မန္တလေးဈေးကွက်

(မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်း၊ ကိုင်းတန်းဈေး၊ သီရိမာလာဈေးတို့မှ ၁၁-၁၀-၂၀၂၅ ရက်နေ့ ကောက်ယူဈေးနှုန်းများဖြစ်ပါသည်။)
ဆန်ဈေးကွက်
ရန်ကုန်ပေါ်ဆန်းမှာ အဝင်ပုံမှန်၊ မြို့တွင်းစားသုံးမှု ပုံမှန်ဖြစ်ခြင်းကြောင့် တစ်အိတ် ၁၂၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ရွှေဘိုပေါ်ဆန်းမှာ မြို့တွင်းစားသုံးမှုနည်းခြင်း အရောင်းအဝယ်အေးခြင်းကြောင့် တစ်အိတ် ၁၅၅၀၀၀ကျပ်မှ ၁၄၅၀၀၀ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။ မနောသုခဆန်မှာ အသစ်အဝင်နည်းသွားခြင်း၊ မြို့တွင်းစားသုံးမှုပုံမှန်ရှိခြင်းကြောင့် ထိပ်စမှာ တစ်အိတ် ၇၈၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး အလတ်မှာ ၇၂၀၀၀ ကျပ်ဖြင့် အရောင်းအဝယ် အေးနေသည်။ ငစိန်ဆန်မှာ နွေစပါးအသစ်များဝင်ရောက်မှုရှိခြင်း၊ မုန့်လုပ်ငန်းသမား အဝယ်နည်းခြင်းကြောင့် တစ်အိတ် ၆၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ဇီယာဆန်မှာ အသစ်များ ဝင်ရောက်မှုရှိခြင်း၊ အသစ်နှင့်အဟောင်းနှစ်မျိုးလုံးဝင်ရောက်မှုရှိပြီး အသစ်တစ်အိတ် ၇၅၀၀၀ကျပ်၊ အဟောင်းအား ဝယ်ယူမှု များခြင်းကြောင့် တစ်အိတ် ၉၂၀၀၀ကျပ် ဈေးရှိသည်။ ဧရာမင်းဆန်မှာ အဝင်နည်းသွားခြင်း၊ မြို့တွင်းစားသုံးရန်နှင့် မန္တလေးဝန်းကျင် ဝယ်ယူမှုူရှိခြင်း ကြောင့် တစ်အိတ် ၁၃၀၀၀၀ကျပ်မှ ၁၃၅၀၀၀ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။
ဆီထွက်သီးနှံ ဈေးကွက်
မြေပဲ (လုံးဆန်)ဈေးနှုန်းမှာ အညာဆန်နှင့် မြင်းမူဆန်နှစ်မျိုးလုံးဝင်ရောက်ပြီး အညာဆန် ၁၀၀ပိဿာ အရည်အသွေး ပေါ်မူတည်၍ ၇၇၀၀၀၀ ကျပ် မှ ၈၀၀၀၀၀ကျပ်အထိ ဈေးကွာခြားမှုရှိပြီး မြင်းမူဆန်မှာ ၁၀၀ပိဿာ ၈၅၀၀၀၀ကျပ်ဖြင့် လုပ်ငန်းသမား၊ တရုတ်ဝယ်လက်တို့ ပုံမှန်ဝယ်ယူမှုရှိနေသည်။ မြေပဲ(ဆီဆန်)မှာ တပ်ကုန်း၊ ရမည်းသင်းမြေပဲဆံ ၇၁၀၀၀၀ကျပ်၊ ကျောက်ပန်းတောင်းမြေပဲဆန် ၁၀၀ပိဿာ ၇၂၅၀၀၀ကျပ်၊ နွားထိုးဆန် အရည်အသွေးအကောင်းဆုံး ၇၅၅၀၀၀ကျပ်ဖြင့် ဆီစက်သမားများ ပုံမှန်ဝယ်ယူမှု ရှိနေသည်။ နှမ်းမျိုးစုံဈေးနှုန်းအနေဖြင့် မိုးနှမ်းများအဝင်ရှိခြင်း၊ ငွေဈေးအတက်အကျမမှန်ခြင်း၊ လုပ်ငန်းသမား အဝယ်နည်းခြင်းကြောင့်၊ နှမ်းဖြူ ၄၅ပိဿာလျှင် ၂၈၀၀၀၀ကျပ်မှ ၂၆၅၀၀၀ကျပ်သို့ ဈေးမသိမသာ နိမ့်သွားသည်။ နှမ်းညိုမှာ အသစ်များအဝင်ရှိခြင်း၊ ဆီစက်သမားပုံမှန်ဝယ်ယူခြင်း၊ အရည်အသွေး ပေါ်မူတည်၍ ဈေးကွာခြားခြင်းကြောင့် အနိမ့်ဆုံး ၇၅ပိဿာ ၂၆၅၀၀၀ကျပ်မှ အကောင်းဆုံး ၂၇၅၀၀၀ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။ နှမ်းနက် (စမုံ)မှာ မိုးမလွတ်နှမ်းနက်စမုံမှာ ၄၅ပိဿာ ၇၁၅၀၀၀ကျပ် ဈေးရှိပြီး၊ အက်ဆစ်ပါဝင်မှု စမ်းသပ်ပြီး အက်စစ်ပါဝင်မှု အနည်းဆုံး ၄၅ပိဿာ ၇၅၅၀၀၀ကျပ်ဖြင့် အရည်အသွေး ပေါ်မူတည်ပြီး ရောင်းဝယ်မှုရှိသည်။ ပန်းနှမ်းမှာ အဝင်နည်းခြင်း၊ ပစ္စည်းလက်ကျန်နည်းခြင်း၊ ဈေးမြင့်သဖြင့် အရောင်း အဝယ် အေးသော်လည်း ၄၅ ပိဿာ ၂၉၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ နေကြာဈေးနှုန်းမှာ မိုးနေကြာအဝင်နည်းခြင်း၊ ဆီစက်သမားအဝယ်ရှိခြင်းကြောင့် ၂၇ပိဿာ ၁၈၅၀၀၀ကျပ်မှ ၁၉၃၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။
စားဖိုဆောင်ဈေးကွက်
ပျော်ဘွယ်၊ ကျောက်ဆည်၊ ရမည်းသင်းမှ ငရုတ်ခြောက်(ရှည်)မှာ အဝင်ပုံမှန်၊ မြို့တွင်းသုံးပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ ၁၂၀၀၀ကျပ်၊ ရန်ကုန်မှတစ်ဆင့် ဝင်ရောက်သော ပန်းရဲ တစ်ပိဿာ ၁၃၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်သို့လည်းကောင်း၊ ဧရာဝတီ Air.con (ပွ) တစ်ပိဿာ ၂၅၀၀၀ကျပ်မှ ၃၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ ကြက်သွန်နီမှာ မုံရွာ၊ ထီးဆောင်း၊ မြင်းခြံနယ်စုံမှ ဝင်ရောက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးကြောင့် အဝေးမှာယူမှု မရှိခြင်း၊ မြို့တွင်းစားသုံးမှုသာရှိခြင်းကြောင့် ကြီးတစ်ပိဿာ ၁၅၀၀ကျပ်၊ လတ်တစ်ပိဿာ ၁၀၀၀ကျပ်၊ သေးတစ်ပိဿာ ၇၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ကြက်သွန်ဖြူ(တရုတ်)မှာ အဝင်ပုံမှန် မြို့တွင်းစားသုံးမှုသာရှိခြင်းကြောင့် တစ်ပိဿာ ၁၂၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး၊ ကြက်သွန်ဖြူ(ရှမ်း)မှာ အဝင်နည်းသွားပြီး အရည်အသွေးပေါ် မူတည်၍ အရည်အသွေး အနိမ့်ဆုံး ၁၅၀၀မှ ၃၀၀၀ကျပ်သို့ ဈေးမြင့်သွားပြီး အရည်အသွေး အကောင်းဆုံး ၆၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ တရုတ်အာလူး အဝင်မရှိဘဲ အောင်ပန်းအာလူးများသာ ဝင်ရောက်ပြီး အရည်အသွေးပေါ်မူတည်၍ တစ်ပိဿာ ၆၅၀၀ကျပ်၊ ၇၀၀၀ကျပ်တို့ဖြင့် ရောင်းဝယ်နေသည်။
