စိုက်ပျိုးရေးထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၄)ဘီလီယံ နီးပါး ကမ္ဘောဒီးယားရရှိ

စိုက်ပျိုးရေးထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၄)ဘီလီယံ နီးပါး ကမ္ဘောဒီးယားရရှိ

           ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၃ ခုနှစ်၊ ပထမ (၁၁)လအတွင်း နိုင်ငံတကာဈေးကွက်များသို့ စိုက်ပျိုးရေးထွက်ကုန် တန်ချိန် (၇.၃)သန်းအထက် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၄)ဘီလီယံ နီးပါး ရရှိခဲ့ကြောင်း၊ နိုဝင်ဘာလအတွင်း ပို့ကုန်ပမာဏမှာ တန်ချိန်(၁)သန်းအထက်ရှိကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန အစီရင်ခံစာအရ သိရှိရသည်။
    ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ စိုက်ပျိုးရေးပို့ကုန် ပမာဏမှာ တန်ချိန် (၇,၃၁၄,၁၉၀)ခန့် ရှိသည်။ အဆိုပါ စိုက်ပျိုးရေးပို့ကုန်များတွင် ဆန် တန်ချိန် (၅၉၅,၆၃၀)၊ စပါး တန်ချိန် (၂,၄၉၇,၀၇၅) နှင့် စပါးမဟုတ်သော အခြားစိုက်ပျိုးရေးထွက်ကုန် တန်ချိန်(၄,၂၂၁,၄၈၅)တို့ ပါဝင်ပြီး နိုင်ငံပေါင်း (၇၅)နိုင်ငံနှင့် ဒေသအသီးသီးသို့ တင်ပို့ခဲ့သည်။ ၎င်းတင်ပို့မှု ပမာဏသည် (၂၀၂၂)ခုနှစ်၊ အလားတူကာလနှင့် နှိုင်းယှဉ်ပါက (၄.၆%)ခန့် လျော့နည်းသွားကြောင်း စိုက်ပျိုးရေး ဦးစီးဌာနမှ ဒီဇင်ဘာလ (၅)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ သိရှိရသည်။
    အဆိုပါတင်ပို့မှု စုစုပေါင်းမှ အမေရိကန်ဒေါ်လာ (၃.၉၀၉)ဘီလီယံခန့် ရရှိခဲ့ရာ ၎င်း တို့တွင် ဆန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၅၁၅.၂၂)သန်း၊ စပါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၈၄၀.၂၈)သန်း နှင့် စပါးမဟုတ်သော အခြားစိုက်ပျိုးရေးထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၂.၅၅၄)ဘီလီယံခန့်တို့ပါဝင်သည်။
    တင်ပို့မှုပမာဏ အနည်းငယ်ကျဆင်းရသည့် အကြောင်းအရင်းများမှာ ကမ္ဘာလုံး ဆိုင်ရာ ကုန်သွယ်ရေးစီးဆင်းမှုများကို ထိခိုက်စေသော ပထဝီဝင်နိုင်ငံရေးဆိုင်ရာ ပဋိပက္ခများ နှင့် စစ်ပွဲများ၊ နိုင်ငံအတွင်း စပါးကုန်ကျစရိတ်မြင့်မားခြင်းနှင့် ပို့ကုန်များတင်ပို့ရာတွင် မမျှော်လင့်သော ကုန်ကျ စရိတ်များကြောင့်ဖြစ်ကြောင်း ဌာနက သုံးသပ်တင်ပြခဲ့သည်။
    ပြည်တွင်းထွက်ကုန်များအတွက် အထောက်အပံ့များရရှိစေရန် စိုက်ပျိုးရေးထွက်ကုန် တင်ပို့မှုစွမ်းဆောင်ရည်များ မြင့်တင်ရန် လိုအပ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဘေးကင်းလုံခြုံ စိတ်ချရသော ငါး၊ အသားနှင့် ဟင်းသီးဟင်းရွက်အဖွဲ့အစည်း (CSFMVA) ၏ ဒုတိယဥက္ကဌဖြစ်သူ Sok Yorn က နိုဝင်ဘာလ (၅)ရက်နေ့တွင် ပြောကြားခဲ့သည်။
    ဟင်းသီးဟင်းရွက်ကဲ့သို့သော စိုက်ပျိုးရေးထွက်ကုန်များ၏ ပြည်တွင်းဈေးနှုန်းများ မြင့်တက် နေသောကြောင့် လက်ရှိတွင် အိမ်နီးချင်းနိုင်ငံများမှ သွင်းကုန်များအပေါ် မှီခိုအားထား နေရကြောင်း၊ သွင်းကုန်များအပေါ် ခိုင်မာသော အရည်အသွေးထိန်းချုပ်မှုနည်းလမ်းများ လိုအပ်ပြီး ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်ရန် တောင်သူများအား မက်လုံးများပေးရန်လည်း လိုအပ်ကြောင်း Yorn က အလေးထားပြောကြားခဲ့ပါသည်။
    ပြည်တွင်းထွက်ကုန်များကို အထောက်အပံ့ပေးခြင်းသည် စိုက်ပျိုးထုတ်လုပ်မှု မြင့်တက် လာစေပြီး ပို့ကုန်တင်ပို့မှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း Yorn က ဆက်လက်ပြောကြားခဲ့သည်။
    စိုက်ပျိုးရေးကဏ္ဍ တိုးတက်မြင့်မားစေရန် ကမ္ဘောဒီးယားအစိုးရသည် ပြည်သူ့လုပ်ငန်း နှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနအား စိုက်ပျိုးရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ရပ်ရွာများတွင် တာဝန်ထမ်းဆောင်ရန်အတွက် စိုက်ပျိုးရေးအရာရှိများ ခေါ်ယူသည့် စာမေးပွဲများ လုပ်ဆောင်ရန် မကြာသေးမီက တရားဝင်ခွင့်ပြုခဲ့သည်။
    တော်ဝင်အုပ်ချုပ်ရေးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် “ကျေးရွာစိုက်ပျိုးရေးအရာရှိသစ် ခေါ်ယူမှုယှဉ်ပြိုင်ပွဲ-၂၀၂၃” သည် ဆန်စပါးစိုက်ပျိုးထုတ်လုပ်ခြင်းအတွက် ပြည်နယ်အချို့ရှိ ရပ်ရွာ (၂၅၀)တွင် တာဝန်ထမ်းဆောင်ရန် ခန့်အပ်မည့်  ဝန်ထမ်းဦးရေ (၂၅၀)အတွက် ပထမအကြိမ် ခေါ် ယူခြင်းဖြစ်ကြောင်း ဒီဇင်ဘာလ (၄)ရက်နေ့တွင် ကျင်းပသည့်ညီလာခံတွင်  စိုက်ပျိုးရေးဝန်ကြီး Dith Tina က ထုတ်ဖော်ပြောကြားခဲ့သည်။ အဆိုပါအစီအစဉ်အရ (၂၀၂၄)ခုနှစ်တွင် လူဦးရေ (၈၀၀) နှင့် (၂၀၂၅) ခုနှစ်တွင် ထပ်မံ၍ လူဦးရေ (၅၅၀)ဦး ခေါ်ယူခန့်အပ်သွားရန် စီစဉ်ထားရှိလျက် ရှိကြောင်း သိရှိရသည်။
                   

နွေးနွေးအောင်

 

https://www. phnompenhpost.com