တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စိုက်ပျိုးရေးကဏ္ဍလှုပ်ရှားမှု ရက်သတ္တပတ်ကိုဆောင်ရွက် “မျိုးစေ့ပြပွဲ ၂၀၂၄” (Seed Fair 2024) ဖွင့်ပွဲကျင်းပ

တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စိုက်ပျိုးရေးကဏ္ဍလှုပ်ရှားမှု ရက်သတ္တပတ်ကိုဆောင်ရွက် “မျိုးစေ့ပြပွဲ ၂၀၂၄” (Seed Fair 2024) ဖွင့်ပွဲကျင်းပ

နေပြည်တော်၊မတ် (၁)

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စိုက်ပျိုးရေးကဏ္ဍလှုပ်ရှားမှု ရက်သတ္တပတ်ကိုဆောင်ရွက်လျက် ရှိရာ  မတ်လ(၁)ရက်နေ့ နံနက်ပိုင်း တွင် နေပြည်တော် ပျဉ်းမနားမြို့ စိုက်ပျိုးရေးသိပ္ပံ ကျောင်းဝန်း ၌ “မျိုးစေ့ပြပွဲ ၂၀၂၄” (Seed Fair 2024) ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ သည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးမင်းနောင် နှင့် ဦးထွန်းအုံ ၊   နေပြည်တော်ကောင်စီ ဥက္ကဌ ဦးသန်းထွန်းဦး ၊ ဒုတိယဝန်ကြီးများ ၊ အမြဲတမ်းအတွင်းဝန် နှင့် ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးတက္ကသိုလ် နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ လယ်ယာကဏ္ဍဆိုင်ရာ အဖွဲ့ အစည်းများ နှင့် မျိုးစေ့ကုမ္ပဏီများ မှ ကိုယ်စားလှယ်များ၊ မျိုးစေ့ထုတ်အသင်းအဖွဲ့များ၊ နေပြည်တော် ကောင်စီနယ်မြေ မြို့နယ်များ မှ တောင်သူလယ်သမားများ နှင့် မျိုးစေ့ထုတ်လုပ် တင်သွင်းဖြန့်ဖြူး ရောင်းချ သူများ တက်ရောက်ကြသည်။  

1

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကားပြောကြားရာ၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ် ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နိုင်ငံသူ နိုင်ငံသားများ အားလုံး စားရေရိက္ခာဖူလုံစွာဖြင့် အာဟာရပြည့်ဝစွာ ရရှိနိုင်ရေးအတွက် မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း။

1

စားရေရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝရေး၊ အစားအစာဘေးကင်းလုံခြုံမှုရှိစေရေး နှင့် တောင်သူလယ်သမားများ ဝင်ငွေ တိုးတက်စေရေးတို့အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် သီးနှံများ၏ မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်နိုင်ရေး သည် လယ်ယာကဏ္ဍအတွက် အရေးကြီးဆုံး လုပ်ငန်းစဉ်ဖြစ်ကြောင်း။ မျိုးကောင်းမျိုးသန့် သုံးစွဲခြင်းဖြင့် ရောဂါပိုးမွှားဒဏ်ခံနိုင်မှု၊ ရေငတ်ဒဏ်ခံနိုင်မှု၊ ရေဝပ်ဒဏ်ခံနိုင်မှု၊ အပူချိန် နိမ့်မြင့်ဒဏ် ခံနိုင်မှု စသည့် အကျိုးကျေးဇူးများနှင့်အတူ  သီးနှံများ၏ အရည်အသွေး နှင့် အထွက်နှုန်း တိုးတက်လာပြီး ပြည်တွင်းစားသုံးမှု ဖူလုံပိုလျှံရေးနှင့် ပို့ကုန်ကဏ္ဍ မြှင့်တင်ရေးကို လက်တွေ့အကောင်အထည်ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း။ 

1

မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အားပေးသည့် အနေဖြင့် ပုဂ္ဂလိကအခန်းကဏ္ဍမှ ရင်းနှီးမြှုပ်နှံလိုသူများကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ ထောက်ခံ ချက် ဖြင့် နိုင်ငံသားပိုင် ကုမ္ပဏီများ သာမက နိုင်ငံခြားသားကုမ္ပဏီများပါ ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြုပ်နှံမှုကို ဆောင်ရွက်နေနိုင်ကြပြီဖြစ်ပါကြောင်း။ နိုင်ငံ့အကျိုး၊ တောင်သူ လယ်သမား များ အကျိုးကို ရှေးရှု့ပြီး၊ မျိုးစေ့ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကို သက်ဆိုင်ရာဌာနများ၊ ပညာရှင်များနှင့် ပုဂ္ဂလိကကဏ္ဍများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက် သွားကြစေ လိုကြောင်း။

မိမိတို့နိုင်ငံ၏ ကွဲပြားခြားနားသော ဒေသရေမြေရာသီဥတု အနေအထားအရ သီးနှံ မျိုးပေါင်းများစွာကို မျိုးစေ့ထုတ်လုပ်ရန်အတွက် အခြေအနေကောင်းများစွာရှိနေရာ မျိုးစေ့ ထုတ်လုပ်တင်ပို့သည့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် လိုအပ်သည့် ပြင်ဆင်မှု၊ ဖြေလျော့မှု၊ ပံ့ပိုးကူညီမှုများကို ဖန်တီးပေးပြီး ပြည်တွင်း မျိုးစေ့ထုတ်လုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ပေးရန်နှင့် အနားတ်တွင် ပြည်တွင်းလုံလောက်မှု ရှိရုံသာမက စီးပွားဖြစ်မျိုးစေ့ထုတ်လုပ်တင်ပို့သည့် နိုင်ငံအဖြစ်ရပ်တည်နိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း။

မျိုးစေ့ထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူးခြင်းနှင့် ဆက်စပ်သောလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြသည့် အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကုမ္ပဏီများအနေဖြင့်လည်း တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ပြီး၊ မိမိ တို့၏ မျိုးစေ့ထုတ်လုပ်ငန်းများ ရေရှည်တည်တံ့စေရန် နှင့် စံချိန်စံညွှန်းကိုက်ညီပြီး ဒေသအလိုက်အောင်မြင် ဖြစ်ထွန်းမှုရှိသော အရည်အသွေးကောင်း မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးသွားကြခြင်းဖြင့် မျိုးစေ့ထုတ်လုပ်သူများ နှင့် သုံးစွဲသူ တောင်သူလယ်သမားများ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းကြစေရေး ဦးတည် ဆောင်ရွက်ကြရန် အထူးမှာကြားလိုပါကြောင်း။

၂၀၁၈ခုနှစ်မှ စတင်ကျင်းပ ပြုလုပ်ခဲ့ရာ ယခု “မျိုးစေ့ပြပွဲ ၂၀၂၄” Seed Fair 2024 သည် ဆဌမအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး၊ မျိုးစေ့ပြပွဲများကို အခြေတည်၍ အစိုးရဌာနနှင့် ပုဂ္ဂလိက တို့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် မျိုးစေ့ကဏ္ဍ ပိုမိုဖွံ့ဖြိုးလာစေပြီး၊ တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို ဆထက်ထမ်းပိုး ထမ်းဆောင်နိုင်ကြပါစေ ကြောင်း ဆန္ဒပြုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ပြပွဲကျင်းပခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ၊ နေပြည်တော်ကောင်စီ ဥက္ကဌ နှင့် ဧည့်သည်တော် များသည် မျိုးစေ့ကုမ္ပဏီများ မှ ကိုယ်စားလှယ်များ၊ မျိုးစေ့ထုတ်အသင်းအဖွဲ့များ၊ နေပြည်တော် ကောင်စီနယ်မြေ မြို့နယ်များ မှ တောင်သူလယ်သမားများ ၊ မျိုးစေ့ထုတ်လုပ် တင်သွင်း ဖြန့်ဖြူးရောင်းချသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြသည်။

 ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး ၊ နေပြည်တော်ကောင်စီ ဥက္ကဌ နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မျိုးစေ့ကုမ္ပဏီများ၊ မျိုးစေ့ထုတ်အသင်း အဖွဲ့များ က ခင်းကျင်းပြသထားသည့် ပြခန်းများ၊ သီးနှံမျိုးနမူနာများ စမ်းသပ်စိုက်ပျိုးထားသည့် စိုက်ကွင်းများ ၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း(GAP) စံပြစိုက်ခင်းများ ကို လှည့်လည်ကြည့်ရှုကြသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် အရည်အသွေးပြည့်မီ သော မျိုးစေ့များကို လိုအပ်သောအချိန်တွင် လိုအပ်သောပမာဏကို သင့်တော်သော နှုန်းထားဖြင့် တောင်သူလယ်သမားများ အလွယ်တကူ ရရှိသုံးစွဲနိုင်ရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိသကဲ့သို့ မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ က ကုမ္ပဏီအဖွဲ့အစည်းများမှ တင်ပြ လျှောက်ထားလာသည့် မျိုးသစ်များ ကို စိစစ်ပြီး၊ မျိုးသစ်အသိ အမှတ်ပြုလက်မှတ်များ ထုတ်ပေးခြင်း၊ မျိုးစေ့လုပ်ငန်း လိုင်စင်ထုတ်ပေးခြင်း၊ မျိုးစေ့တင်သွင်း တင်ပို့ခြင်း အတွက် ထောက်ခံချက် ထုတ်ပေးခြင်း လုပ်ငန်းများကို ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး ယနေ့အထိ မိဘလိုင်း (၁၉၅)လိုင်း အပါအဝင် မျိုးသစ်အသိအမှတ်ပြုလက်မှတ်ပေါင်း (၁၈၁၉)ခု ထုတ်ပေးပြီး ဖြစ်ပါကြောင်း ။ လုပ်ငန်းများကို စရိတ်သက်သာ လျင်မြန်စွာ၊ ဆောင်ရွက်နိုင်ရန် အွန်လိုင်းစနစ်  MAIRS (Myanmar Agricultural Inputs Registration System) ဖြင့် ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ယခုကျင်းပလျက်ရှိသည့် “မျိုးစေ့ပြပွဲ ၂၀၂၄” (Seed Fair 2024) ကို မတ်လ(၁)ရက်နေ့ မှ (၃)ရက်နေ့အထိ ခင်းကျင်းပြသသွားမည်ဖြစ်၍ တောင်သူ လယ်သမားများ၊ သီးနှံမျိုးစေ့ထုတ်လုပ်ငန်း နှင့် စိုက်ပျိုးရေးလုပ်ငန်းစိတ်ဝင်စား သူများ မည်သူ မဆို အခမဲ့လာရောက် လေ့လာနိုင်ကြကြောင်း သတင်းရရှိသည်။