ပဲမျိုးစုံဈေးကွက်
မတ်ပဲဈေးနှုန်းမှာ မိုးလေဝသ အခြေအနေအရ နယ်ဘက်တွင် သိုလှောင်မှု အခက်အခဲရှိခြင်းကြောင့် ရန်ကုန်ဂိုဒေါင်တွင် အဝင်များ သဖြင့် ဈေးချဝယ်ယူခြင်း၊ ငွေဈေးအတက်အကျမမှန်ခြင်းကြောင့် အရည်အသွေးပေါ်မူတည်၍ ၃တင်း တစ်အိတ် ၁၇၀၀၀၀ကျပ်မှ ၂၄၀၀၀၀ ကျပ်ဖြင့်ရောင်းဝယ်နေပြီး ကျောက်ရစ်ပဲမှာ ၂၆၂၀၀၀ကျပ် ဖြင့် ဈေးငြိမ်နေသည်။ပဲတီစိမ်း(အညာ)မှာ မိုးပဲတီစိမ်းအဝင်နည်းခြင်း၊ ပဲခွဲစက်များ၊ လှောင်သမားများ၊ တရုတ် ဝယ်လက်ဝယ်ယူမှုရှိခြင်း၊ အရည်အသွေးပေါ်မူတည်၍ ဈေးကွာခြားမှုရှိခြင်းကြောင့် အရည်အသွေး အညံ့ဆုံး ၂၈၀၀၀၀ကျပ်မှ ၃၂၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားပြီး အရည်အသွေးအကောင်းဆုံး ၃၄၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ပဲစဉ်းငုံ(ဖြူ/နီ) တို့မှာ ပဲစဉ်းငုံ(နီ)အား ပဲခွဲစက်နှင့် ရန်ကုန်သမားအဝယ်ရှိခြင်းကြောင့် ၃တင်းတစ်အိတ် ၂၂၃၀၀၀ ကျပ်မှ ၂၄၁၀၀၀ ကျပ်သို့ ဈေးမြင့်သွားပြီး ပဲစဉ်းငုံ(ဖြူ)မှာ ပဲခွဲစက်နှင့် မြို့တွင်းသုံးဝယ်ယူမှုရှိခြင်းကြောင့် ၂၂၀၀၀၀ကျပ်မှ ၂၃၀၀၀၀ကျပ် သို့ ဈေးမြင့်သွားသည်။ မိုးပဲပုပ်အဝင်နည်းသေးခြင်း၊ လုပ်ငန်းသမား၊ ဆီစက်သမားအဝယ် ပုံမှန်ရှိခြင်းကြောင့် ပဲပုပ်(မြန်မာ) ၃တင်းတစ်အိတ် ၃၇၀၀၀၀ကျပ်၊ ပဲပုပ်(ရှမ်း) ၂၇၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ကုလားပဲ(လုံးဖြူကြီး)မှာ ပဲခွဲစက်များ၊ ပဲကြော်/လှော်သမားများ အဝယ်ရှိခြင်း၊ လက်ကျန်နည်း လှောင်သမားထံမှ ဝယ်ရခြင်းကြောင့် လုံးဖြူကြီး ၃တင်းတစ်အိတ် ၂၄၀၀၀၀ကျပ်မှ ၂၅၀၀၀၀ကျပ်၊ လုံးဝါကြီး ၂၂၈၀၀၀ကျပ်မှ ၂၃၃၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ ကုလားပဲ(ခွဲခြမ်း)မှာ ပဲစိုများပေါချိန်ဖြစ်ခြင်း အလှူပွဲနည်းခြင်း၊ လက်ကျန်များခြင်းကြောင့် တစ်ပိဿာ ၅၉၀၀ကျပ်မှ ၅၈၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။ မြေထောက်ပဲမှာ ပဲကြော်/လှော်သမားများ အဝယ်နည်းခြင်း၊ မုံရွာနှင့် အညာ ၂ ခုလုံးမှ ဝင်ရောက်ခြင်းကြောင့် မုံရွာပဲ ၃တင်းတစ်အိတ် ၂၅၀၀၀၀ကျပ်မှ ၂၄၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားပြီး အညာပဲမှာ ၃တင်းတစ်အိတ် ၂၈၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ပဲယင်းကြီးမှာ အရောင်း အဝယ် အေးခြင်းကြောင့် တစ်အိတ် ၂၃၀၀၀၀ကျပ်မှ ၂၂၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။ စားတော်ပဲ(ကျွန်း)မှာ လက်ကျန်နည်းခြင်း၊ လှောင်လက်ထံမှ ဝယ်ရခြင်း၊ စားတော်ပဲ (ကနေဒါ)ထက် အရည်အသွေးကောင်းခြင်းကြောင့် ၃တင်းတစ်အိတ် ၇၄၀၀၀၀ကျပ်မှ ၈၃၀၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ပဲကြီး(ကြီး/သေး)တို့မှာ လက်ကျန်နည်းခြင်း၊ မိုးပဲအဝင်နည်းသေးခြင်း၊ ပဲကြော်/လှော်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် အရည်အသွေးပေါ်မူတည်၍ အညံ့ဆုံး ၃တင်းတစ်အိတ် ၄၂၀၀၀၀ကျပ်၊ အကောင်းဆုံး ၄၄၀၀၀၀ကျပ်၊ ပဲကြီး(သေး) ၃၃၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ထောပတ်ပဲ(ကြီး/သေး)တို့မှာလည်း အသစ်ဝင်ချိန်နီးခြင်း၊ မြို့တွင်းအကြော်လှော်သမား ဝယ်ယူမှုသာရှိခြင်းကြောင့် ထောပတ်ပဲ(ကြီး) ၃တင်းတစ်အိတ် ၃၀၀၀၀၀ ကျပ်မှ ၂၉၀၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားပြီး ထောပတ်(သေး)မှာ အရောင်းအဝယ်အေးပြီး ၁၈၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ဟင်းသီး/ရွက်နှင့် သစ်သီးဝလံ ဈေးကွက်
မုံရွာ၊ ချောင်ဦးမှ ဖရဲသီးများ အဝင်နည်းသွားခြင်းကြောင့် ယခင်အပတ် တစ်လုံး ၂၅၀၀ကျပ်မှ ယခု ၄၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ ချောင်းဦးနှင့် မန္တလေးဝန်းကျင်မှ သခွားမွှေးသီးများ ဝင်ရောက်မှုပုံမှန်ဖြစ်သော်လည်း နယ်ဝေးအမှာရှိခြင်း၊ အရည်အသွေးကောင်းခြင်းကြောင့် ယခင်အပတ်တစ်လုံး ၃၀၀၀လုံးမှ ၄၀၀၀ကျပ်သို့ ဈေးမြင့် သွားသည်။ သီပေါမှ ကဗ္ဗလာသီးများ အဝင်များသော်လည်း အရည်အသွေး ကောင်းလာခြင်းကြောင့် ၁၀၀ပိဿာ ၂၀၀၀၀၀ကျပ်မှ ၂၅၀၀၀၀သို့ ဈေးမြင့်သွားသည်။ ပုပ္ပားဘက်မှ နဂါးမောက်သီးအဝင်နည်းသွားခြင်းကြောင့် ၁၈လုံး တစ်ခြင်းလျှင် ၂၅၀၀၀ ကျပ်ထိ ဈေးမြင့်သွားသည်။ သီပေါနာနတ်များလည်း ဝင်ရောက်ပြီး တစ်လုံး ၁၀၀၀ကျပ်မှ ၁၅၀၀ကျပ်ဖြင့် လက်လီသမားအဝယ်များနေသည်။ ရမည်းသင်းမှ စပျစ်သီး (အလုံးသေး) တစ်ပိဿာ ၉၀၀၀ကျပ် အလုံးကြီးတစ်ပိဿာ ၁၃၀၀၀ကျပ်၊ ဈေးရှိသည့် သစ်သီးမျိုးစုံကို ပြင်ဦးလွင်၊ မုံရွာ၊ ပြည်၊ တန်ဇယ်နှင့် အမှာရှိသော မြို့များသို့ တင်ပို့သည်။
