မန္တလေးဈေးကွက်အခြေအနေ(၇-၁၂-၂၀၂၃)

ဆန်နှင့်ဆီ
မန္တလေး ကိုင်းတန်းဈေး ဆန်ပွဲရုံများတွင် ဆန်ဈေးနှုန်းအနေဖြင့် ရွှေဘိုပေါ်ဆန်းမှာ အသစ်မဝင်သေးခြင်း ၊ လက်ကျန်နည်း ပစ္စည်းရှားခြင်းကြောင့် တစ်အိတ် ၁၅၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားပြီး ရန်ကုန်ပေါ်ဆန်းမှာ အသစ်ဝင်ရောက်မှုအနည်းငယ်ရှိသော်လည်း အဝင်နည်းသေးခြင်း ၊ မြို့တွင်းသုံးပုံမှန်ရှိခြင်း ၊ မန္တလေးအနီး ဝန်းကျင်မှ ဝယ်ယူမှုရှိခြင်းကြောင့် တစ်အိတ် ၁၂၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
မနောသုခဆန်မှာ အသစ်ဝင်ရောက်မှုများလာခြင်း ၊ အဟောင်း လက်ကျန် နည်းသွားခြင်းကြောင့် တစ်အိတ် ၇၂၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ငစိန်ဆန်မှာ အသစ်ဝင်ရောက်မှုရှိသော်လည်း လုပ်ငန်းသမားအဝယ်ပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၆၈၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ဇီယာဆန်မှာလည်း အဝင်ပုံမှန် ၊ စားသုံးမှုပုံမှန်ဖြင့် တစ်အိတ် ၈၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ဧရာမင်းဆန်မှာ အသစ်စတင်ဝင်ရောက်သော်လည်း အဟောင်းကိုသာ ဝယ်ယူမှုများခြင်းကြောင့် တစ်အိတ် ၁၃၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ဆန်မျိုးစုံအား ဗန်းမော် ၊ ရွှေကူနှင့် အမှာရှိသော မန္တလေးဝန်းကျင်သို့ တင်ပို့မှုရှိသည်။
ဆီဈေးနှုန်းအနေဖြင့် မိုးမြေပဲဝင်ချိန်ဖြစ်၍ မြေပဲ(ဆီဆံ) ဈေးနိမ့်ခြင်းကြောင့် ပဲဆီ တစ်ပိဿာ ၁၃၀၀၀ ကျပ် မှ ၁၂၀၀၀ ကျပ် သို့ ဈေးနိမ့်နေပြီး နှမ်းဆီ တစ်ပိဿာ ၁၂၅၀၀ ကျပ် ၊ နေကြာဆီ တစ်ပိဿာ ၁၃၀၀၀ ကျပ် ၊ ပဲပုတ်ဆီ ၇၀၀၀ ကျပ် ၊ မုန်ညှင်းဆီ ၁၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ဆီထွက်သီးနှံ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများအနက် မြေပဲ(လုံးဆံ/ဆီဆံ)ဈေးနှုန်းမှာ မိုးမြေပဲများ အဝင်နည်းသွားခြင်း ၊ ဆောင်းမြေပဲစိုက်ချိန် ဖြစ်ခြင်းကြောင့် အရည်အသွေးအကောင်းဆုံး မြေပဲ(လုံးဆံ) ၁၀၀ ပိဿာ ၅၈၀၀၀၀ ကျပ် မှ ၆၀၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားပြီး မြေပဲ(ဆီဆံ)မှာလည်း ၅၃၀၀၀၀ ကျပ်မှ ၅၅၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
