မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ

ကမ္ဘာပေါ်ရှိလူမျိုးစုတိုင်း၏ အမျိုးအနွယ်ကို ထိန်းသိမ်းစောင့် ရှောက်ခြင်း အဓိက တာဝန်ဝတ္တရားအတွက် အရေးအကြီးဆုံးမှာ အမျိုး သမီးများဖြစ်ကြသည်။ မြန်မာတို့ ၏ လူမှုကျင့်ဝတ်များတွင်လည်း စောင့်လေ မျိုးနွယ်သည် အဓိကနေရာတွင်ပါရှိသည်။ မိခင်များ၏ သွန်သင်ဆုံးမမှုကောင်းလျှင် ကောင်းသည့်အလျောက် အမျိုးသားကောင်း၊ အမျိုးသမီးကောင်းများ ပေါ်ထွက်လာမည် ဖြစ်ပေသည်။ ၁၉၁၀ ပြည့်နှစ်တွင် ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့၌ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးညီလာခံတွင် နှစ်စဉ် မတ်လ ၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုး သမီးများနေ့အဖြစ် ကျင်းပရန် ဆုံး ဖြတ်ခဲ့ခြင်းဖြစ်သည်။ အမျိုးသမီးတို့မှာ လှပတင့်တယ်၍ ကျက်သရေရှိသော အသွင်ကိုဆောင်ခြင်းကြောင့် ချစ်ခင်နှစ်သက်ဖွယ်ဖြစ်သလို အမျိုး သမီးများ၏ အခန်းကဏ္ဍမှာလည်း
မြင့်မားနေပြီဖြစ်သည်။
ကမ္ဘာပေါ်ရှိ အချို့နိုင်ငံများ၌ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုများ၊ နှိမ့်ချဘေးဖယ်ထားမှုများ ရှိနေသည်။ မြန်မာနိုင်ငံသည် အမျိုး သမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း Convention on the Elimination of All forms of Discrimination Against Women (CEDAW) ကို လက်မှတ် ရေးထိုးထားပြီး အမျိုးသမီးများ ဖွံ့ဖြိုးတိုး တက်ရေးအတွက် မဟာဗျူဟာစီမံကိန်းများ ချမှတ် အကောင်အ ထည် ဖော်လျက်ရှိပါသည်။ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု အဖြစ် အာဆီယံ အမျိုးသမီး ကော်မတီ (ASEAN Committee on Women–ACW) နှင့် အာဆီယံ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးများမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကော်မရှင် (ASEAN Com-mission on the Promotion and Protection of the Rights of Women and Children-ACWC) အာဆီယံ ငြိမ်းချမ်းရေး မှတ်ပုံတင်အမျိုးသမီး ကိုယ်စားလှယ် (ASEAN Women for Peace Registry - AWPR) စသည် တို့တွင်လည်း တက်တက်ကြွကြွ အကောင်အထည်ဖော်လျက်ရှိပါသည်။
ကမ္ဘာကြီးတွင် နည်းပညာများ ခေတ်မီတိုးတက်လာခြင်းနှင့်အတူ အမျိုးသမီးများ၏ ကြိုးစားအား ထုတ်မှုစွမ်းရည်ကြောင့် လူမှုရေး၊ ပညာရေး ၊ စီးပွားရေး နှင့် နိုင်ငံရေးနယ်ပယ်များတို့အထိ အမျိုးသမီးတို့ ပါဝင်ဆောင်ရွက်လာနိုင်ကြပြီဖြစ်သည်။ အလုပ်အကိုင် အခွင့်အလမ်းများပေါများလာခြင်းနှင့်အတူ အမျိုး သမီးများသည် အမျိုးသားများ ကဲ့သို့ပင် လုပ်ငန်းခွင်ဝင်နိုင်ကြပြီ ဖြစ် သည်။ နိုင်ငံနှင့်လူမျိုး အကျိုးစီးပွား