(၂၆) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကျင်းပ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် နေကြာသီးနှံ မျိုးရွေးချယ်ခြင်း နှင့် မျိုးမြှင့်တင်ခြင်း ကို လက်တွေ့သင်ယူ လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်

နေပြည်တော်၊ ဖေဖော်ဝါရီ(၂၄)
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် စားရေရိက္ခာဖူလုံပိုလျှံရေး နှင့် တောင်သူတွေဝင်ငွေတိုးတက်ရေးအတွက် နည်းပညာနှင့် အကူအညီများ ပံ့ပိုးပေးလျက် ရှိ သော်လည်း စိုက်ပျိုးမွေးမြူထုတ်လုပ်မှုဆိုင်ရာ လက်တွေ့ဆုံး ဖြတ်ဆောင်ရွက်ချက်များသည် တောင်သူကြီးများကိုယ်တိုင် ဆုံးဖြတ်ဆောင်ရွက်ရခြင်းဖြစ်၍ မှန်ကန်သောရွေးချယ်မှုနှင့် ဆုံးဖြတ် ဆောင်ရွက်မှုဖြစ်ရန် လယ်ယာ ကုန်ထုတ်လုပ်မှုဆိုင်ရာ အတွေ့အကြုံများကို နှီးနှောဖလှယ်နိုင်ရေး နှင့် အခက်အခဲ ပြဿနာများကို အကောင်းဆုံးကျော်ဖြတ်နိုင်မည့်နည်းလမ်းများ ညှိနှိုင်း အဖြေရှာဖော်ထုတ် နိုင်ကြစေရန် သုတေသီများနှင့် တောင်သူလယ်သမားများ ပါဝင်သော တောင်သူနည်းပညာဆွေးနွေးပွဲများ (Farmers’ Technical Forum) ကို အပတ်စဉ်စနေနေ့တိုင်း ကျင်းပပြုလုပ်ပေးလျက်ရှိရာ (၂၆)ကြိမ်မြောက် ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ(၂၄)ရက်နေ့ နံနက်ပိုင်း က ရေဆင်း စိုက်ပျိုးရေးသုတေသဦးစီးဌာန စုဝေးဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

(၂၆)ကြိမ်မြောက် ဆွေးနွေးပွဲ တွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ဆွေးနွေး ပြောကြားရာတွင် မွေးမြူရေး လုပ်ငန်းများ အနက် ဆိတ်မွေးမြူရေးလုပ်ငန်းသည် ကျေးလက်နေ ပြည်သူများ အတွက် အရင်း အနှီးအနည်းဆုံး နှင့် မိသားစုဝင်ငွေ ရရှိစေသည့်လုပ်ငန်းတစ်ခု ဖြစ်ကြောင်း၊ ဆိတ် ၏ သဘာဝအရ အကြမ်းခံနိုင်ပြီး အစာမရွေးစားသောက်တတ်သဖြင့် စားကျက် ဒေသမရွေး ကောင်းစွာ မွေးမြူနိုင် ကြောင်း၊ မျိူးအောင်မြင်မှုနှုန်း ကောင်းမွန်၍ ကောင်ရေ တိုးပွားနှုန်းလည်း အလွန်မြင့်မားသဖြင့် ကျေးလက်နေပြည်သူများအတွက် အာမခံချက်ရှိသည့် ဝင်ငွေရလုပ်ငန်းဖြစ်သော်လည်း ၂၀၂၁ ခုနှစ်စာရင်းဇယားများအရ သိုး ဆိတ် ကောင်ရေ ကျဆင်း လာသည်ကို တွေ့ရှိရကြောင်း၊
ယနေ့ဆွေးနွေးပွဲတွင် သိုးဆိတ်များတွင်ဖြစ်တတ်သည့် ကူးစက်ရောဂါများ၊ ကပ်ပါး ရောဂါများ ကို စနစ်တကျကာကွယ်ပြီး စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းတစ်ခု အဖြစ် လုပ်ကိုင် ဆောင်ရွက်နိုင်ကြရေးအတွက် ပညာရှင်များနှင့် တောင်သူများ အကောင်းဆုံး နှီးနှောဖလှယ် ဆွေးနွေးကြပြီး မွေးမြူရေးတောင်သူများ၏အကျိုးစီးပွားဖြစ်ထွန်းရေး၊ အသားထုတ်လုပ်မှုကဏ္ဍ မြှင့်တင်ဆောင်ရွက်နိုင်ရေးနှင့် ပြည်ပပို့ကုန် အဖြစ် တိုးမြှင့်နိုင်ရေး ကြိုးပမ်းသွားကြရန် တိုက်တွန်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က မွေးမြူရေးလုပ်ငန်းများသည် သီးနှံစိုက်ပျိုးရေးကို တန်ဖိုးမြှင့်တင်ပေးသည့်ကွင်းဆက်ဖြစ်၍ မွေးမြူရေးပညာရှင်များနှင့် စိုက်ပျိုးရေးသုနေသီများ ပူးပေါင်းကြိုးပမ်းရန် လိုအပ်ချက်များ၊ လူစာသာမက မွေးမြူရေးအတွက် တိရစ္ဆာန်စာစိုက်ပျိုးထုတ်လုပ်ပေးနိုင်မည့် သုတေသနများတိုးချဲ့ဆောင်ရွက်ရန်၊ တောင်သူမိသားစုများ အိမ်တိုင်းတွင် သီးနှံစိုက်ပျိုးခြင်းနှင့်အတူ မွေးမြူရေးကိုတွဲဖက် လုပ်ကိုင်သင့်ကြောင်း နှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကွင်းဆက်၏ အရေးပါမှု ၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေး ကြိုးပမ်းရာတွင် တောင်သူနှင့် ပညာရှင်ကြား ကွပ်လပ်မရှိ ထိတွေ့ရန်လိုအပ်ချက်များ ၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ၏ အရည် အသွေး ပိုမို ကောင်းမွန်ရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။
ဇေယျာသီရိမြို့နယ်မှ တောင်သူများ (၇၀)ဦးခန့်တက်ရောက်သည့် အဆိုပါဆွေးနွေး ပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ ဒေါက်တာအောင်သက်စိုး က သိုး ၊ ဆိတ်မွေးမြူရေး ခေါင်းစဉ် ဖြင့် လည်းကောင်း၊ မွေးမြူရေးသုတေသနဦးစီးဌာန မှ ဒေါက်တာဆောဘောမ် က သိုး ၊ ဆိတ် မွေးမြူရေး နှင့် ကပ်ပါးရောဂါအန္တရာယ် ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးကြပြီး တောင်သူများ ၏ မေးမြန်းချက် တင်ပြချက်နှင့် လိုအပ်ချက်များကို ဒုတိယဝန်ကြီးများ ဌာနဆိုင်ရာတာဝန်ရှိသူများ က ဖြေကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် သည် ယနေ့နံနက်ပိုင်းကလည်း ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် လက်တွေ့စိုက်ကွင်းတွင် ဆောင်ရွက်ထားရှိသည့် ဆင်းရွှေကြာ ၂ နေကြာမျိုးကို ဖီနိုတစ်ပစ် ရီကားရင့်မက်စ် ဆလက်ရှင်(Phenotypic Recurrent Mass Selection)နည်းဖြင့် မျိူးမြှင့်တင်ခြင်း ဆောင်ရွက်မှုများ အား ကွင်းဆင်းကြည့်ရှုပြီး နေကြာပန်းခိုင်အရွယ်အစား၊ ပန်းခိုင် တစ်ခုတွင်ပါဝင်သည့် အောင်မြင်သော အစေ့ အရေအတွက် ၊ ပင်စည်၏ တောင့်တင်းခိုင်မာမှု အစရှိသည့် ရုပ်သွင်ပြင် လက္ခဏာများကို အခြေခံ၍ မျိုးရွေးချယ်ခြင်း နည်းလမ်းများနှင့်ပတ်သက်၍ ဘွဲ့ကြို ဘွဲ့လွန် သင်တန်းသားများအား ရှင်းလင်းပြောကြားသည်။
ဘွဲ့ကြို ဘွဲ့လွန် သင်တန်းသားများအား ဒုတိယဝန်ကြီး က ဆွေးနွေးမှာကြားရာတွင် သီးနှံ မျိုးဗီဇနှင့် မျိုးကူးစပ်မွေးမြူရေးပညာရပ်တွင် လူသားအရင်းအမြစ်များထွန်းကားလာစေရန် များစွာ အရေးကြီးကြောင်း၊ လယ်ယာအခြေခံကုန်ထုတ်လုပ်ငန်းများကို လုပ်ဆောင်ရာတွင် မိမိတို့တွင် ရှိနှင့်ပြီး နည်းပညာရပ်များကို အသုံးချရန်လိုကြောင်း၊ တောင်သူလယ်သမားများအတွက် ရေရှည် တွင် အခက်အခဲကြုံစေနိုင်မည့် နိုင်ငံခြားမျိုးနှင့် နည်းစနစ်များကို ကျယ်ပြန့်စွာမစမ်းသပ်ပဲ တင်သွင်းအသုံးပြုမှု မဆောင်ရွက်သင့်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဘွဲ့လွန်ဒီဂရီများ အတွက် ပညာသင်များစေလွှတ်ပေးလျက်ရှိကြောင်း၊ ထိုက်သင့်သည့် လူ့စွမ်းအားအရင်းအမြစ်များ ရှိပြီးဖြစ်၍ ဟန်ချက်ညီပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ပညာသင်ယူလျက်ရှိကြသော ဘွဲ့ကြို ဘွဲလွန် သင်တန်း သားများအနေဖြင့် သဘာဝအတိုင်း ပင်ခြားဝတ်မှုန်ကူးသည့် နေကြာသီးနှံကို မျိုးရွေးချယ်ခြင်း နှင့် မျိုးမြှင့်တင်ခြင်း ဆောင်ရွက်မှုများအား လက်တွေ့သင်ယူ လေ့လာနိုင်ကြစေရန်ရည်ရွယ်ပြီး လက်တွေ့သရုပ်ပြမျိုးရွေးချယ်ခြင်းကို ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ဉီးဆောင်၍ ဆရာ ဆရာမများ ဘွဲ့ကြို ဘွဲ့လွန် သင်တန်းသားများက ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။