လယ်ယာမြေဥပဒေဆိုင်ရာ သိမှတ်ဖွယ်ရာများ ဆွေးနွေး

လယ်ယာမြေဥပဒေဆိုင်ရာ သိမှတ်ဖွယ်ရာများ ဆွေးနွေး

နေပြည်တော်၊ ဩဂုတ် ၉

(၇၈) ကြိမ်မြောက် တောင်သူနည်းပညာပေး ဆွေးနွေးပွဲ ကို ဩဂုတ် ၉ ရက် နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်း AERDTC ခန်းမ ၌ “လယ်ယာမြေ ဥပဒေဆိုင်ရာ သိကောင်းစရာများ” ခေါင်းစဉ်ဖြင့် ကျင်းပသည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က တောင်သူများ သိရှိလိုက်နာရန် မရှိမဖြစ် လိုအပ်သော မြေယာမြေ ဥပဒေ အသိပညာကို မျှဝေရန် ရည်ရွယ်ချက်ဖြင့် ယနေ့ဆွေးနွေးပွဲခေါင်းစဉ်ကို သတ်မှတ် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ လယ်ယာမြေများသည် နိုင်ငံ ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု  စားရေရိက္ခာ ဖူလုံမှု နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး အတွက် အခြေခံအကျဆုံးဖြစ်ခြင်း ကြောင့်  ဤအရင်း အမြစ်များကို လယ်ယာမြေဥပဒေက စနစ်တကျ ကာကွယ် ထိန်းသိမ်းရန်နှင့် တောင်သူလယ်သမား အကျိုးစီးပွားမြှင့်တင်ရေးအတွက် အထူး အရေးကြီးပါကြောင်း၊ တောင်သူ ကြီးများအနေဖြင့် ဥပဒေနှင့် လုပ်ထုံး လုပ်နည်းများကို နားလည်ခြင်းဖြင့် ဥပဒေ၏ အကာအကွယ်နှင့် အထောက် အပံ့အား စနစ်တကျ ခံယူနိုင်ကြ မည်ဖြစ်ပါကြောင်း၊

လယ်ယာမြေ ပိုင်ဆိုင်မှုဆိုင်ရာ စည်းမျဉ်းများ (ဂရန်၊ စာချုပ်၊ အမွေ ဆက်ခံခြင်း)၊ လယ်ယာမြေအသုံးပြုမှုတွင် တာဝန်ယူမှုများ (မြေခွန်၊ ဥပဒေနှင့် ညီသော အသုံးပြုမှု) နှင့် မြေဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းနည်း နှင့် ဥပဒေအကူအညီ ရယူရန် လမ်းညွှန် စသည်တို့ကို ပြည့်ပြည့်စုံစုံဆွေးနွေးကြစေလိုကြာင်း၊

ယနေ့ဆွေးနွေးပွဲသည် တောင်သူများ လက်တွေ့အသုံးချနိုင်သော အချက်များကို ရရှိစေရန်နှင့် ဥပဒေနှင့်အညီ စိုက်ပျိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ပြီး အကာအကွယ် ရှိစေရေးတွင် များစွာအထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်း၊ အထူးမှာကြားလိုသည်မှာ လယ်ယာကဏ္ဍဆိုင်ရာ ဥပဒေများနှင့်ဆိုင်ရာ အသိပညာဗဟုသုတများကို တောင်သူ အသင်းအဖွဲ့များ၊ ကျေးလက်အသင်းအဖွဲ့များမှ အဖွဲ့ဝင်များအချင်းချင်း၊ နီးစပ်ရာ တောင်သူ များ အချင်းချင်းကိုလည်း ပြန်လည်မျှဝေပေးကြစေလိုကြောင်း၊  ကျေးလက် လူငယ်များမှ မိမိတို့ ဒေသဖွံ့ဖြိုးရေးအတွက် Digital platform အသုံးပြု၊ ရောင်းဝယ် ဖောက်ကားခြင်းများကို ရပ်မိရပ်ဖများနှင့် အတူ လက်တွဲ ပူးပေါင်းကာ တည်ဆဲဥပဒေများ နှင့်အညီ ဒေသကိုယ်စားပြု  စုဖွဲ့ရောင်းချခြင်း စနစ်အား ခေတ်နှင့်အညီ ဦးဆောင် ဆောင်ရွက်ကြစေလိုကြောင်း၊ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေး အထူး ကြိုးပမ်းမှုနှင့် အတူ စပါးစိုက်ပျိုးခြင်းကြောင့် ဖန်လုံအိမ်ဓါတ်ငွေ့များထွက်ပေါ်လာမှုကို လျော့ချကြရမည့် နည်းစနစ်များကို ပညာပေး လိုက်နာကျင့်သုံးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

၎င်းနောက် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများက  “လယ်ယာမြေဥပဒေဆိုင်ရာ သိကောင်းစရာများခေါင်းစဉ်ဖြင့်” အခြေခံမြေမျိုးသတ်မှတ်ချက်များ၊ လယ်ယာမြေအမျိုးအစားများ၊ လယ်ယာမြေဥပဒေဆိုင်ရာ ရည်ရွယ်ချက်များ၊ လယ်ယာမြေဥပဒေပါ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ လယ်ယာမြေ လုပ်ပိုင်ခွင့် လျှောက ထားနိုင်သူများ၊ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ်(ပုံစံ-၇)ထုတ် ပေးခြင်းလုပ်ငန်းစဉ်၊ လယ်ယာမြေ လုပ်ပိုင်ခွင့် အခွင့်အရေးများ၊ လိုက်နာရမည့် စည်းကမ်းချက်များ၊ တားမြစ်ချက်များ၊ လိုက်နာရန် ပျက်ကွက်ပါက အရေးယူဆောင်ရွက်ခြင်းများ၊ အခြားသိသင့် သိထိုက်သည်များအား ဆွေးနွေးတင်ပြသည်။ ဆက်လက်၍ ဆွေးနွေးပွဲတက်ရောက်လာကြသူများ၏ မေးမြန်းချက်များအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများက  ရှင်းလင်းဖြေကြား ကြသည်။

(၇၈) ကြိမ်မြောက်ကျင်းပသည့် အဆိုပါဆွေးနွေးပွဲသို့ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့မှ ပညာရှင်နှင့် သုတေသီများ ၆၀ ဦး  ၊ နေပြည်တော်ကောင်စီနယ်မြေမှ တောင်သူ ၄၀ ဦး တို့ တက်ရောက်ကြပြီး  တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ ပညာရှင်နှင့် တောင်သူ ၁၂၃ ဦးတို့က zoom point (၁၀၀) မှ ပါဝင်တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။

MOALI