နှမ်းမျိုးစုံဈေးနှုန်းအနေဖြင့် နှမ်းဖြူမှာ တရုတ်ဝယ်လက်နည်းခြင်း ၊ လက်ကျန်များပြီး ဆောင်းနှမ်းဝင်ချိန်နီးခြင်းကြောင့် ၄၅ ပိဿာ ၃၆၀၀၀၀ ကျပ် မှ ၃၁၅၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။နှမ်းညိုမှာ ဆီစက်သမား ဝယ်ယူမှုပုံမှန်ရှိခြင်းကြောင့် ၂၈၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး နှမ်းနက်မှာ အရောင်းအဝယ်အေးပြီး ဈေးနှုန်းမထွက်နိုင်ဘဲ ယခင်အပတ်အတိုင်း ၄၅ ပိဿာ ၂၇၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။နှမ်းနီ ၄၅ပိဿာ ၃၀၅၀၀၀ ကျပ် ၊ နှမ်းဝါ ၂၉၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ပန်းနှမ်းဈေးနှုန်းအနေဖြင့် စိုက်ပျိုးထားဆဲကာလဖြစ်၍ ပစ္စည်းရှားသော်လည်း ယခုတစ်ပတ်လုံး အရောင်းအဝယ်ဖြစ်မှုမရှိခြင်းကြောင့် ၄၅ပိဿာ ၂၀၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
နေကြာဈေးနှုန်းအနေဖြင့် ဆီစက်သမား အဝယ်နည်းခြင်းကြောင့် မိုးနှင့်ဆောင်းကြား စပ်ကူး ၊ မတ်ကူးကာလဖြစ်သော်လည်း အရည်အသွေးအကောင်းဆုံး ၂၇ ပိဿာ ၁၃၅၀၀၀ ကျပ် ၊ အနိမ့်ဆုံး ၁၂၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
စားဖိုဆောင်သီးနှံ
မန္တလေး ကိုင်းတန်းဈေး ကြက်သွန်ပွဲရုံများတွင် မြစ်သား ကြက်သွန်နီများ စတင်ဝင်ရောက်ပြီး တစ်ပိဿာ ၃၃၀၀ ကျပ် ၊ မုံရွာ ၊ ထီးဆောင်း ၊ ကြီး တစ်ပိဿာ ၃၅၀၀ ကျပ် ၊ လတ် တစ်ပိဿာ ၃၃၀၀ ကျပ် မှ ၃၂၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး ကြက်သွန်နီ(သေး)မှာ အဝင်များခြင်း ၊ မြို့တွင်းစားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ ၂၇၀၀ ကျပ် မှ ၂၅၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။
ကြက်သွန်ဖြူ(တရုတ်)မှာ အဝင်ပုံမှန်ရှိခြင်း ၊ မြို့တွင်းသုံးဝယ်ယူမှုပုံမှန်ရှိခြင်း ၊ နယ်ဝေးတင်ပို့ရမှုနည်းခြင်းကြောင့် တစ်ပိဿာ ၁၂၀၀၀ ကျပ် မှ ၁၁၀၀၀ ကျပ် သို့ ဈေးနိမ့်သွားသည်။ကြက်သွန်ဖြူ(ရှမ်း)မှာ အဝင်ပုံမှန် ၊ စားသုံးမှုပုံမှန်ရှိခြင်းကြောင့် အရည်အသွေး အညံ့ဆုံး တစ်ပိဿာ ၉၀၀၀ ကျပ် မှ အကောင်းဆုံး ၁၂၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
အာလူးဈေးနှုန်းအနေဖြင့် အောင်ပန်းအာလူးများ အဝင်များခြင်း ၊ မြို့တွင်းစားသုံးမှုသာရှိခြင်းကြောင့် တရုတ်အာလူးများ တစ်ပိဿာ ၃၅၀၀ ကျပ် မှ ၃၀၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး အောင်ပန်းအာလူးမှာ ယခုအပတ် အရည်အသွေး အနည်းငယ်နိမ့်သဖြင့် တစ်ပိဿာ ၃၀၀၀ ကျပ် မှ ၂၈၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။
ချင်းဈေးနှုန်းအနေဖြင့် ပြည်ပပို့ရန် အဝယ်မရှိခြင်းကြောင့် ပင်ရင်းဈေးနိမ့်ခြင်း ၊ နယ်ဝေးတင်ပို့ရမှုနည်းပြီး မြို့တွင်းသုံးသာရှိခြင်းကြောင့် တစ်ပိဿာ ၃၅၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။
