ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ်(GAqP) များ နှင့်အညီ ထုတ်လုပ်ခြင်း ဖြင့် ထုတ်ကုန်အရည်အသွေးမြင့်မားရေး ကြိုးပမ်း ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြား

နေပြည်တော်၊ ဒီဇင်ဘာလ (၁၈) ရက်
မွေးမြူထုတ်လုပ်မှု လုပ်ငန်းများဖွံ့ဖြိုးလာရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က ဘက်စုံ ကဏ္ဍစုံမှ ကြိုးပမ်းလျက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ဒီဇင်ဘာလ (၁၇) ရက်နေ့ညနေပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ Orchard Co.,Ltd ၏ ငါးကျည်း၊ ငါးတန်၊ ငါးမြစ်ချင်းများ မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေး၍ ငါးလုပ်ငန်းများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်စေရေး၊ ရေလုပ်သားများ၏ လူနေမှုဘဝတိုးတက် မြင့်မားစေရေး၊ ငါးသယံဇာတများ ထိန်းသိမ်းနိုင်ရေး ၊ ငါးဖမ်းထုတ်လုပ်မှုသာမက မွေးမြူထုတ်လုပ်ရေးကို အလေးပေး ဆောင်ရွက်ရန် ၊ မွေးမြူထုတ်လုပ်သူများ အနေဖြင့် ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေးကျင့်စဉ် (GAqP)များနှင့်အညီ ထုတ်ကုန်အရည်အသွေးမြင့်မားရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားပြီး ငါးမွေးမြူထားရှိမှုနှင့် နွေစပါးစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ခတ္ထိယကျေးရွာတွင် ဝါဝါဝင်း ကုမ္ပဏီလီမိတက် က လုပ်ကိုင်လျက်ရှိသည့် နို့စားနွားမွေးမြူရေးလုပ်ငန်း ၊ နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။
နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ပန်းတနော်မြို့နယ်၊ GLOBAL EARTH ကုမ္ပဏီ ငါးမွေးမြူထုတ်လုပ်ခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ငါးမွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ၊ ခေတ်မီ ကုန်ချောထုတ်လုပ်မှု အားကောင်းလာစေရေး နှင့် လုပ်ကွက်ငယ် မွေးမြူရေး တောင်သူများအား မိရိုးဖလာ မွေးမြူခြင်း မှ ဖြည့်စွက်အစာထည့်သွင်းကျွေးမွေးခြင်း ၊ မျိုးကောင်းငါးသားပေါက်များထည့်သွင်းသည့် မွေးမြူနည်းစနစ်အသုံးပြုနိုင်ရေး၊ ခေတ်မီမွေးမြူရေးနည်းပညာပေး ဖြန့်ဝေပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
ညနေပိုင်းတွင် ထူးထက်ဟန်ကုမ္ပဏီလီမိတက် ၏ CP အသားတိုးဝက်မွေးမြူရေး လုပ်ငန်း ဆောင်ရွက်နေမှု၊ စျေးကွက်သို့ တင်ပို့ရောင်းချနေမှု နှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မွေးမြူရေးခြံ(၁၂)ခြံ တိုးချဲ့ပြီး အကောင်ရေ(၇၈၀၀)တိုးချဲ့မွေးမြူ မည့်အစီအစဉ်များကို ကြည့်ရှု အားပေးသည်။
ဒုတိယဝန်ကြီးသည် ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဝန်ကြီးဌာနအောက်ရှိ တိုင်းဒေသကြီး ခရိုင်အဆင့်တာဝန်ရှိသူများ ၊ ဝန်ထမ်းအိမ်ယာ စီမံခန့်ခွဲရေးအဖွဲ့များနှင့် တွေ့ဆုံ၍ လက်ရှိနေထိုင်သည့် ဝန်ထမ်းအင်အား၊ ပြုပြင်ရမည့် အိမ်ယာများ နှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးညှိနှိုင်းခဲ့ကြောင်းသတင်းရရှိသည်။