ပဲစင်းငုံဈေးနှုန်းများ တည်ငြိမ်ကျဆင်းလာခြင်းကို ဖြစ်ပေါ်စေခဲ့သည်။ ထို့ကြောင့် မတ်ပဲ (သင်္ဘောတင်)နှင့် ပဲစင်းငုံ(သင်္ဘောတင်) ဈေးနှုန်းများမှာ ယခင်အပတ် ထက် ဈေးနိမ့်လာခဲ့သည်။ မတ်ပဲ(သင်္ဘောတင်)တစ်တန်လျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၃၀၀၅၀၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၂၉၉၅၀၀၀ ကျပ်သို့ရောက်ရှိဈေးနိမ့်ခဲ့သည်။ ပဲစင်းငုံ(သင်္ဘောတင်)တစ်တန်လျှင် ယခင်အပတ်ပျမ်းမျှ ဈေးနှုန်းမှာ ၃၀၂၅၀၀၀ ကျပ်ဖြစ်ပြီး ယခု အပတ်ဈေးနှုန်းမှာ ၂၉၅၅၀၀၀ ကျပ်သို့ ရောက်ရှိဈေးနိမ့်ခဲ့သည်။ ယခုရက်သတ္တပတ်အတွင်း ကုန်စည်ဒိုင်ဖွင့်ရက် ၆ ရက်ရှိခဲ့ပြီး မတ်ပဲ(သင်္ဘောတင်)မှာ ကုန်သေတ္တာ ၁၁၀ လုံးခန့်နှင့် ပဲစင်းငုံ(သင်္ဘောတင်)မှာ ကုန်သေတ္တာ ၈၅ လုံးခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရသည်။ ပဲတီရွှေဝါဈေးနှုန်းများမှာ ပဲသစ်ပေါ်ချိန်ဖြစ်ခြင်းနှင့် တရုတ်ဝယ်လက်များမှ ဝယ်လိုအားရှိခြင်း တို့ကြောင့်ရောင်းလိုအား၊ဝယ်လို အားမျှကာ ယခင်အပတ်ဈေးနှုန်းများဖြင့်သာ ဈေးငြိမ်အရောင်း အဝယ်ဖြစ်သည်။ ပဲတီရွှေဝါ ၃တင်း /၆၀ ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၃၄၀၅၀၀ ကျပ်ဖြစ်သည်။ ထောပတ်ပဲ၊ ပဲပုပ်ပဲ၊ ဘိုကိတ်ပဲများမှာ အရောင်းအဝယ်အေးခြင်းကြောင့်လည်း ကောင်း ကုလားပဲမှာ ပဲသစ်အဝင်လှိုင်ခြင်းနှင့် စားသုံးသူများမှ ဝယ်လိုအားနည်းခြင်းကြောင့် လည်းကောင်း၊ ယခင်အပတ်ထက်ဈေးနိမ့်ခဲ့သည်။ ထောပတ်ပဲ ၃တင်း /၆၀ ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၃၁၀၅၀၀ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၂၈၉၂၀၀ ကျပ်သို့လည်းကောင်း ပဲပုပ်ပဲ ၃တင်း /၆၀ ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၃၈၀၁၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၃၇၇၅၅၀ ကျပ်သို့လည်းကောင်း၊ ဘိုကိတ် ၃တင်း /၆၀ ပိဿာလျှင် ယခင် အပတ်ပျမ်းမျှဈေးနှုန်းမှာ ၂၃၇၉၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၂၃၄၀၀၀ ကျပ်သို့လည်းကောင်း အသီးသီး ရောက်ရှိဈေးနိမ့်ခဲ့သည်။ ကုလားပဲတစ်ပိဿာလျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်းမှာ ၄၂၁၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၄၁၂၀ ကျပ်သို့ ရောက်ရှိဈေးနိမ့်ခဲ့သည်။ ပဲလွမ်းဖြူမှာ စိုက်ပျိုးထုတ်လုပ်မှုနည်းသော ပဲအမျိုးအစားဖြစ်ခြင်း၊ အရည်အသွေးကောင်းခြင်းနှင့် စားသုံးသူများမှ ဝယ်လိုအားများခြင်းတို့ကြောင့် ယခင်အပတ်ထက်ဈေးမြင့်လာခဲ့သည်။ ပဲလွမ်းဖြူ ၃တင်း /၆၀ ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၂၄၁၀၅၀ ကျပ်ဖြစ် ပြီး ယခုအပတ်ဈေးနှုန်းမှာ ၂၄၂၅၅၀ ကျပ်သို့ ရောက်ရှိဈေးမြင့်ခဲ့သည်။
စားသုံးဆီ
စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း၊ လုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ၂၀၂၅ ခုနှစ်၊ မတ် ၁၀ ရက်မှ ၁၆ ရက်အထိ ထုတ်ပြန်ထားသော ရန်ကုန်အထိုင်လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၆၈၉၀ ကျပ်ဖြစ်ပြီး ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဆီတစ်ပိဿာလျှင် ၁၅ ကျပ် နှုန်း ဈေးနိမ့်လာခဲ့ခြင်း ဖြစ်သည်။ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံများတွင် စားအုန်းဆီ အထွက်နှုန်းကျဆင်းခဲ့ခြင်း၊ ဇီဝလောင်စာဆီအဖြစ် အသုံးပြုမှုများလာခြင်း၊ နိုင်ငံအတွင်း စားအုန်းဆီလက်ကျန် နည်းလာခြင်းတို့ကြောင့် ဆီကြမ်းပို့ကုန် အခွန်နှုန်းထားများမြင့်တက်ကာ ကမ္ဘာ့စားအုန်းဆီဈေးမှာ ပဲပုပ်ဆီဈေးနှုန်းများထက် ဈေးမြင့်လာခဲ့ခြင်းကို ဖြစ်ပေါ်စေခဲ့သည်။ထို့ကြောင့် ဟင်းသီးဟင်းရွက်ဆီ အဓိက ဝယ်လက်ဖြစ်သည့် အိန္ဒိယနိုင်ငံသည် စားအုန်းဆီထက်ပိုမိုတွက်ခြေကိုက်သော ပဲပုပ်ဆီများအား ပိုမိုတင်သွင်းလာခြင်းကြောင့် စားအုန်းဆီဝယ်လိုအားများ ကျဆင်းကာ ဈေးနိမ့်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မတ်လတွင် စားအုန်းဆီထုတ်လုပ်မှုတိုးတက်ကောင်းမွန်လာနိုင်သော်လည်း တင်ပို့မှုအခြေအနေမှာ ကောင်းနိုင်ဖွယ်မရှိသေးကြောင်း ခန့်မှန်းထားကြသည်။ အချို့သော မြို့နယ်များတွင် စားအုန်းဆီ တစ်ပိဿာ၏ ပြင်ပပေါက်ဈေးမှာ ၁၂၀၀၀ ကျပ်ဝန်းကျင်ဖြစ်သည်။
အေးသန္တာဝင်း