ပဲမျိုးစုံ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်ကထိန်တော်အသင်းတွင် ပဲမျိုးစုံဈေးနှုန်းအနေဖြင့် မတ်ပဲဈေးနှုန်းမှာ အဟောင်းလက်ျန်နည်းခြင်း ၊ ရန်ကုန်ဝယ်လက်အနည်းငယ်ရှိခြင်းကြောင့် ၆၀ ပိဿာ ၂၆၀၀၀၀ ကျပ် မှ ၂၈၅၀၀၀ ကျပ်သို့ ဈေးမြင့်လာပြီး ရေသွင်းပဲအသစ်များမှာ အရည်အသွေးအကောင်းဆုံး ၆၀ ပိဿာ ၂၃၀၀၀၀ ကျပ်ဖြင့် ရောင်းဝယ်မှုရှိသည်။
ပဲတီစိမ်း(အညာ) မိုးပဲအဝင်နည်းခြင်း ၊ ဆောင်းပဲစိုက်ပျိုးစဖြစ်ခြင်း ၊ တရုတ်ဝယ်လက်နည်းပြီး ရန်ကုန်အဝယ် အနည်းငယ်သာရှိခြင်းကြောင့် ၃ တင်း တစ်အိတ် အရည်အသွေးပေါ်မူတည်၍ ၁၂၅၀၀၀ ကျပ် မှ ၁၅၀၀၀၀ ကျပ် ဈေးအသီးသီးဖြင့် ရောင်းဝယ်နေသည်။
ပဲစဉ်းငုံ(ဖြူ/နီ)မှာ စိုက်ပျိုးစကာလဖြစ်၍ ပစ္စည်းရှားပြီး တစ်ပတ်လုံး အရောင်းအဝယ်ဖြစ်မှုမရှိခြင်းကြောင့် ပဲစဉ်းငုံ(ဖြူ) ၆၀ ပိဿာ ၃၀၀၀၀၀ ကျပ် ၊ ပဲစဉ်းငုံ(နီ) ၃၆၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ပဲပုတ်(ရှမ်း/မြန်မာ)တို့မှာ အဝင်ပုံမှန် ၊ ဆီစက်သမား ၊ ပဲပြား ၊ ပဲပုတ်လုပ်ငန်းသမားများ အဝယ်ပုံမှန်ရှိခြင်းကြောင့် ၃ တင်းတစ်အိတ် ပဲပုတ်(မြန်မာ) ၁၉၅၀၀၀ ကျပ် ၊ ပဲပုတ်(ရှမ်း)မှာ ပဲအရည်အသွေးပေါ်မူတည်၍ ၁၇၀၀၀၀ ကျပ် မှ ၁၈၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ကုလားပဲ ဈေးနှုန်းများအနေဖြင့် ခွဲစက်များနှင့် လုပ်ငန်းသမား အဝယ်နည်းခြင်း ၊ စိုက်ပျိုးစကာလဖြစ်၍ ပစ္စည်းရှားခြင်းကြောင့် အရောင်းအဝယ်အေးသော်လည်း ကုလားပဲ(ကုဖြူကြီး) ၃တင်းတစ်အိတ် ၂၇၀၀၀၀ ကျပ် ၊ လုံးဝါကြီး ၂၅၆၀၀၀ ကျပ် ၊ ခွဲခြမ်း တစ်ပိဿာ ၆၁၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ပဲယင်း ၊ မြေတောက်ပဲ ၊ ပဲလွန်းဖြူ ၊ ပဲလွန်းပြာ တို့မှာ လက်လီသမား အဝယ်နည်းသော်လည်း စိုက်ပျိုးထားဆဲကာလဖြစ်၍ ပစ္စည်းကောင်းရှားခြင်းကြောင့် ပဲယင်း ၆၀ ပိဿာ ၁၄၅၀၀၀ ကျပ် ၊ မြေတောက်ပဲ ၃၃၀၀၀၀ ကျပ် ၊ ပဲလွန်းဖြူ ၁၇၀၀၀၀ ကျပ် ၊ ပဲလွန်းပြာ ၁၈၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ပဲကြီး (ကြီး/သေး) ၊ ထောပတ်ပဲ(ကြီး/သေး) တို့မှာ မိုးပဲ နှင့် ဆောင်းပဲ စပ်ကူးမတ်ကူးကာလဖြစ်ခြင်း ၊ ပြည်ပဝယ်လက်နည်းခြင်းကြောင့် လုပ်ငန်သမားဝယ်ယူမှုသာရှိသဖြင့် ပဲကြီး(ကြီး) အရည်အသွေးအကောင်းဆုံး ၄၁၀၀၀၀ ကျပ် ၊ ပဲကြီး(သေး) ၃၇၀၀၀၀ ကျပ် ၊ ထောပတ်ပဲ(ကြီး) ၄၃၀၀၀၀ ကျပ် ၊ ထောပတ်ပဲ(သေး) ၃၇၀၀၀၀ ကျပ် အမြင့်ဈေးဖြင့် ဈေးတည်ငြိမ်နေသည်။
စားတော်ပဲ(ကျွန်း)မှာ စိုက်ပျိုးထားဆဲ ကာလဖြစ်၍ ပစ္စည်းရှားခြင်း ၊ လက်လီသမား အ
