ဗီယက်နမ် Musang King ဒူးရင်းသီး စျေးနှုန်းများ မြင့်တက်

ဗီယက်နမ်နိုင်ငံရှိ အမျိုးအစားအမြင့်ဆုံး Musang King ဒူးရင်းသီးများ၏ လက်ကား စျေးနှုန်းသည် တစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၃၃ မှ ၁၀ ဒသမ ၆၀ အထိ ရှိပြီး လွန်ခဲ့သော တစ်နှစ်ကထက် နှစ်ဆနီးပါး မြင့်တက်နေသည်။ စိုက်ကွင်းအတွင်း စျေးနှုန်း များလည်း မြင့်တက်လာကာ ကန်သိုမြို့နှင့် ဒက်လတ်ခရိုင်၊ တီယင်ဂျီယန်းခရိုင်ရှိ ဒူးရင်းသီးခြံများတွင် တစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၃၀ ခန့်ဖြင့် ရောင်းချလျက် ရှိသည်။
စိုက်ပျိုးရေးသမားတစ်ဦးဖြစ်သူ Mai က ယခုနှစ် ဒူးရင်းသီးရိတ်သိမ်းမှုသည် ၂၀ ရာခိုင်နှုန်း ပိုမို များပြားသော်လည်း အဆင့် (၁) ရှိသော ဒူးရင်းသီး ရှားပါးနေကြောင်း ပြောကြားခဲ့သည်။ အရည်အသွေးနိမ့် ဒူးရင်းသီးများကို တစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၀ ခန့်ဖြင့် ရောင်းချနေရပြီး နှစ်စဉ် ၂၅ ရာခိုင်နှုန်း ပိုမိုမြင့်တက်နေသည်။ သူမအနေဖြင့် ဒူးရင်းသီး ၂ တန်ကို အမေရိကန်ဒေါ်လာ ၈,၃၀၀ ဖြင့် ရိတ်သိမ်း ရောင်းချခဲ့ရကြောင်း ပြောကြားခဲ့သည်။ " Musang King ဒူးရင်းပင်များသည် အပင်ပြုစုရန် ခက်ခဲသောကြောင့် ခြံများအနေဖြင့် ကုန်ကျမှုကို ပြန်လည်တွက်ချေကိုက်ရန် နှစ်ပေါင်းများစွာ ကြာနိုင်ပါတယ်ဟု သူမက ပြောသည်။
ကန်သိုမြို့မှ ဒူးရင်းသီးကုန်သည်တစ်ဦးဖြစ်သူ Manh Khuong က "မဲခေါင် မြစ်ဝကျွန်းပေါ် ဒေသမှာ အဆင့် ၁ Musang King ဒူးရင်းသီးရဲ့ ရောင်းချမှုပမာဏဟာ လုံးဝ နီးပါးကုန်ခမ်းသွားပြီး၊ လက်ရှိအောက်တိုဘာအတွင်းက မွန်းတည့်ပွဲတော်ကာလဖြစ်တဲ့အတွက် ဝယ်လိုအားကလည်း အထူး မြင့်မားနေတယ်" ဟု ထောက်ပြ ပြောဆိုခဲ့သည်။ အလယ်ပိုင်းကုန်းမြင့်ဒေသမှ အခြားကုန်သည် တစ်ဦးဖြစ်သူ Phan Thi Hang ကမူ မိုးသည်းထန်မှုကြောင့် ဒူးရင်းသီး၏ အရည်အသွေးထိခိုက်ခဲ့ပြီး ရိတ်သိမ်းရာသီလည်း ကုန်ဆုံးတော့မည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။သူမက "ရာသီအစ (ဩဂုတ်လ) တုန်းက တစ်ရက်ကို ဒူးရင်းသီး ၅-၁၀ တန်အထိ ဝယ်ယူနိုင်ခဲ့ကြောင်း၊ ဒါပေမယ့် ယခု ကီလိုဂရမ် ရာဂဏန်း လောက်ပဲ ရှာဖွေဝယ်ယူနိုင်တော့တယ်" ဟု ဆိုသည်။
Musang King ဒူးရင်းမျိုးစိတ်အား ၎င်း၏ထူးခြားသောအရသာကြောင့် "ဒူးရင်းသီးများ၏ ဧကရာဇ်" အဖြစ် မကြာခဏ ဖော်ပြလေ့ရှိပြီး ၎င်းတွင် ဘဲဥပုံသဏ္ဍာန်၊ အစိမ်းရင့်ရောင်အခွံ၊ ကြီးမားသော ဆူးများနှင့် အရင်းတွင် ကြယ်ပွင့်ပုံစံငါးမြှောင့် ရှိသည်။
ဗီယက်နမ်နိုင်ငံတွင် ၎င်းကို ထိုင်းမျိုးစိတ်များနှင့် မကြာခဏ ဝတ်မှုန် ကူးခြင်းပြုလုပ်ကာ Ri6 နှင့် Monthong မျိုးစိတ်များနှင့် နှိုင်းယှဉ်ပါက သေးငယ်ပြီး သီးလုံးဝိုင်းသော ပုံစံများ ဖြစ်သည်။
Dak Lak ခရိုင် ဒူးရင်းသီး အသင်းအဖွဲ့က ဒေသတွင်း စိုက်ပျိုးထားသည့် Musang King ဒူးရင်းပင် အများစုသည် အပင်သက်တမ်း ၄-၇ နှစ်ကြား ရှိပြီး ၁၀ နှစ်ခန့် ရောက်သည်အထိ အများဆုံး ထွက်ရှိနိုင်မည် မဟုတ်သေးကြောင်း ပြောကြားခဲ့သည်။ လက်ရှိ စိုက်ပျိုးထား သော အပင်များကို ထပ်မံ ပံ့ပိုးပေးခြင်းအားဖြင့် ပြည်တွင်းဈေးကွက် ကို ဖြည့်ဆည်းပေးနိုင် ရုံသာမက စံချိန်စံညွှန်းမီသော ပြည်ပပို့ကုန်များကိုပါ ဖြည့်ဆည်းနိုင်မည်ဟု မျှော်မှန်းရသည်။
ဒေသရှိ ဒူးရင်းခြံများတွင် တစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ (၃ ဒသမ ၄၀-၃ ဒသမ ၈၀) အထိ ရောင်းချနေပြီး ယခုစျေးနှုန်းသည် ပြီးခဲ့သည့်နှစ်ကထက် ၁၅ ရာခိုင်နှုန်း ခန့် မြင့်တက်နေသည်။ ယင်းနှင့်ယှဉ်လျှင် ဒေသတွင်း မျိုးစိတ်ဖြစ်သော Ri6 ၏ စျေးနှုန်းမှာ စိုက်ကွင်းအတွင်း စျေး (Farm gate price) အနေဖြင့် တစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ (၁ ဒသမ ၇၀-၁ ဒသမ ၉၀) အတွင်း တည်ငြိမ်နေဆဲဖြစ်ကြောင်း သိရှိရသည်။
ဥမ္မာထွန်း
https://www.freshplaza.com/asia/article/9768854/vietnamese-musang-king-durian-prices-surge/