အမေရိကန်၏ အခွန်နှုန်းသက်ရောက်မှုကို လျှော့ချနိုင်ရန်အတွက် စားအုန်းဆီတင်ပို့မှုအပေါ် ကောက်ခံသည့် ပို့ကုန်အခွန်လျှော့ချရန် အင်ဒိုနီးရှားစားအုန်းဆီ ထုတ်လုပ်သူများအသင်းက အဆိုပြု

အမေရိကန်၏ အခွန်နှုန်းသက်ရောက်မှုကို လျှော့ချနိုင်ရန်အတွက် စားအုန်းဆီတင်ပို့မှုအပေါ် ကောက်ခံသည့် ပို့ကုန်အခွန်လျှော့ချရန် အင်ဒိုနီးရှားစားအုန်းဆီ ထုတ်လုပ်သူများအသင်းက အဆိုပြု

အင်ဒိုနီးရှားစားအုန်းဆီထုတ်လုပ် သူများအသင်းက အမေရိကန်သမ္မတ၏ အပြန်အလှန် ကုန်သွယ်ခွန်နှုန်းထားတိုးမြင့်မှု၏ သက်ရောက်မှုကို လျှော့ချနိုင်မည့် နည်းလမ်းအနေဖြင့်လည်းကောင်း၊ အမေရိကန်ဈေးကွက်တွင် အင်ဒိုနီးရှား ဆီအုန်းထုတ်ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက်လည်းကောင်း စားအုန်းဆီတင်ပို့မှုအပေါ် ကောက်ခံသည့် ပို့ကုန်အခွန်လျှော့ချရန်အတွက် အင်ဒိုနီးရှားအစိုးရသို့တောင်းဆိုထားသည်ဟု သိရသည်။

အင်ဒိုနီးရှားစားအုန်းဆီအသင်း ဥက္ကဋ္ဌ Eddy Martono က “မလေးရှားနိုင်ငံ၏ စားအုန်းဆီ တင်ပို့မှုအတွက် ပို့ကုန်အခွန်နှုန်းထားမှာ ၂၄ ရာခိုင်နှုန်းဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ ၏ ပို့ကုန်အခွန်နှုန်းထားမှာ ၃၄ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ထို့ကြောင့် အမေရိကန်နိုင်ငံ၏ ပို့ကုန်အခွန်နှုန်းအသစ်ကြောင့် အမေရိကန်ဈေးကွက် တွင် အင်ဒိုနီးရှားနိုင်ငံ၏ ဈေးကွက်ဝေစုလျော့နည်းလာသည့်အချိန်တွင် မလေးရှားနိုင်ငံသည် ၎င်း၏ ပို့ကုန်တင်ပို့မှုကို တိုးမြှင့်ရန် အလားအလာရှိကြောင်း၊ အင်ဒိုနီးရှားနိုင်ငံ ၏ စားအုန်းဆီတင်ပို့မှုမှာ ပြည်တွင်းဈေးကွက် သဘောတူညီမှု၊ ပို့ကုန်စည်းကြပ်ခြင်း၊ ပို့ကုန်အခွန် စသည့်အချက် ၃ ချက်ကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း၊ အဆိုပါဝန်ထုပ်ဝန်ပိုးကြောင့် မက်ထရစ်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၂၁ နီးပါးကျသင့်ပြီး မလေးရှားနိုင်ငံက ၎င်း၏ မူဝါဒ အရ မက်ထရစ်တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၁၄၀ သာကျသင့်ကြောင်း” ပြောကြားခဲ့ပါသည်။ 

“အမေရိကန်ဈေးကွက်တွင် အင်ဒိုနီးရှား၏ ဈေးကွက်ဝေစုမှာ ၈၉ ရာခိုင်နှုန်းရှိကြောင်း၊ လွန်ခဲ့သည့် ၅ နှစ်အတွင်း အမေရိကန်နိုင်ငံသို့ စားအုန်းဆီတင်ပို့မှုမှာ သိသိသာသာတိုးတက်ခဲ့ ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် တန်ချိန် ၁ ဒသမ ၅ သန်း၊ ၂၀၂၃ ခုနှစ်တွင် တန်ချိန် ၂ ဒသမ ၅ သန်းနှင့် ၂၀၂၄ ခုနှစ် တွင် တန်ချိန် ၂ ဒသမ ၂ သန်း တင်ပို့နိုင်ခဲ့ကြောင်း၊ အင်ဒိုနီးရှားစားအုန်း ဆီအသင်းအနေဖြင့် အစိုးရထံသို့ အမေရိကန်နိုင်ငံသို့ တင်ပို့သည့် စားအုန်းဆီအပေါ် ကောက်ခံသည့် ပို့ကုန်အခွန်လျှော့ချရန် အဆိုပြု ထားကြောင်း၊ အမေရိကန်ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိစေရေး အထူးကိစ္စရပ်ဖြစ် ကြောင်း” အင်ဒိုနီးရှားစားအုန်းဆီအသင်း ဥက္ကဋ္ဌ Eddy Martono က ပြောကြားခဲ့ပါသည်။ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ စီးပွား ရေးပူးပေါင်းဆောင်ရွက်မှုဝန်ကြီး Airlangga Hartarto က ဆောင်ရွက်ရန် ဖြစ်နိုင်ခြေရှိကြောင်း၊ ထည့်သွင်းစဉ်းစားသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

