ဘရာဇီးနိုင်ငံမှ မတ်ပဲကို အိန္ဒိယ စတင်တင်သွင်း

ဘရာဇီးနိုင်ငံမှ မတ်ပဲကို အိန္ဒိယ စတင်တင်သွင်း

အိန္ဒိယနိုင်ငံသည် နိုင်ငံအနည်းငယ်ထံမှ ပဲတင်သွင်းမှုအပေါ် မှီခိုနေရမှုအား လျှော့နိုင်ရန်နှင့်  ပြည်တွင်းထွက်ရှိမှုကျဆင်းမှုကို ဖြည့်ဆည်းရန်အတွက် ဘရာဇီးမှ မတ်ပဲများကို ပထမဆုံးအကြိမ် အဖြစ် စတင်တင်သွင်းခဲ့ကြောင်းသိရသည်။

တောင်အမေရိကနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဘရာဇီးမှ မတ်ပဲ တန်ချိန် ၃၀၀၀ ခန့် ပထမဆုံး တင်ပို့မှုရောက်ရှိလာကြောင်း၊ မတ်ပဲနှင့် ပဲစင်းငုံ တင်သွင်းမှုအတွက် နိုင်ငံတစ်ခုတည်းအပေါ် မှီခို နေရမှုအား လျှော့ချနိုင်ရန်အတွက် ဘရာဇီးနဲ့ အာဂျင်တီးနားနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်နေ ကြောင်းနှင့် ယခုနှစ်အတွင်း ဘရာဇီးမှ အိန္ဒိယသို့ မတ်ပဲ တန်ချိန် ၂၀,၀၀၀ ခန့် တင်သွင်းဖွယ်ရှိ သည်ဟု တာဝန်ရှိသူတစ်ဦးက  ပြောကြားထားကြောင်း သိရှိရသည်။ 

အိန္ဒိယအစိုးရသည် ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် မတ်ပဲနှင့် ပဲစဉ်းငုံများ တင်သွင်းနိုင်ရန် ဘရာဇီး၊ အာဂျင်တီးနားနိုင်ငံတို့နှင့် ဆက်တိုက်ဆွေးနွေးလျက်ရှိကြောင်း၊ လက်ရှိ တွင် အိန္ဒိယသည် မတ်ပဲကို မြန်မာနိုင်ငံနှင့် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး၍ တင် သွင်းလျက်ရှိကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံ၏  ပြည်တွင်းလုံခြုံရေးဆိုင်ရာ အခြေအနေများ ကြောင့်   တင်သွင်းမှုဆိုင်ရာ အခက်အခဲတစ်ချို့ ရှိနေကြောင်း ဖော်ပြထားသည်။ 

ဘရာဇီးနှင့် အာဂျင်တီးနားတို့တွင် ပဲမျိုးစုံ ပြည်တွင်းစားသုံးမှုမှာနည်းပါးသော်လည်း ရာသီဥ တုအခြေအနေကိုက်ညီမှုကြောင့် မတ်ပဲနှင့် ပဲစဉ်းငုံတို့ကို စိုက်ပျိုးနိုင်သည့်အတွက် အိန္ဒိယနိုင်ငံသို့ တင်ပို့ရန်ရည်ရွယ်၍ စိုက်ပျိုးနိုင်ဖွယ်ရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။    

