မြန်မာ့သစ်ခွမျိုးကွဲများ- မျိုးစိတ်အသစ်များ ရှာဖွေဖော်ထုတ်၍ ထိန်းသိမ်းစောင့်ရှောက်ခြင်း

မြန်မာ့သစ်ခွမျိုးကွဲများ- မျိုးစိတ်အသစ်များ ရှာဖွေဖော်ထုတ်၍ ထိန်းသိမ်းစောင့်ရှောက်ခြင်း

     သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရှိ သစ်တောဦးစီးဌာန ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ပန်းမျိုးစိတ်ပေါင်း သောင်းချီလျက်ရှိပြီး ၎င်းတို့အနက် မျိုးစိတ် ပေါင်း ၁၀၄၀ သည် သစ်ခွမျိုးစိတ်ဝင်များပင် ဖြစ်ကြသည်။

    သစ်ခွမျိုးစိတ်သစ်များ ရှာဖွေရန်အတွက် မြန်မာနိုင်ငံ သစ်ခွချစ်သူများ အသင်းအဖွဲ့ဝင် များ နှင့် တက္ကသိုလ်အသီးသီးမှ ရုက္ခဗေဒပညာရှင်များ ပူးပေါင်း၍ ၂၀၀၃ ခုနှစ်မှ စတင်ကာ နှစ်စဉ်နီးပါး  ကွင်းဆင်းလေ့လာမှုများပြုလုပ်ခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ်မှစတင်ကာ သိသိသာသာ အောင်မြင်မှုများ ရရှိခဲ့ကြောင်းပုပ္ပားတောင် အမျိုးသားဥယျာဉ်မှ ဦးစီးအရာရှိ ဦးတလွန်းမွန် ထန်က ဆိုပါ သည်။

     အဆိုပါဌာနမှ သုတေသနအဖွဲ့များအား ကချင်ပြည်နယ်ရှိ ဖုန်ကန်ရာဇီ တောရိုင်း တိရစ္ဆာန် ဘေးမဲ့တောနှင့် ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်၊ မန္တလေးတိုင်းဒေသကြီး ပုပ္ပားတောင် အမျိုးသား ဥယျာဉ်၊ ချင်းပြည်နယ် နတ်မတောင် အမျိုးသားဥယျာဉ်၊ စစ်ကိုင်းတိုင်းဒေသကြီး အလောင်းတော် ကဿပ အမျိုးသားဥယျာဉ်၊ ရှမ်းပြည်နယ် တောင်ကြီးငှက်ဘေးမဲ့တော၊ တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ဆက်စပ်နေရာဒေသများသို့ စေလွှတ်ထားသည်၊၊ 

     ၂၀၀၃ ခုနှစ်မှ မှတ်တမ်းများအရ မြန်မာနိုင်ငံတွင် သစ်ခွမျိုးစိတ် ၈၁၀ သာရှိကြောင်း ဖော်ပြ ထားပါသည်။ သို့သော်လည်း ဌာနနှင့် ပညာရှင်များသည် ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း မျိုးစိတ် သစ် ၂၃၀ ကျော်ကို ရှာဖွေတွေ့ရှိပြီး မှတ်တမ်းတင်နိုင်ခဲ့သည်။ လက်ရှိတွင် ဌာနမှ သစ်ခွမျိုးစု ပေါင်း (၁၅၁) မျိုး၊ မျိုးစိတ်ပေါင်း (၁၀၄၀) မျိုးကို ဖော်ထုတ်နိုင်ခဲ့သည်။

    လက်ရှိ အသုံးပြုနေသော အချက်အလက်များသည် လွန်ခဲ့သော ဆယ်စုနှစ် ၅ စုက ရုက္ခဗေဒတွေ့ရှိချက်များကို အခြေခံထားဆဲဖြစ်နေသည့်အတွက် ဌာနအနေဖြင့် ထိုသုတေသနပြုမှုများကို ဆောင်ရွက်နေခြင်းဖြစ်သည်။ ဤသုတေသန အားထုတ်မှုများသည် ကွင်းဆင်းလေ့လာမှုများ၊ ရေးသားပြုစုထားသော မှတ်တမ်းများနှင့် ပန်းပွင့်ပုံစံများအပေါ်တွင် မှီငြမ်းကိုးကားထားသည်။ နောက် ဆက်တွဲလေ့လာမှုများအရ မြန်မာနိုင်ငံတွင် သစ်ခွဒေသမျိုးစိတ် ၇၆ မျိုးရှိကြောင်း သိရသည်။

   ထို့အပြင် သစ်ခွမျိုးစိတ်အများစုသည် မျိုးသုဉ်းပျောက်ကွယ်သွားမည့် အလားအလာရှိ နေသည်ဟု ဌာနက သတိပေးထားကြောင်းလည်း သိရှိရသည်။ 

အေးအေးခိုင်

(၈-၁၂-၂၀၂၃) ရက်နေ့ထုတ် Global New Light Of Myanmar