ဒူးရင်းဝယ်လိုအားကြောင့် ထိုင်းနိုင်ငံ၏ သစ်သီးဝလံတင်ပို့မှု အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံအထိရှိလာခဲ့

ဒူးရင်းဝယ်လိုအားကြောင့် ထိုင်းနိုင်ငံ၏ သစ်သီးဝလံတင်ပို့မှု အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံအထိရှိလာခဲ့

ယခင်နှစ်က ဒူးရင်းတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၉ ဘီလီယံကျော်ရှိပြီး ထိုင်း နိုင်ငံ၏ ထိပ်တန်းလယ်ယာထွက်ကုန်ဖြစ်ခဲ့ကြောင်း ကုန်သွယ်မှုမူဝါဒနှင့် မဟာ ဗျူဟာရုံး (TPSO) မှ သိရှိရသည်။ TPSO ၏ ညွှန်ကြားရေးမှူးချုပ် Poonpong Naiyanapakorn က ထိုင်းဒူးရင်းသီး၏ အရည်အသွေးနှင့် ထူးခြားသော အရသာများကြောင့် ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအား ကြီးထွားမှုနှင့် ယခုကဲ့သို့ အောင်မြင်ရခြင်းဖြစ်သည်ဟု ယူဆကြောင်း ပြောကြားသည်။

၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ စုစုပေါင်းသစ်သီးတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၆ ဒသမ ၅၁ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ငါးနှစ်တာ ပျမ်းမျှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၈၆ ဘီလီယံကို ကျော်လွန်ကာ လယ်ယာထွက်ကုန် စုစုပေါင်း၏ ၂၂ ဒသမ ၆ ရာခိုင်နှုန်းရှိသည်။ လတ်ဆတ် သောသစ်သီးများ တစ်ခုတည်းကပင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၁၅ ဘီလီယံရရှိပြီး ဒူးရင်းသီး၊ လောင်ဂန်သီး၊ မင်းကွတ်သီး၊ အုန်းသီးနုနှင့် သရက်သီးတို့ကို အဓိက တင်ပို့ရောင်းချခဲ့သည်။

ထိုင်းနိုင်ငံသည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၆ ဘီလီယံတန်ဖိုးရှိ ဒူးရင်းတန်ချိန် ၈၅၉၁၈၃ တန် တင်ပို့ခဲ့ပြီး စုစုပေါင်းသစ်သီးတင်ပို့မှုတန်ဖိုး၏ ၇၂ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့ပါသည်။ တရုတ်နိုင်ငံသည် အဆိုပါ တင်ပို့ရောင်းချမှု၏ ၉၇ ဒသမ ၄ ရာခိုင်နှုန်းကို လက်ခံရရှိထားပြီး ဟောင်ကောင်၊ တောင်ကိုရီးယား၊ မလေးရှားနှင့် အမေရိကန်တို့ကိုလည်း တင်ပို့သည်။

လောင်ဂန်သီးတင်ပို့မှုသည် စုစုပေါင်း ၅၂၇၉၂၇ တန်ရှိပြီး အမေရိကန်ဒေါ်လာ ၅၇၁ သန်း ရရှိကာ တရုတ်နိုင်ငံသို့ တင်ပို့မှု၏ ၇၃ ဒသမ ၁ ရာခိုင်နှုန်း ရှိသည်။ အခြားဈေး ကွက်များဖြစ်သည့် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှားနှင့် အိန္ဒိယတို့လည်း ပါဝင်ပါသည်။ မင်းကွတ်သီးတင်ပို့မှုမှာ တန်ချိန် ၂၈၄,၈၆၀ ရှိပြီး အမေရိကန်ဒေါ်လာ ၄၉၁ သန်းရှိခဲ့ပြီး ၉၁ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပြီး ဗီယက်နမ်၊ တောင်ကိုရီးယား၊ အမေရိကန်နှင့် ယူအေအီးတို့ကိုလည်း တင်ပို့ခဲ့ပါသည်။