အိန္ဒိယနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် ပဲမျိုးစုံ တန်ချိန် ၂ဒသမ၉၈ သန်း တင်သွင်းခဲ့ရာ ပဲနီလေး တန် ချိန် ၁ ဒသမ ၅၁ သန်း၊ ပဲစဉ်းငုံ တန်ချိန် ၀ဒသမ၇၇ သန်း၊ မတ်ပဲတန်ချိန် ၀ဒသမ၅၉ သန်း တို့ကို  ဩစတေးလျ၊ ကနေဒါ၊ မြန်မာ၊ မိုဇမ်ဘစ်၊ တန်ဇန်းနီးယား၊ ဆူဒန်နှင့် မာလာဝီနိုင်ငံတို့မှ တင်သွင်းခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အစိုးရက အဓိက ပဲသုံးမျိုးဖြစ်သည့် ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲနီလေးတို့ကို သွင်းကုန်အခွန်မဲ့ စနစ် ဖြင့် ၂၀၂၅ ခုနှစ် မတ်အထိ တင်သွင်းခြင်းဆိုင်ရာ မူဝါဒတစ်ရပ်ကို ချမှတ်ထားသဖြင့်  တင်ပို့သည့် နိုင်ငံများရှိ တောင်သူများအနေဖြင့် ပဲမျိုးစုံကို ကြိုတင်စဉ်းစား စိုက်ပျိုးနိုင်မည်ဖြစ်ပါကြောင်း၊ လက် ရှိတွင် အိန္ဒိယနိုင်ငံသည် ပဲမျိုးစုံ တန်ချိန် ၂၈ သန်းခန့် ထုတ်လုပ်နေပြီး ပြည်တွင်းစားသုံးမှုအတွက် ဖူလုံမှုရှိပါကြောင်း၊  သို့ရာတွင် ပဲအမျိုးအစားအလိုက် ထုတ်လုပ်မှုနှင့် စားသုံးမှုအရ ပဲစင်းငုံ၊ မတ်ပဲ နှင့် ပဲနီလေး အမျိုးအစားများမှာ ဈေးကွက်အတွက် တင်သွင်းရန် လိုအပ်လျက်ရှိနေကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

အိန္ဒိယသည် ခုနှစ်၊ ပဲစင်းငုံလက်လီဈေးသည် တစ်ကီလိုလျှင် ရူပီး ၂၀၀ အထိ မြင့်တက်ခဲ့ သည့် ၂၀၁၆ ခုနှစ်တွင် နှစ်စဉ်တန်ချိန် ၂ သိန်း တင်သွင်းရန်အတွက် မိုဇမ်ဘစ်နှင့် နားလည်မှုစာချွန် လွှာကိုလက်မှတ်ရေးထိုးခဲ့ပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာတွင် ယင်းနားလည်မှုစာချွန်လွှာကို နောက်ထပ်ငါးနှစ် သက်တမ်းတိုးခဲ့သည်။

၂၀၂၁ ခုနှစ်တွင် အိန္ဒိယသည် မာလာဝီနိုင်ငံနှင့်  နှစ်စဉ် ပဲစင်းငုံတန်ချိန် ၅ သောင်းဖြင့် ငါးနှစ် တင်သွင်းရန် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။ ထို့အတူ  အိန္ဒိယသည် မြန်မာနိုင်ငံ နှင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးထားပြီး ပဲစင်းငုံ တန်ချိန် ၁ သိန်းနှင့် မတ်ပဲ ၂.၅ သိန်းကို ၂၀၂၆ ခုနှစ်အထိ တင်သွင်းရန် ကတိပြုထားသည်။

အိန္ဒိယနိုင်ငံတွင်ပဲမျိုးစုံဈေးနှုန်းကြီးမြင့်မှုသည် လွန်ခဲ့သည့်လများစွာကတည်းက ဆတိုးမြင့် တက်လျက်ရှိပြီး ယခင်လက ပဲစဉ်းငုံ ဈေးနှုန်းမှာ ၃၉ ရာခိုင်နှုန်း၊ ပဲတီစိမ်း ၁၂ဒသမ၆၂ ရာခိုင်နှုန်း၊ ကုလားပဲ ၁၃ဒသမ၆၅ ရာခိုင်နှုန်းနှင့် မတ်ပဲ ၁၃ဒသမ၇၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းနှင့် ၂၀၂၂-၂၀၂၃ သီးနှံနှစ်တွင် ပဲမျိုးစုံ တန်ချိန် စုစုပေါင်း ၂၆ ဒသမ ၀၅ သန်း စံချိန်တင်ထွက်ရှိခဲ့ပြီး ကုလားပဲ မှာ စုစုပေါင်းထွက် ရှိမှု၏ ၅၀ ရာခိုင်နှုန်းထိရှိခဲ့ကြောင်းနှင့် အိန္ဒိယနိုင်ငံသည်  ကုလားပဲနှင့် ပဲတီစိမ်း များထွက်ရှိမှုမှာ ပြည်တွင်းစားသုံးမှုအတွက် ဖူလုံမှုရှိကြောင်း သိရှိရပါသည်။ 

မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး 
နယူးဒေလီမြို့      

Source: India starts importing pulses from Brazil, Financial Express