အိန္ဒိယမှ မြေပဲတင်သွင်းမှုတွင် မှိုဆိပ်ပါဝင်မှုတွေ့ရှိရခြင်းကြောင့် အင်ဒိုနီးရှား ဆိုင်းငံ့ထား

အင်ဒိုနီးရှားနိုင်ငံသည် အိန္ဒိယနိုင်ငံမှ မြေပဲတင်သွင်းမှုကို မှိုဆိပ်ပါဝင်မှု (Aflatoxin contamination) တွေ့ရှိရခြင်းကြောင့် ဆိုင်းငံ့ထားဆဲဖြစ်ရာ တင်ပို့ကုန်များသည် အချိန်သုံးပတ်မြောက်ကြာသည်အထိ ပိတ်မိနေဆဲဖြစ်ကြောင်း သိရသည်။ အိန္ဒိယစိုက်ပျိုးရေးနှင့် ပြုပြင်ပြီးစား သောက်ကုန်များ တင်ပို့မှုဖွံ့ဖြိုးရေးအာဏာပိုင်အဖွဲ့ (APEDA) က အင်ဒိုနီးရှား အပင်ပိုးမွှားရောဂါ ထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့ (IQA) နှင့် ဆက်သွယ်ခဲ့သော်လည်း အဆိုပါပိတ်ပင်မှုကို ရုပ်သိမ်းခြင်းနှင့်ပတ်သက်၍ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း၊ အဆိုပါ ဆိုင်းငံ့မှုသည် စက်တင်ဘာ ၃ ရက်နေ့မှစတင်၍ အသက်ဝင်ခဲ့ခြင်းဖြစ်ပြီး အိန္ဒိယတင်ပို့ကုန်များတွင် မှိုဆိပ်ပါဝင်မှု (Aflatoxin con-tamination) တွေ့ရှိရခြင်းကြောင့် ဖြစ်ကာ အင်ဒိုနီးရှားနိုင်ငံက အိန္ဒိယနိုင်ငံသို့ ပြီးခဲ့သည့် ဩဂုတ် ၂၇ ရက်နေ့တွင် အကြောင်းကြားခဲ့ပြီးဖြစ်ကြောင်း The Hindu Businessline သတင်းဌာ နက ယခုလ ၂၀ ရက်က ဖော်ပြထားသည်။
အိန္ဒိယ တင်ပို့သူများအနေဖြင့် အဓိကကိစ္စရပ်နှစ်ခုကို ထောက်ပြခဲ့ကြသည်။ ပထမအချက် မှာ IQA က ကုန်ပစ္စည်းများတွင် မှိုဆိပ်ပါဝင်မှု တွေ့ရှိခဲ့သည်ဟု ဆိပ်ကမ်းသို့ရောက်ရှိပြီး အချိန် သုံးလ အကြာတွင် ဆိုခြင်းဖြစ်ရာ ၎င်းကာလအတွင်း သိုလှောင်မှုနှင့် ကိုင်တွယ်ထိန်းသိမ်းမှု အခြေ အနေများအပေါ် သံသယဖြစ်ပေါ်စေကြောင်း၊ ဒုတိယ အချက်မှာ အင်ဒိုနီးရှားနိုင်ငံ၏ စမ်းသပ်စစ်ဆေးမှုလုပ်ငန်းစဉ်အရ ကုန်ပစ္စည်းတစ်ခုလျှင် ၁ ကီလိုဂရမ် နမူနာရယူခြင်းသည် APEDA ၏ စံနှုန်း ဖြစ်သော ၂၀ ကီလိုဂရမ် နမူနာရယူမှုနှင့် ကွဲပြားနေခြင်းဖြစ် ကြောင်း၊ ၎င်းသည် ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့ (WTO) စံနှုန်းများနှင့် မကိုက်ညီဟု အိန္ဒိယတင်ပို့သူများက ငြင်းခုံခဲ့ကြကြောင်း သိရသည်။ APEDA က အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ မီဒီယာ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခြင်း မရှိသေးကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ မြေပဲတင်ပို့မှု သုံးပုံတစ်ပုံခန့်ကို ရရှိထားသည့် အရေးပါသော ဈေးကွက်တစ်ခု ဖြစ်သည်။ ၂၀၂၄ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံသည် အမေရိကန်ဒေါ်လာ ၇၉၅ သန်း တန်ဖိုးရှိ မြေပဲတန်ချိန် ၇ ဒသမ ၄၆ သိန်းကို တင်ပို့ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံက အမေရိကန် ဒေါ်လာ ၂၈၀ သန်း တန်ဖိုးရှိ မြေပဲတန်ချိန် ၂ ဒသမ ၇၇ သိန်းကို လက်ခံတင်သွင်းခဲ့ကြောင်း သိရ သည်။
၂၀၂၅ ခုနှစ် ခါရစ် (မိုးရာသီ) မြေပဲသီးနှံ ရိတ်သိမ်းချိန် နီးကပ်လာသည်နှင့်အမျှ အိန္ဒိယစိုက်ပျိုးရေးနှင့် ပြုပြင်ပြီးစားသောက်ကုန်များတင်ပို့မှု ဖွံ့ဖြိုးရေးအာဏာပိုင်အဖွဲ့ (APEDA) နှင့် အိန္ဒိယကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့အား အဆိုပါ ပဋိပက္ခကို ဖြေရှင်းရန် တိုက်တွန်းထားပြီး ကုန်သည်များက ယင်းသို့ ဆိုင်းငံ့မှုဆက်လက်ရှိနေပါက တောင်သူလယ်သမားများနှင့် တင်ပို့သူများကို ထိခိုက်နိုင်ကြောင်း သတိပေးခဲ့ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံတွင် လက်ရှိမြေပဲဈေးနှုန်းသည် ၁ ကွင်တယ် (၁၀၀ ကီလို ဂရမ်) လျင် ရူပီး ၅,၆၈၂ သို့ ကျဆင်းသွားခဲ့ရာ ဗဟိုအစိုးရ၏ ၂၀၂၆ ခုနှစ် ဇွန်တွင် ကုန်ဆုံးမည့် ရောင်းဝယ်ရေးနှစ်အတွက် သတ်မှတ် ထားသော ကြမ်းခင်းဈေး (MSP) ဖြစ်သည့် ၁ ကွင်တယ် (၁၀၀ ကီလို ဂရမ်) လျှင် ရူပီး ၇,၂၆၃ အောက်သို့ ရောက်ရှိနေကြောင်းနှင့် Gujarat ပြည်နယ်တစ်ခုတည်းကပင် တန်ချိန် ၆၆ သိန်း စံချိန်တင် ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံက မြေပဲနှင့် ဂျုံတို့တွင် မှိုဆိပ်ပါဝင်မှု (Aflatoxin contamination) နှင့်စပ်လျဉ်း၍ ထပ်တလဲလဲ ဖြစ်ပေါ်နေသည့် ပြဿနာများကို ထောက်ပြခဲ့ပြီးနောက် တင်ပို့ကုန်များအတွက် တင်းကျပ်သော ဓာတ်ခွဲခန်းစမ်း သပ်မှုနှင့် နမူနာယူမှုလုပ်ငန်းစဉ်များ လိုအပ်ကြောင်း အိန္ဒိယစိုက်ပျိုးရေးနှင့် ပြုပြင်ပြီးစားသောက်ကုန်များတင်ပို့မှု ဖွံ့ဖြိုးရေးအာဏာပိုင်အဖွဲ့ (APEDA) ၏ မကြာသေးမီက ထုတ်ပြန်ထားသည့် အကြံပြုချက်များနောက်ပိုင်းတွင် လက်ရှိဖြစ်ပွားနေသော အငြင်းပွားမှုသည် ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။ ၂၀၂၂ ခုနှစ်တွင်လည်း မှိုဆိပ်ပါဝင်မှု မြင့် မားခြင်းနှင့် ဓာတ်ခွဲခန်းမှတ်ပုံတင်ခြင်းဆိုင်ရာ ပြဿနာများကြောင့် အလားတူဆိုင်းငံ့မှုတစ်ခု ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။
မှိုဆိပ် (Aflatoxins) များသည် ပူနွေးစိုစွတ်သော အခြေအနေများတွင် Aspergillus မှိုများမှ ထုတ်လုပ်သော ဓာတ်ပစ္စည်းများဖြစ်ပြီး သီးနှံနှင့် ဆီထွက်သီးနှံများတွင် ညစ်ညမ်းမှုဖြစ်စေကာ ကင်ဆာဖြစ်စေနိုင်သောဂုဏ်သတ္တိ (carcinogenicity) အပါအဝင် သိသာထင်ရှားသော ကျန်းမာရေး အန္တရာယ်များကို ဖြစ်စေကြောင်း တွေ့ရှိရသည်။ Aflatoxin B1 ကို ပြင်းထန်သော အသည်းကင်ဆာ ဖြစ်စေနိုင်သည့်အရာ (liver carcinogen) အဖြစ် လူသိများကြောင်း သိရသည်။
ကောင်းထွဋ်အောင်
The Hindu Businessline, Indian exporters dispute Indonesia’s suspension of peanut imports 3 months after shipments landed at its ports, September 20, 2025.