ထိုင်းနိုင်ငံသည် အမေရိကန်ဒေါ်လာ ၂၁၇ သန်းတန်ဖိုးရှိ အုန်းသီးနုတန်ချိန် ၂၅၇,၄၂၈ တန် တင်ပို့ခဲ့ပြီးအဓိကနိုင်ငံများဖြစ်သော တရုတ် နိုင်ငံ ၈၂ ဒသမ ၇ ရာခိုင်နှုန်း၊ အမေရိကန်၊ ဟောင်ကောင်၊ စင်ကာပူနှင့် နယ်သာလန်တို့ ပါဝင်သည်။ သရက်သီးတင်ပို့မှု ပမာဏမှာ ၁၀၆၇၅၃ တန်ရှိပြီး အမေရိကန် ဒေါ်လာ ၃၃ သန်းတန်ဖိုးရှိကာ တောင်ကိုရီးယားက ၆၁ ဒသမ ၈ ရာခိုင်နှုန်းဖြင့် ဦးဆောင်ကာ မလေးရှား၊ ဂျပန်၊ ဗီယက်နမ်နှင့် လာအိုတို့ကိုလည်း တင်ပို့ခဲ့သည်။

လတ်ဆတ်သော သစ်သီးဝလံတင်ပို့မှုအတွက် ထိုင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံအပေါ် မှီခိုနေရ ကြောင်း မစ္စတာ Poonpong က ပြောကြားခဲ့ပြီး အထူးသဖြင့် ဒူးရင်းသီးအတွက် ပြိုင်ဆိုင်မှု တိုးလာခြင်းနှင့်ပတ်သက် ၍ စိုးရိမ်မှုများမြင့်တက်လာကြောင်း ပြောကြားသည်။ ၂၀၂၃ ခုနှစ် ကတည်းက တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံသာမက ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် မလေးရှားနိုင်ငံတို့မှ ဒူးရင်းတင်သွင်းမှုကို ခွင့်ပြုခဲ့ပြီး သွင်းကုန်စည်းမျဉ်းများ တင်းကြပ်ခဲ့သည်။

ပြိုင်ဆိုင်မှုများကို ရင်ဆိုင်ရန် ထိုင်းနိုင်ငံသည် အမေရိကန်၊ ဂျာမနီ၊ နယ်သာလန်နှင့် အင်္ဂလန်ကဲ့သို့သော ဈေးကွက်ဒေသ အသစ်များကို ပစ်မှတ်ထားပြီး ၎င်း၏ ပို့ကုန်ဈေးကွက်များကို ဖြန့်ကြက်ရန် ရည်ရွယ်ကြောင်း၊ ဤမဟာဗျူဟာသည် တရုတ်နိုင်ငံအပေါ် မှီခိုအား ထားမှုကို လျှော့ချရန်နှင့် အလား အလာရှိသော စျေးကွက်ဖိအားများကို ကူညီရန် ရည်ရွယ်ထားကြောင်း မစ္စတာ Poonpong မှ ပြောကြားခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနသည် စျေးကွက်သစ်များဝင်ရောက်ရန်၊ တန်ဖိုး မြှင့်စိုက်ပျိုးရေးလုပ်ငန်းစဉ်များကို ပံ့ပိုးကူညီခြင်းဖြင့် ပို့ကုန်များအား ကောင်းလာစေရန်၊ ထုတ်လုပ်မှုကို စီမံခန့်ခွဲရန်နှင့် စျေးကွက်တည်ငြိမ်မှုကို ထိန်းသိမ်းရန် မဟာဗျူဟာများ ပြင်ဆင် နေကြောင်း သိရှိရသည်။

ဟေမာန်အောင်မင်း

https://www.freshplaza.com/north-america/article/9712980/thailand-s -fruit-exports-hit-6-5-billion-driven-by-durian-demand/