မြေနိမ့်ကော်ဖီ စိုက်ပျိုးလုပ်ကိုင်လိုသူများအနေဖြင့် နည်းပညာအပါအဝင် အကူအညီများလိုအပ်ပါက စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် ဆက်သွယ်ဆောင်ရွက်နိုင်

မြေနိမ့်ကော်ဖီ စိုက်ပျိုးလုပ်ကိုင်လိုသူများအနေဖြင့် နည်းပညာအပါအဝင် အကူအညီများလိုအပ်ပါက စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် ဆက်သွယ်ဆောင်ရွက်နိုင်

နေပြည်တော် အောက်တိုဘာ   ၉

ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ ၂၅၀၀ နှင့်အောက် ဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းသည့် ရိုဘတ်စတာ မြေနိမ့်ကော်ဖီမျိုးများသည် အရိပ်ပင်များဖြစ်သည့် သရက်ပင်၊ သီဟိုဠ်ပင်၊ မက္ကာဒေးမီးယားပင်နှင့် ရာဘာပင်များကို အသုံးပြု စိုက်ပျိုးနိုင်သကဲ့သို့ ကမ်းရိုးတန်းဒေသများ၌ ကွမ်းသီးပင်များ အကြားတွင်လည်း စိုက်ပျိုးနိုင်သဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နိုင်ကြကြောင်း၊ ဈေးကွက်ရှိသော သီးနှံဖြစ်၍ မြေနိမ့်ကော်ဖီစိုက်ပျိုး လုပ်ကိုင်လိုသူများ၏ နည်းပညာအပါအဝင် လိုအပ်ချက်များကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။    

အောက်တိုဘာဒုတိယပတ်တွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် နှင့် ဒုတိယဝန်ကြီးများသည် နေပြည်တော်ရှိ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ရုံးများ ၌ စိုက်ပျိုးထားသော တောင်သူပညာပေးကော်ဖီစိုက်ခင်းများကို ကွင်းဆင်း ကြည့်ရှု စစ်ဆေးကြရာ နေပြည်တော် ရုံးအမှတ်(၁၅)တွင် ၁ ဧက စိုက်ပျိုးထားသော ရိုဘတ်စတာ မြေနိမ့်ကော်ဖီပင်များ၏ ၁ နှစ် ၉ လသားအရွယ်တွင် အသီးများစတင်သီးပွင့်နေမှု၊ အသီးအားပိုမိုကောင်းမွန်စေရန် ပထမအကြိမ် အသီးများကို ခူးခြွေဖယ်ရှားထားရှိမှုတို့ကို လည်းကောင်း၊ နေပြည်တော် ရုံးအမှတ်(၃၆) တွင် စိုက်ပျိုးထားသော မြေနိမ့်ကော်ဖီ ၂ ဒသမ ၅ ဧကနှင့် ရုံးအမှတ်(၅၀)တွင် စိုက်ပျိုးထားသော မြေနိမ့်ကော်ဖီ သုညဒသမ ၅ ဧက စိုက်ခင်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက နှစ်စဉ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲများ၌ စိုက်ပျိုးခဲ့ကြ     သည့် နှစ်ရှည်ပင်များကို အရိပ်ရပင်အဖြစ် အသုံးပြု၍ မြေနိမ့် ကော်ဖီမျိုးများ စိုက်ပျိုးခဲ့မှု၊ သက်တမ်းအလိုက် သတ်မှတ်ထားသည့် အပင်ဖြစ်ထွန်း အောင် မြင်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ကော်ဖီသီးနှံကို ပြည်ထောင်စုနယ်မြေ နေပြည်တော် အပါအဝင် မြေနိမ့်ဒေသများ၌ အောင်မြင် စွာစိုက်ပျိုးနိုင်မှုအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိရေး နှင့် လက်တွေ့နည်းပညာပေးပြသမှုအပြင်လိုအပ်သောကူညီပံ့ပိုးမှုများကို လုပ်ထုံးလုပ်နည်း များနှင့်အညီ စီမံဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

MOALI