ဝယ်ပုံမှန်ရှိခြင်း ၊ စားတော်ပဲ(ကနေဒါ ၊ ယူကရိန်း)များလည်း အဝင်ရှိခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ၃၁၀၀၀၀ ကျပ် မှ ၃၃၀၀၀၀ ကျပ် သို့ ဈေးမြင့်သွားသည်။
ဂျုံနှင့်အစေ့ထုတ်ပြောင်း
မန္တလေး ပွဲစားကုန်သည်စက်ပိုင်ကထိန်တော်အသင်းတွင် ဂျုံဈေးနှုန်းအနေဖြင့် စိုက်ပျိုးထားဆဲကာလဖြစ်ခြင်း ၊ ပစ္စည်းရှားခြင်း ၊ ဂျုံစက်များ ဝယ်ယူမှုနည်းခြင်းကြောင့် ငါန်းဇွန် ၊ မြင်းမူ ၊ မြောင် ၊ဆားတောင် ၊ ဘုတလင် ၊ မုံရွာဂျုံများမှာ ၆၀ ပိဿာ တစ်အိတ် ၁၈၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ရှမ်းဂျုံမှာ ဂျုံမှုန့်သား အထွက်နည်း ၊ လူကြိုက်နည်းခြင်းကြောင့် လုပ်ငန်းသမား အဝယ်နည်းခြင်းကြောင့် ပစ္စည်းရှားသော်လည်း ၆၀ ပိဿာ ၁၈၀၀၀၀ ကျပ် မှ ၁၇၅၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ပြည်ပဂျုံဖြစ်သော ဩစတြေးလျဂျုံမှုန့် တစ်ပိဿာ ၃၃၀၀ ကျပ် ၊ ဂျုံဖွဲတစ်ပိဿာ ၁၃၅၀ ကျပ် မှ ၁၅၀၀ ကျပ်ထိ ဈေးမြင့်လာသည်။
အစေ့ထုတ်ပြောင်းဈေးနှုန်းအနေဖြင့် မိုးပြောင်း အဝင်နည်းသေးခြင်း ၊ မြို့တွင်းအစာစပ်သမား အဝယ်သာရှိခြင်းကြောင့် တစ်အိတ် ၅၂၅၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ဟင်းသီး/ရွက်နှင့်သစ်သီးဝလံ
မန္တလေး ကိုင်းတန်းဈေးတွင် ငရုတ်စို(ရှည်နှင့်လတ်)မှာ တပ်ကုန်းဘက်မှ ရာသီကုန်ဖြစ်ပြီး မုံရွာ ၊ ချောင်းဦး မှ စတင်ဝင်ရောက်လာခြင်း ၊ မြို့တွင်းလုပ်ငန်းသမား ၊လက်ဖက် ၊ ငပိထောင်းသမား အဝယ်သာရှိပြီး နယ်ဝေးတင်ပို့ရမှုနည်းခြင်းကြောင့် ငရုတ်စို(ရှည်) တစ်ပိဿာ ၂၅၀၀ ကျပ် ၊ ငရုတ်စို(လတ်) ၃၅၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။
ဆောင်းကာလဖြစ်၍ ပြင်ဦးလွင်မှ ပန်းမုံလာ ၊ ဂေါ်ဖီများ အဝင်များလာခြင်းကြောင့် ပန်းမုံလာတစ်ပွင့် ၆၀၀ ကျပ် ၊ ဂေါ်ဖီထုတ် တစ်ထုတ် ၆၀၀ ကျပ် ၊ မုံလာဥနီ တစ်ပိဿာ ၁၆၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။
သစ်သီးဝလံဈေးနှုန်းအနေဖြင့် သခွားမွှေး ၊ ရွှေသခွားများ ၊ အပင်များပြီး အရည်အသွေးကောင်းရှားခြင်းကြောင့် ၄လုံး ၁ဖာ ၈၀၀၀ ကျပ် ၊ အရည်အသွေးအညံ့ဆုံး တစ်လုံး ၅၀၀ ကျပ် ထိဈေးနိမ့်သွားသည်။ကျောက်ဆည် ၊ ချောင်းဦးမှ သဘောႅသီး တစ်လုံး၂၀၀၀ ကျပ် ၊ ဖရဲသီး ၃ပိဿာ တစ်လုံး ၃၀၀၀ ကျပ်ဈေးဖြင့် ပြင်ဦးလွင် ၊ အောင်လံ ၊ ပဲခူး ၊ ပြည် ၊ ရွှေဘိုသို့ တင်ပို့မှုရှိသည်။ရွာငံဘက်မှ ထောပတ်သီးများ လှိုင်လှိုင် ဝင်ရောက်ပြီး အရည်အသွေးပေါ်မူတည်၍ ၁၂၀လုံးဝင် ပိုက်အိတ် တစ်အိတ် ၂၅၀၀၀ ကျပ် မှ ၄၀၀၀၀ ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေသည်။
ခင်မေကြည်