ရာသီဥတုဆိုင်ရာ စိန်ခေါ်မှုကြောင့် ဗီယက်နမ်နှင့် မလေးရှားတွင် ဒူးရင်းဈေးကျဆင်း

ဗီယက်နမ်နိုင်ငံ၏ အလယ်ပိုင်းကုန်းမြင့်များတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒူးရင်းသီး ခူးဆွတ်ခြင်းကို နှောင့်နှေးစေခဲ့ပြီး ရောင်းချရာတွင်လည်း တောင်သူအချို့မှာ သိသိသာသာ အရှုံးပေါ်ခဲ့ကြောင်း၊ မိုးဒဏ်ထိထားပြီး ရင့်မှည့်ချိန်မတိုင်မီ ခူးဆွတ် အခြောက်ခံထားသည့် သစ်သီးများကို ပြည်ပတင်ပို့ရန် ငြင်းပယ်ခံခဲ့ရကြောင်း၊ ဝယ်သူများဖက်မှ စရံငွေကို အဆုံးခံပြီး ဝယ်ယူမှု စွန့်လွှတ်ခဲ့ကြောင်း Vietnambiz ၏ ပြောကြားချက်အရ သိရသည်။ ဆုံးရှုံးမှုအနေဖြင့် ဈေးနှုန်းများသည် တစ်ကီလိုလျှင် သုညဒသမ ၆၆ ဒေါ်လာ ကျဆင်းသွားကြောင်း၊ စိုက်ပျိုးသူ အများစုအတွက် အရင်းကျေဈေးနှုန်းမှတ်ဖြစ်သည့် တစ်ကီလို ၁ ဒသမ ၅၅ ဒေါ်လာ အောက်သို့ ရောက်ရှိသွားကြောင်း ကုန်သည်များက ဆိုသည်။
တစ်ချိန်တည်းမှာပင် အရှေ့တောင်အာရှ၏ အဓိက ဒူးရင်းတင်ပို့ရောင်းချသည့်နိုင်ငံများတွင် ပါဝင်သည့် မလေးရှားသည် နိုင်ငံတစ်ဝှမ်း စိန်ခေါ်မှုများနှင့် ကြုံတွေ့နေဆဲဖြစ်သည်။ မလေးရှားနိုင်ငံမှ ဒူးရင်းသီးပို့ကုန်၏ ၈၅ ရာခိုင်နှုန်းခန့်ကို တင်သွင်းသည့် စင်ကာပူ၏ လက်လီ ဈေးကွက်သတင်းများအရ ယခုနှစ်အစောပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပန်းပွင့်ခြင်းကို ထိခိုက်စေခဲ့ပြီး ရာသီစရန် နှောင့်နှေးခဲ့ရကြောင်း သိရသည်။ သို့သော်လည်း ပါဟန်တွင် ရာသီဥတု ကောင်းမွန်သောကြောင့် Musang King ခူးဆွတ်မှုကို ဇူလိုင်နှင့် သြဂုတ်တွင် မျှော်မှန်းထားပြီး နောက်ပိုင်းတွင် အလားအလာများ ပိုမိုကောင်း မွန်လာခဲ့သည်။
ပမာဏများများတင်ပို့ရန် မျှော်လင့်ထားသော်လည်း မတည်ငြိမ်မှုများ ရှိနေဆဲဖြစ်သည်။ ဒူးရင်း လက်လီရောင်းချသူ Rolling Durian သည် မတည်ငြိမ်သည့် ရာသီဥတုကြောင့် အထွက်နှုန်းကို ကန့်သတ်ထားဆဲဖြစ်ပြီး အမြင့်ဆုံးထွက်ရှိသည်ဟု ယူဆထားသည့် ပီနန်တွင်ပင် အထွက်နှုန်းမှာ အကန့်အသတ်ဖြင့်သာရှိကြောင်း သိရှိရသည်။ စျေးနှုန်းများသည် လာမည့်လတွင် ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်မည်ဟု ကုမ္ပဏီက ခန့်မှန်းထားသော်လည်း ခန့်မှန်းမရသော ရာသီဥတုသည် ဝယ်လိုအားများကို ပြောင်းလဲနိုင်ဆဲဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်ဟု သိရှိရသည်။
ဥမ္မာထွန်း
https://www.freshplaza.com/asia/article/9744351/durian-prices-tumble-in-vietnam-and-malaysia-amid-weather-challenges/