အိန္ဒိယနိုင်ငံ၊ ဥဇဘက်ကစ္စတန်နိုင်ငံတို့နှင့် ပူးပေါင်း၍ ခံနိုင်ရည်ရှိသော ဝါမျိုးများ သင့်တော်သော ဈေးနှုန်းဖြင့် ရရှိရေး ကြိုးပမ်း

အိန္ဒိယနိုင်ငံ၊ ဥဇဘက်ကစ္စတန်နိုင်ငံတို့နှင့် ပူးပေါင်း၍ ခံနိုင်ရည်ရှိသော ဝါမျိုးများ သင့်တော်သော ဈေးနှုန်းဖြင့် ရရှိရေး ကြိုးပမ်း

မြန်မာနိုင်ငံ ဝါနှင့် ဝါထွက်ပစ္စည်း ကုန်သည်များနှင့် ကုန်ထုတ်လုပ်ငန်းရှင်များအသင်း သည် ရာသီဥတု ပြောင်းလဲမှုဒဏ်ခံနိုင်သော၊ မြင့်မား သောအပူချိန်နှင့် ပိုးမွှားရောဂါဒဏ်ခံနိုင်သော၊ အထွက်နှုန်း မြင့်မားသော ဝါမျိုးများကို သင့်တင့်သောဈေးနှုန်းဖြင့် ရရှိရန် အိန္ဒိယနိုင်ငံ၊ ဥဇဘက် ကစ္စတန်နိုင်ငံတို့နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Premium cotton နှင့် non-premium cotton ကြားတွင် ကြီးမားသော ဈေးနှုန်းကွာဟချက်ရှိပါသည်။ ထို့ကြောင့် ဝါစိုက်ပျိုးသူတောင်သူများအနေဖြင့် စီးပွားဖြစ်အကျိုးအမြတ် ရရှိရန်အတွက် premium pedigree cotton မျိုးများကို ရွေးချယ်စိုက်ပျိုးရန် လိုအပ်သည်။ တောင်သူများအနေဖြင့် ဝါမျိုးကောင်းများကို ရွေးချယ်စိုက်ပျိုးခြင်းမရှိပါက အထွက်နှုန်းနည်းပြီး မြင့်မားသောစွန့်စားမှုများကို ကြုံတွေ့ ရနိုင်ပါသည်။ 

ဝါကြိတ်စက်ရုံလုပ်ငန်းရှင်များအနေဖြင့်လည်း အရည်အသွေး ထိန်းချုပ်မှုဆိုင်ရာ လုပ်ငန်း များကို ထိန်းသိမ်းရန် လိုအပ်သည့်အတွက် ထုတ်ကုန်အရည်အသွေး သေချာစေရန်၊ စွန့်ပစ်ပစ္စည်းများကို လျှော့ချရန်နှင့် ဘေးကင်းလုံခြုံစိတ်ချရသော လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် သန့်ရှင်းသပ်ရပ်စွာနှင့် စနစ်တကျလည်ပတ်ရေးအား ဦးစား ပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

ဝါစိုက်ပျိုးသူ တောင်သူများအနေဖြင့် ဝါမျိုးစေ့များ၏ အပင်လက္ခဏာ တသမတ်တည်း ဖြစ်မှုကို လျစ်လျူရှု့ခဲ့ပါက ၎င်းတို့၏ ကြိုပမ်းအားထုတ်မှုမှာ အချည်းနှီး ဖြစ်မည်ဖြစ်သည်။ ဝါကြိတ်စက်ရုံ လုပ်ငန်း ရှင်များအနေဖြင့် ဝါမျိုးများကို အမျိုးအစား ခွဲခြားပြီး လုပ်ငန်းစဉ်များ အား စနစ်တကျ လည်ပတ်ခြင်းဖြင့် အရည်အသွေးများကို ထိန်းသိမ်းရန် လိုအပ်သည်။ သို့မဟုတ်ပါက ဝါစိုက်ပျိုးထုတ်လုပ်ရာတွင် ရင်းနှီးခဲ့ရသောအချိန်များ၊ ကြိုးပမ်း အားထုတ် မှုများနှင့် အရင်းအမြစ်များမှာ အလဟဿဖြစ်သွားမည်ဖြစ်သည်။ ၎င်းသည် နောက်ပိုင်းတွင် ဝါအခြေခံသည့် စက်မှုလုပ်ငန်းများ အပေါ် သက်ရောက်မှုများဖြစ်စေပြီး အခြား ဆိုးရွားသော အကျိုးဆက်များ ဖြစ်စေကြောင်း မြန်မာနိုင်ငံ ဝါနှင့် ဝါ ထွက်ပစ္စည်း ကုန်သည်များနှင့် ကုန်ထုတ်လုပ်ငန်းရှင်များ အသင်း၏ ကိုယ်စားလှယ်တစ်ဦးက ပြောကြား သည်။

မြန်မာနိုင်ငံ ဝါနှင့်ဝါထွက်ပစ္စည်း ကုန်သည်များနှင့် ကုန်ထုတ်လုပ်ငန်းရှင်များအသင်းအနေဖြင့် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ သက်ဆိုင်သည့်ဦးစီးဌာနများသို့ အကြောင်းကြားထား ပြီး ဖြစ်သည်။ ဝါစိုက်တောင်သူများအတွက် အထွက်နှုန်းကောင်း သော ဝါမျိုးများ ရရှိရန်နှင့် ဝါဈေးနှုန်း ကောင်းများ ရရှိစေရန် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ် သည်။

အိန္ဒိယနိုင်ငံ၊ Gujarat ပြည်နယ်၊ Rajkot မြို့တွင် တည်ရှိသည့် OOO Farms ကိုယ်စားပြု International Federation of Business Intellectuals and Changemakers (IFBIC) အသင်းချုပ်အနေဖြင့် အထွက်နှုန်းကောင်းသော ဝါမျိုးများ ရရှိရေး အတွက် ပူးပေါင်းဆောင်ရွက် ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ ဝါနှင့် ဝါထွက်ပစ္စည်း ကုန်သည်များ နှင့် ကုန်ထုတ်လုပ်ငန်းရှင်များအသင်းသည် အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ counterpart များနှင့် ဩဂုတ် ၁၄ ရက်နေ့တွင် Zoom meeting ပြုလုပ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ကပြောကြားသည်။

ထို့ပြင် ဥဇဘက်ကစ္စတန်နိုင်ငံအနေဖြင့်လည်း ၎င်းတို့၏ စိုက်ပျိုး ရေးဦးစီးဌာနမှ မြန်မာနိုင်ငံသို့ ပိုးမွှားကင်းစင်ပြီး အထွက်နှုန်း မြင့်မား သော ဝါမျိုးအား ပေးအပ်လိုကြောင်း  အသိပေးခဲ့ကြောင်း ဩဂုတ် ၇ ရက်နေ့တွင် မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ပြောကြားချက်အရ သိရှိ ရသည်။

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ ဝါနှင့် ဝါထွက်ပစ္စည်း ကုန်သည်များနှင့် ကုန်ထုတ်လုပ်ငန်းရှင်များအသင်းတို့သည် သက်ဆိုင်ရာဦးစီးဌာနများသို့ ရှေ့ဆက်လက် လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်အတွက် ပရီမီယံ ဝါမျိုးများစာရင်းကိုပေးပို့ပြီးဖြစ် ကြောင်း သိရှိရသည်။

နွေးနွေးအောင်

https://www.gnlm.com.mm/myanmar-partners-with-india-uzbekistan-to-boost-cotton-resilience-fair-pricing/