ကာကွယ် စောင့်ရှောက်ရေး ၊ နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးနယ်ပယ်များတွင် အမျိုးသမီးများပါဝင်မှုနှုန်းမှာ ယခင်ခေတ် ကာလများကထက် မြင့်မားလာသည်ကို တွေ့ရသည်။ အမျိုးသမီးများကို အမျိုးသားများနှင့် အလုပ်အ ကိုင်အခွင့်အလမ်းဆိုင်ရာ စွမ်းဆောင်မှု ပညာရပ်ပိုင်းဆိုင်ရာများတွင် တန်းတူရည်တူမျှတစွာ ရှိနေရမည် ဖြစ်သော်လည်း သဘာဝတရား အရအမျိုးသမီးတို့သည်လည်း အမျိုး သမီးတာဝန်၊ အမျိုးသားတို့သည်လည်း အမျိုးသားတာဝန်များမှာ သီးခြားစီ ရှိနေမည်သာဖြစ်သည်။
၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်နှင့် အထက် အမျိုးသမီး စာတတ်မြောက်မှုနှုန်းသည် အမျိုးသား စာ တတ်မြောက်မှုနှုန်းထက် ခြောက်ရာခိုင်နှုန်း လျော့နည်းပြီး အသက် ၁၅ နှစ်နှင့်အထက် လူဦးရေ၏ လုပ်သားအင်အား ပါဝင်မှုနှုန်းတွင်လည်း အမျိုးသမီးလုပ်သား ပါဝင်မှုနှုန်းသည် အမျိုးသားလုပ်သား ပါဝင်မှုနှုန်းထက် အနည်းငယ်လျော့နည်းနေသည်။ အဆိုပါ အချက်အလက်များအရ အမျိုးသမီးများအထူးသဖြင့် အမျိုးသမီးငယ်များ၏လူမှုစီးပွားဘဝအခြေအနေမြင့်မားရေး အတွက်ပညာသင်ကြားတတ် မြောက် ရေးကို မြှင့်တင်ပေး ရန်လိုအပ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ကောင်းမွန်ရေး အတွက် အလုပ်လုပ်နိုင်သည့်အရွယ် အမျိုးသမီးများ၏ စွမ်းရည်များကို မြှင့်တင်ပေး ရန်လိုအပ်သည်။
မြန်မာနိုင်ငံ၏ အဓိကစီးပွား ရေးကဏ္ဍဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် အမျိုးသမီးများ၏ အခန်းကဏ္ဍသည်လည်း အလေးထား စဉ်းစားရမည်ဖြစ်ပြီး လယ်ယာကဏ္ဍတွင် အမျိုးသမီးများ၏ ပါဝင်နိုင်မှုစွမ်းရည်ကို ပိုမိုမြင့်တင်ပေးနိုင်သော သုတေသနများ၊ စီမံကိန်းများ၊ ပညာပေးလုပ်ငန်းများနှင့် မူဝါဒများ သည်လည်း ယခုခေတ် စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါလျက်ရှိပါသည်။
ဇင်မာဝင်း (၂၀၁၆) ၏ “ဘိုကလေးမြို့နယ်ရှိ တောင်သူနှင့် လယ်ယာမဲ့မိသားစုများ၏ စီးပွား ရေးလုပ်ငန်းများတွင် အမျိုးသမီးများ၏ ပါဝင်ဆုံးဖြတ်မှု အခန်းကဏ္ဍကို လေ့လာခြင်းသုတေသန"တွေ့ရှိချက်အရ တောင်သူမိသားစုများတွင် အမျိုးသမီးများ ဆုံးဖြတ်နိုင်မှုသည် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ရာတွင် အများဆုံးဖြစ်ပြီး လယ်ယာမဲ့ မိသား စုများတွင် အမျိုးသမီးများ ဆုံးဖြတ်နိုင်မှုသည် လယ်ယာနှင့် မသက်ဆိုင်သော အခြား လုပ်ငန်းများ လုပ်ကိုင်ခြင်းတွင် ပိုမိုပါဝင်သည်ကို တွေ့ရှိရသည်။ တောင်သူမိသားစုများတွင် ပညာအရည်အချင်း မြင့်မားသော အမျိုးသမီးများနှင့် မွေးမြူရေးလုပ် ငန်းများတွင် အမျိုးသမီးများ၏ ဆုံး ဖြတ်ချက်ပါဝင်ခြင်းသည်အိမ် ထောင်စုဝင်ငွေကို တိုးတက်စေ သော အကြောင်းရင်း ဖြစ်သည်ဟု တွေ့ရှိရပါသည်။ သုတေသနတွေ့ရှိချက်များအရ ကျေးလက်နေ အမျိုး သမီးများအတွက် လိုအပ်သော အသက်မွေးဝမ်းကြောင်းသင်တန်းများ ပိုမိုလုပ်ဆောင် ပေးသင့်သည်။ တောင်သူနှင့် လယ်ယာမဲ့မိသားစုများ၏ ဝင်ငွေပိုမိုရရှိစေရန် အလုပ် အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးပြီး အမျိုးသမီးများအား ရသုံးငွေစီမံခန့်ခွဲမှုများ၊ စီးပွားရေး လုပ်ငန်းများတွင် ပါဝင်ဆုံးဖြတ်ချက်ချမှုများ လုပ်ဆောင်စေရန် ပိုမိုတိုက်တွန်းသင့်ပါသည်။
ခိုင်စုရွှေဦး (၂၀၂၂) ၏ "နေ ပြည်တော်ကောင်စီနယ်မြေအတွင်း လယ်ယာလုပ်ငန်း လုပ်ကိုင်သူ အိမ် ထောင်စုများမှ အမျိုးသမီးများ၏ လုပ်ဆောင်နိုင်မှု စွမ်းရည်အပေါ် လွှမ်းမိုးနေသည့် အချက်များအား လေ့လာခြင်း သုတေသန" အရ အမျိုးသမီးများ၏ လယ်ယာကဏ္ဍတွင် ပါဝင်ဆုံးဖြတ်လုပ်ဆောင်နိုင်မှု စွမ်းရည်ပြအညွှန်းကိန်း (WEAI) မှာ ၀ ဒသမ ၈၃ ရှိကြောင်း တွေ့ရပြီး အလယ်အလတ်အဆင့်ဖြစ်ပါသည်။ အမျိုးသမီးများ၏ ဆုံးဖြတ်နိုင်မှု စွမ်းရည်သည် အမျိုးသားများထက် တစ်ဝက်ခန့်နည်းပါးပြီး ၎င်းသို့ဖြစ်ရခြင်းမှာ အသင်းအဖွဲ့များတွင် ပါဝင်ဆောင်ရွက်မှုနည်းပါးခြင်း၊ လူအများကြား ဆွေးနွေးပြောဆိုနိုင်မှု အား နည်းခြင်း၊ လယ်ယာလုပ်ငန်းနှင့် အခြားဝင်ငွေရလုပ်ငန်းများတွင် ပါ ဝင် ဆုံးဖြတ်နိုင်မှု နည်းပါးခြင်း၊ အိမ်မှုကိစ္စများဖြင့် အချိန်ကုန်ခြင်း၊ အနားယူချိန်နည်းပါးခြင်းနှင့် ပိုင် ဆိုင်သော ပစ္စည်းများ ရောင်းဝယ်ခြင်း၊ လဲလှယ်ခြင်းတို့ကို ပြုလုပ်ရာတွင် ဆုံးဖြတ်နိုင်မှု အားနည်းခြင်း တို့ကြောင့်ဖြစ်ပါသည်။
သို့သော် လည်း အလယ်တန်းအဆင့်နှင့် အထက် ပညာအရည်အချင်း ရှိသော အမျိုးသမီးများ၊ စိုက်ပျိုးမွေးမြူရေးအသင်းအဖွဲ့များတွင် ပါဝင်သောအမျိုးသမီးများ၊ လေ့ကျင့်ပညာပေးမှုအစီအစဉ်များတွင် ပါဝင်တက်ရောက်သော အမျိုးသမီးများနှင့် ဝင်ငွေမြင့်မားသည့် အိမ်ထောင်စုများမှ အမျိုးသမီးများသည် လယ် ယာကဏ္ဍနှင့်သက်ဆိုင်သော ဆုံး ဖြတ်နိုင်မှုစွမ်းရည်ပိုမိုမြင့်မားကြောင်း တွေ့ရပါသည်။တွေ့ရှိချက်များအရ အမျိုးသမီးများအား ဆုံး ဖြတ်နိုင်မှုစွမ်းရည်ပိုမိုတိုးတက်စေရန် အမျိုးသမီးအခြေပြု စိုက်ပျိုးရေးပညာပေး လုပ်ငန်းများ၊ သင်တန်းများ၊ ချိတ်ဆက်ဆောင်ရွက်မှုများ မြင့်တင်ပေးခြင်းနှင့် အသင်းအဖွဲ့များ တွင် ပိုမိုပါဝင်စေပြီး လယ်ယာကဏ္ဍရှိ အမျိုးသမီးများ ၏ ဆုံးဖြတ်လုပ်ဆောင်နိုင်မှုစွမ်းရည်ကို ပိုမိုမြှင့်တင်စေကာ မြန်မာနိုင်ငံ၏ စိုက်ပျိုး ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို မြန်ဆန် လာစေနိုင်ကြောင်း အမျိုး သမီးနေ့ကို ဂုဏ်ပြု၍ ရေးသားတင်ပြလိုက်ပါသည်။
ဒေါက်တာသိင်္ဂီမြင့်