တပ်ကုန်း၊ သာစည်တို့မှ ငရုတ်စို(ရှည်) တစ်ပိဿာလျှင် သီတင်းကျွတ် ကာလ ခူးဆွတ်မှုနည်းအဝင်နည်းသွားခြင်းကြောင့် တစ်ပိဿာ ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ် စတက်ကာ ၃၅၀၀ကျပ်သို့ ဈေးမြင့်သွားပြီး ချောင်းဦးဘက်မှ ငရုတ်စို(လတ်)များမှာလည်း ၄၅၀၀ကျပ်သို့ ဈေးမြင့်သွားပြီး ငပိထောင်း၊ လက်ဖက်လုပ်ငန်းသမားအဝယ်သာရှိနေသည်။ရှမ်းတောင်ခရမ်းချဉ်မှာ အဝင်နည်းသော်လည်း မြို့တွင်းသုံးသာရှိခြင်းကြောင့် ၂၀ပိဿာ တစ်သေတ္တာ ၅၀၀၀၀ကျပ်မှ ၆၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ပန်းမုံလာ၊ ဂေါ်ဖီထုတ်များမှာလည်း အဝင်နည်းခြင်းကြောင့် အရည်အသွေးညံ့သော် လည်း ပန်းမုံလာတစ်ပွင်း ၁၅၀၀ကျပ်၊ ဂေါ်ဖီတထုပ် ၁၅၀၀ကျပ်ထိ ဈေးမြင့်နေသည်။ ဘိုစားပဲတစ်ပိဿာ ၄၀၀၀ကျပ် ဂေါ်ရခါးသီးတစ်လုံး ၂၀၀ကျပ်ဖြင့် စားသောက်ဆိုင်နှင့် လက်လီသမားအဝယ် ပုံမှန်ရှိသည်။
ဂျုံနှင့် အစေ့ထုတ်ပြောင်းဈေးကွက်
ဂျုံဈေးနှုန်းများအနေဖြင့် အဝင် ပုံမှန် ဂျုံစက်များဝယ်ယူမှုပုံမှန်ရှိခြင်း၊ လှောင်သမားထံမှ ဝယ်ရခြင်း၊ အထွက်နည်းအဝင်နည်းခဲ့ခြင်း ကြောင့် ငါန်ဇွန်၊ မြို့သာ၊ မုံရွာ၊ ဘုတလင်၊ စစ်ကိုင်း၊ ဆားတောင်၊ ရွှေဘို၊ မြင်းမူ၊ မြောင်ဂျုံများ အရည်အသွေးပေါ်မူတည်၍ ၃တင်းတစ်အိတ် ၂၃၀၀၀၀ကျပ်မှ ၂၃၅၀၀၀ကျပ်ဖြင့် ရောင်းချနေသည်။ ရှမ်းဂျုံမှာ ဂျုံထွက်နည်း၍ အကြိုက်နည်းပြီး အရည်အသွေးပေါ်မူတည်၍ ၁၉၀၀၀၀ကျပ်မှ ၂၀၅၀၀၀ကျပ် ဈေးအမျိုးမျိုးနှင့် ရောင်းဝယ်နေပြီး ကြူကုတ်ဂျုံမှာ ၁၉၅၀၀၀ကျပ်ဖြင့်ရောင်းချ နေသည်။ ဩစတေးလျ ဂျုံမှုန့်မှာ မုန့်လုပ်ငန်းသမားများ အဝယ်ပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ ၃၈၅၀ကျပ်ဖြင့် ဈေးတည်ငြိမ် နေသည်။
အစေ့ထုတ်ပြောင်းဈေးနှုန်းအနေဖြင့် မန္တလေးကုန်စည်ဒိုင်သို့ မိုးပြောင်းများအဝင်နည်းသော် လည်း တိရစ္ဆာန်အစာစပ်သမားများက ပဲဖတ်၊ နှမ်းဖတ်၊ ပဲပုတ်ဖတ်များ အစားထိုးကျွေးရန် ဝယ်ယူခြင်းကြောင့် ၃တင်းတစ်အိတ် ၇၆၀၀၀ကျပ်မှ ၇၄၅၀၀ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။
ခင်မေကြည်