အင်ဒိုနီးရှားစားအုန်းဆီအသင်း ဥက္ကဋ္ဌ Eddy Martono က “အပြန်အလှန်ကုန်သွယ်ခွန် နှုန်းထား မြင့်မှုသည် အင်ဒိုနီးရှားစားအုန်းဆီတင်ပို့မှုအပေါ် ဆိုးကျိုးသက်ရောက်စေကြောင်း၊ အစိုးရ အနေဖြင့် စားအုန်းဆီအပေါ် ချမှတ်ထားသည့် ပို့ကုန်အခွန်ကို လျှော့ချပေးရန်နှင့် အမေရိကန် ဈေးကွက်တွင် အင်ဒိုနီးရှား၏ ဈေးကွက်ဝေစုဆက်လက်တည်မြဲနေရေး ဆောင်ရွက်ပေးမည်ဟု မျှော် လင့်ကြောင်း၊ ထိုသို့မဟုတ်ပါက မလေးရှားနိုင်ငံနှင့် လက်တင်အမေရိကဒေသမှ အခြားနိုင်ငံများက အင်ဒိုနီးရှားဈေးကွက်တွင် နေရာယူသွားမည်ဖြစ်ကြောင်း၊ မလေးရှားနိုင်ငံသည် ကလေးအလုပ်သမားပြဿနာနှင့်ရင်ဆိုင်နေရသော် လည်း သွင်းကုန်အပေါ် အခွန်ကောက်ခံမှုမှာ ၂၄ ရာခိုင်နှုန်း ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံထက်နည်းကြောင်း၊ အစိုးရအနေဖြင့် ကုန်သွယ်ခွန်နှုန်းထားမြင့်တက်မှုကို ဖြေရှင်းနိုင်မည်ဖြစ်ပြီး အမေရိကန်ဈေးကွက်တွင် အင်ဒိုနီးရှားကုန်စည်များ၏ ယှဉ်ပြိုင်နိုင်စွမ်းရှိစေ ရေးကို ဆောင်ရွက်ပေးနိုင်မည်ဟု ယူဆကြောင်း” ပြောကြားသည်။

စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဝန်ကြီး Airlangga Hartarto က သမ္မတ Prabowo Subianto က လုပ်ထုံးလုပ်နည်းပိုင်းလျှော့ချရေး အထူးသဖြင့် အကောက်ခွန်မဟုတ်သည့် လုပ်ထုံး လုပ်နည်းများလျှော့ချရေး လမ်းညွှန်ထားကြောင်း၊ အစိုးရအနေဖြင့် အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံး (United States Trade Representative – USTR)၊ အမေရိကန်ကုန်သွယ်ရေးအဖွဲ့ (USA Chamber of Commerce)  တို့နှင့် အစည်းအဝေးများ ပြုလုပ်၍ အမေရိကန်နိုင်ငံနှင့် ညှိနှိုင်းမှုများဆောင်ရွက်လျက်ရှိကြောင်း၊ သံတမန် နည်းလမ်းနှင့် စေ့စပ်ညှိနှိုင်းရေးနည်းလမ်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မူဘောင် (Trade and Investment Framework Agreement - TIFA) တွင် ဘဏ္ဍာရေးကဏ္ဍ ကိစ္စရပ်ကို ထည့်သွင်း၍ ဆောင်ရွက်မည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိစေရေးအတွက် ပြည်တွင်းလုပ်ထုံးလုပ်နည်းများကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် စဉ်းစားလျက်ရှိကြောင်း သုံးသပ်ရပါသည်။ 

သွယ်သွယ်ဆုတင်

Indonesian Palm Oil Association