ဆီထွက်သီးနှံ နေကြာစိုက်ပျိုးရာတွင် ပျားအိမ်များ တိုးချဲ့ချထားရန် ပုဂ္ဂလိကပျားမွေးမြူသူများနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ အောက်တိုဘာ ၄
ဆီထွက်သီးနှံ နေကြာတိုးချဲ့စိုက်ပျိုးရာတွင် ပျားအိမ်များ တိုးချဲ့ ချထားရန်နှင့် ပျားမွေးမြူမှုမြှင့်တင်ပြီး ပျားထွက်ပစ္စည်းမှ နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိရန် ပုဂ္ဂလိကပျားမွေးမြူသူများအား တွေ့ဆုံပွဲအခမ်းအနားကို အောက်တိုဘာ ၄ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ပျားမွေးမြူမှုဖွံ့ဖြိုးရေးရုံး၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီဌာနနှင့် မွေးမြူရေးသုတေသနဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မကွေး၊ မန္တလေး နှင့် စစ်ကိုင်းတိုင်းဒေသကြီးများမှ ပျားမွေးမြူသူများ၊ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးက ဆွေးနွေးပြောကြားရာ၌ စားသုံးဆီဖူလုံရေး နေကြာတိုးချဲ့စိုက်ပျိုးရေးနှင့်ဆက်စပ်ပြီး ပျားမွေးမြူမှုနှင့်ပျားရည်ထွက်ရှိမှု တိုး တက်လာသည့်အခြေအနေ၊ ဌာနနှင့်ပုဂ္ဂလိက ပျားအုံမွေးမြူထားရှိမှု၊ ပုဂ္ဂလိကပျားမွေးမြူမှု၊ ပုဂ္ဂလိကပျားရည်ထွက်ရှိမှု၊ ပျားရည်၊ ပျား ဖယောင်းသန့်စင်အလုပ်ရုံမှ ပျားရည် ကုန်ကြမ်းသန့်စင်ပေးနိုင်မှု၊ ပြည်ပသို့ ပျားရည်တင်ပို့နိုင်မှုအလားအ လာများနှင့် နိုင်ငံခြားငွေရရှိမှုအခြေ အနေ၊ မျိုးကောင်းမျိုးသန့် ပျား ဘုရင်မ ဖြန့်ဖြူး ရောင်းချပေးနိုင်မှု နှင့် ပြည်သူသို့ ပျားမွေးမြူခြင်းဆိုင်ရာတိုးချဲ့ပညာပေးသင်တန်းများဖွင့်လှစ်နိုင်မှု၊ နေကြာ စိုက်ခင်းများ၌ ပျားဖြင့်ဝတ်မှုန်ကူးဝန်ဆောင် မှုပေးနိုင်ရေး နေကြာသီးနှံ တစ်ဧက လျင် ပျားအုံ ၁ အုံနှုန်းချထားပေးနိုင်ရေးနှင့် ပြည်တွင်း၌ ပျားစာပင်အမျိုးအစားအလိုက် စိုက်ပျိုး ၍ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ် များ၊ ပျားရောဂါကာကွယ်ထိန်းချုပ်မှု အစီအစဉ်များကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီဌာန ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများက ဆောင်းနေကြာ ဝတ်မှုန်ကူးချိန်တွင် ပုဂ္ဂလိက ပျားမွေးမြူသူများသို့ ပျားအုံများ ရောင်းချပေးနိုင်ရေးအတွက် ပျားအုံ ဝယ်ယူမည့်သူများနှင့် စိတ်ပါဝင်စားသူများအား တိုးချဲ့ပညာပေး သင်တန်း များ ဖွင့်လှစ်ပေးနေမှု၊ နေကြာစိုက်တောင်သူများအနေဖြင့် ပျားအုံများ တိုးချဲ့ မွေးမြူရန် လိုအပ်မှု အခြေ အနေများကို ရှင်းလင်းတင်ပြကြသည်။ ၎င်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ပျားမွေးမြူ ရေးတောင်သူများနှင့် လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကြပြီး ပျားရည်ထုတ်လုပ်မှုနှင့် သန့်စင်မှုလုပ်ငန်းများကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မွေးမြူရေးသုတေသနစခန်းအား ကြည့်ရှု စစ်ဆေးရာ မွေးမြူရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သုတေသနပြုလုပ်ရန် တိရစ္ဆာန်များ မွေးမြူထားရှိမှု၊ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ဆဲ သုတေသနလုပ်ငန်းများကို ရှင်းလင်း တင်ပြသည်။ တင်ပြ ချက်များအပေါ် ဒုတိယဝန်ကြီးက သုတေသနပြု စခန်းများ၏ မူလရည်ရွယ်ချက် သုတေသနလုပ်ငန်းများကို ဦးစား ပေးအလိုက် တိုးမြှင့် ဆောင်ရွက်ရန်ဆွေးနွေးမှာကြားပြီး နို့စားနွားမျိုးအဖြစ် မျိုးမြှင့်သားစပ် သုတေသန လုပ်ငန်းများအား ကြည့်ရှု စစ်ဆေးသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် အေးသာယာကျေးရွာရှိ မွေးမြူရေးတောင်သူ ဦးလှစိန်၏ ဆိတ် အကောင်ရေ ၅၀၀ နှင့် သိုးအကောင်ရေ ၅၀၀ မွေးမြူထားရှိမှု၊ ညောင်ရွှေကျေးရွာအုပ်စု၊ ကင်းတားကျေးရွာရှိ မွေးမြူရေးတောင်သူ ဦးမြတ်စံ ၏ ဇီဝကမွေးမြူရေးခြံတွင် နို့နှင့် နို့ထွက် ပစ္စည်း ထုတ်လုပ်နေမှုနှင့် တိရစ္ဆာန်အစာ ထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပုဂ္ဂလိကမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ခိုင်မာသော ဈေးကွက်ရရှိရေး၊ မွေးမြူမှုစနစ်များနှင့် ရောဂါထိန်းချုပ် ကာကွယ်ရေး လုပ်ငန်းများကို စနစ်တကျစီမံဆောင်ရွက်ရန်ကိစ္စရပ်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
MOALI