ပြည်ပမှ အစေ့ထုတ်ပြောင်းမျိုးစေ့ တင်သွင်းမှုကို လျော့ချနိုင်ရေးအတွက် ပြည်တွင်း၌ ထုတ်လုပ်မှုမြှင့်တင်နိုင်ရေး ဆွေးနွေး

နေပြည်တော်၊ မတ်(၃)ရက်နေ့
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် နေပြည်တော် ပျဉ်းမနားမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းဝန်းအတွင်း ကျင်းပလျက် ရှိသည့် “မျိုးစေ့ပြပွဲ ၂၀၂၄” သို့ လာရောက်ကြသည့် အစေ့ထုတ်ပြောင်းမျိုးစေ့ထုတ် ကုမ္ပဏီ များမှ တာဝန်ရှိသူများအား တွေ့ဆုံ၍ အစေ့ထုတ်ပြောင်း သီးနှံ မျိုးစေ့ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့သည်။
ဆွေးနွေးရာတွင် အစေ့ထုတ်ပြောင်းမျိုးစေ့ထုတ်ကုမ္ပဏီများ၏ ပြည်တွင်း၌ နှစ်အလိုက် အစေ့ထုတ်ပြောင်းမျိုးစေ့ထုတ်မည့် လျာထားချက်များနှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ ထုတ်လုပ်သည့် မျိုးများအား ပူးပေါင်းထုတ်လုပ်မှုအစီအစဉ်များ၊ မျိုးအရည်အသွေး ကျဆင်းလာသော အစေ့ထုတ်ပြောင်းမျိုးများအား မျိုးစေ့မှတ်ပုံတင် ထားရှိမှုမှ စိစစ်ပယ်ဖျက်၍ အထွက်ကောင်းသည့် မျိုးသစ်များ ထုတ်လုပ်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း၊ ပြည်တွင်း အစေ့ထုတ်ပြောင်းမျိုးစေ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာများအား ဒုတိယအကြိမ် ထပ်မံ ဆွေးနွေးပြီး ပြည်ပမှ တင်သွင်းမှုကို လျော့ချ၍ ပြည်တွင်းတွင် မျိုးစေ့ တိုးတက် ထုတ်လုပ်နိုင်ရေး ညှိနှိုင်း ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၏ အစေ့ထုတ်ပြောင်းစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် မိုးရာသီတွင် ဧက (၁ ဒသမ ၃)သန်းကျော်၊ ဆောင်းရာသီတွင် ဧက(ဒသမ ၁ ၇)သန်းကျော်၊ စုစုပေါင်း ဧက (၁ ဒသမ ၄ ၇)သန်းကျော် စိုက်ပျိုးလျက်ရှိရာ နှစ်စဉ် လိုအပ်လျက်ရှိသည့် အစေ့ထုတ်ပြောင်း မျိုးကောင်းမျိုးသန့်မျိုးစေ့များအား ရာနှုန်းပြည့် ဖြည့်ဆည်းနိုင်ရေး အတွက် အတွေ့အကြုံရှိသည့် ကုမ္ပဏီများမှ ပြည်တွင်းစပ်မျိုးများ ပိုမို ထုတ်လုပ်နိုင်ရေးကို နှစ်အလိုက် လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။