ရမည်းသင်းခရိုင်ရှိ စပျစ်စိုက်ခင်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများ တွေ့ဆုံဆွေးနွေး

ရမည်းသင်းခရိုင်ရှိ စပျစ်စိုက်ခင်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများ တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ သြဂုတ် ၁၀

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဩဂုတ် ၁၀ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာအုပ်စုရှိ စပျစ်စိုက်ခင်းများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး  ဒေသခံ တောင်သူများ အား တွေ့ဆုံသည်။

တောင်သူများနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာ၌ နိုင်ငံ၏ စားရေရိက္ခာ ဖူလုံရေးနှင့် ကုန်စျေးနှုန်း တည်ငြိမ်ရေးအတွက် ဆန်စပါးနှင့် အဓိကရိက္ခာ သီးနှံများ၏ စိုက်ပျိုးထုတ်လုပ်မှုကို မထိခိုက်စေရန်  လယ်ယာမြေများ အသုံးပြုခြင်းကို ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိန်းကျောင်း ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း၊ စပျစ်အပါအဝင် တောင်သူများ စိုက်ပျိုးလုပ်ကိုင်လိုသည့် ဝင်ငွေရသီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို အသုံးပြုခွင့် လုပ်ပိုင်ခွင့်များ ချထားပေးလျက်ရှိကြောင်း၊ စပျစ်သီးနှံ စိုက်ပျိုးရာတွင်လည်း စားစပျစ် စိုက်ပျိုးခြင်းအပြင် ဝိုင်ထုတ်လုပ်သည့် ဝိုင်စပျစ်များကို စီးပွားဖြစ် စိုက်ပျိုးခြင်းကိုလည်း ဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း၊ စပျစ်တောင်သူများ စျေးကွက်ရရှိရေးကိုလည်း ဝိုင်လုပ်ငန်းရှင်များ ပေါင်းစပ်ပေးပြီး နှစ်ဦးနှစ်ဘက် အကျိုးရှိစေရန် Contract farming စနစ်ဖြင့်လည်းကောင်း ဆောင်ရွက်နိုင်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် တောင်သူများရော လုပ်ငန်းရှင်များပါ အကျိုးစီးပွားဖြစ်ထွန်းစေပြီး နိုင်ငံတော်အတွင်း စီးပွားရေးတိုးတက်ကောင်း မွန်လာစေမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ စပျစ်စိုက်ပျိုး ထုတ်လုပ်ရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်နိုင်မှု စွမ်းအားရှိသည့် တောင်သူကြီးများအနေဖြင့် စွန့်ဦးလုပ်ကိုင်ကြစေလိုကြောင်း၊ သို့မှသာ အခြားတောင်သူများနှင့် လုပ်ကွက်ငယ်တောင်သူများအတွက် စံနမူနာပြ ဖြစ်စေပြီး ဒေသဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ အခြား တစ်ဖက်တွင်လည်း ရမည်းသင်းဒေသ၏  ဝါသီးနှံစိုက်ပျိုးရန် နှစ်အလိုက်လျာထားဧက ပြည့်မီစွာစိုက်ပျိုးနိုင်ရေးနှင့် တစ်ဧက သတ်မှတ် ဝါဂွမ်းအထွက်ပိသာရရှိရေးကို ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနများ၊ တောင်သူများ ဝိုင်းဝန်း ကြိုးပမ်းကြရန် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် လိုက်နာဆောင်ရွက်ရမည့် နည်းပညာရပ်ဆိုင်ရာများကို ဆွေးနွေးတင်ပြပြီး ဒေသခံ တောင်သူ များ၏တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူ များက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် ရမည်းသင်းမြို့နယ်ရှိ လဲဖြူရေထိန်းတမံသို့ ရောက်ရှိပြီး ရာဂီမုန်တိုင်းအရှိန်ကြောင့် တမံအတွင်း သဲနုန်းများဖုံးလွှမ်းမှုအား တိုင်းဒေသ ကြီး အစိုးရ၏ ဘဏ္ဍာရန်ပုံငွေဖြင့် ပြုပြင်ရေးဆောင်ရွက်နိုင်ရန်နှင့် လက်ရှိ တမံအား ပြုပြင်ခြင်းထက် အခြားသင့်လျော်သော နေရာသစ်တွင် ဆောင်ရွက်ခြင်းက ကုန်ကျစရိတ် သက်သာနိုင်ခြင်းရှိမရှိ သုံးသပ်၍ နေရာသစ် ရှာဖွေရန် လိုအပ်ကြောင်း၊ တင်ပြချက်ပေါ်မူတည်၍ ဆောင်ရွက်ရမည့် အစီအမံဖြင့်လည်း ဆွေးနွေးဆုံးဖြတ်ရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြား၍ ကျီးနီကန်၏ ရေဝင်ရောက်မှုနှင့် ရေသောက် ဧရိယာအတွင်း စိုက်ပျိုးရေ ပေးဝေနေမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ ကွင်းဆင်းလုပ်ငန်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူသက်ဆိုင်ရာညွှန်ကြားရေးမှူးချုပ်များ၊ ရမည်းသင်းခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်/မြို့နယ်မှ တာဝန်ရှိသူ များ အတူလိုက်ပါခဲ့ကြောင်း သတင်း ရရှိသည်။                         

 MOALI