အသား-ငါး မွေးမြူထုတ်လုပ်မှုတိုးတက်ရေးနှင့် တိုးချဲ့မွေးမြူနိုင်ရေး ဆွေးနွေးမှာကြား

အသား-ငါး မွေးမြူထုတ်လုပ်မှုတိုးတက်ရေးနှင့် တိုးချဲ့မွေးမြူနိုင်ရေး ဆွေးနွေးမှာကြား

နေပြည်တော်၊ ဇူလိုင် ၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဇူလိုင် ၇ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ မြဘုရင် နို့စားနွားမွေးမြူရေးလုပ်ငန်း၏ နို့စားနွား အကောင် ၄၀၀ ကျော် မွေးမြူထားရှိမှုကိုကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား နို့စားနွား မွေးမြူရေး ဖွံ့ဖြိုး တိုးတက်ရေးအတွက် တစ်ပိုင်တစ်နိုင် ယူနစ်အလိုက် မွေးမြူရေးလုပ်ကိုင်နိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်ရန်မှာကြားသည်။ 

အလားတူ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကသဲကုန်းကျေးရွာရှိ Mandalay Livestock Development Co.,Ltd ဥစားကြက်မွေးမြူရေးခြံတွင် အလုံပိတ် အအေးခန်းစနစ်ဖြင့် ဥကြက်မ ၅၃၀၀၀ ကောင်နှင့် ဥစားကြက် ကလေး ၃၁၂၁၃ ကောင် မွေးမြူထားရှိမှုနှင့်   တစ်ရက်လျှင် ကြက်ဥ ၂၇၀၀၀ လုံး ထုတ်လုပ်ဖြန့်ဖြူးပေးနေမှုကို လည်းကောင်း၊ Hanvet Myanmar Co.,Ltd ၏ ဥစားကြက်မွေးမြူရေးခြံတွင် ဥကြက်မ ၃၁၀၀၀ ကောင် မွေးမြူထားပြီး တစ်ရက်လျှင်  ကြက်ဥ ၂၅၀၀၀ လုံး ထုတ်လုပ် ဖြန့်ဖြူးပေးနေမှုကို လည်း ကောင်း ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် ဇီဝလုံခြုံမှုအလေးပေးဆောင်ရွက်ရေး ဆွေးနွေးမှာကြားသည်။

၎င်းနောက် ဒုတိယဝန်ကြီးသည် ငါးလုပ်ငန်းဦးစီးဌာန ကူမဲငါးလုပ်ငန်းစခန်းသို့ ရောက်ရှိပြီး စခန်းအတွင်း ငါးမြစ်ချင်း၊ ရွှေဝါငါးကြင်း၊ မြက်စားငါးကြင်း၊ ခေါင်းကြီးငါးကြင်း၊ ငွေရောင်ငါးကြင်း၊ ငါးသိုင်းခေါင်းပွ၊ ငါးခုံးမကြီး၊ ငါးကြင်းဖြူနှင့် တီလားပီးယား ငါးမျိုးများ သားဖောက်ခြင်းနှင့် ငါးသားပေါက်ဖြန့်ဖြူးပေးနေမှု ကို ကြည့်ရှုစစ်ဆေးကာ ၂၀၂၅/ ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ငါးသားပေါက်ထုတ်လုပ်ရန် လျာထားချက် ပြည့်မီကျော်လွန်ရေး ဆွေးနွေးမှာကြားသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် မိတ္ထီလာမြို့နယ်၊ စက်မှုဇုန်ရှိ Garden Family Co.,Ltd တိရစ္ဆာန် အစာထုတ်လုပ်ရေး စက်ရုံ၏ ဆိတ်အစာတောင့် ထုတ်လုပ်မှု အဆင့်ဆင့် နှင့် မိတ္ထီလာမြို့နယ်၊ မြင်တော်ကန်ကျေးရွာရှိ Real Balance Co.,Ltd နှင့် Lucky Brand Co.,Ltd အသားခြောက်နှင့် စားသောက်ကုန်လုပ်ငန်းကိုကြည့်ရှုအားပေးပြီး လုပ်ငန်းဆိုင်ရာလိုအပ်ချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

ညနေပိုင်းတွင် မိတ္ထီလာမြို့နယ်၊ ဆူးဖြူကွက်ကျေးရွာ မွေးမြူရေးတောင်သူ ဦးမောင်မြင့်၏ ဆိတ်မွေးမြူရေးခြံသို့ ရောက်ရှိပြီး ဆိတ်အကောင်ရေ ၃၀၀၀ ကျော် မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးကာ မွေးမြူရေးလုပ်ငန်းရှင်များအားတွေ့ဆုံ၍ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနက သတ်မှတ်ထားသည့် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်နှင့်အညီ စနစ်တကျမွေးမြူထုတ် လုပ်ကြရန်၊ အသားကဏ္ဍ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် စီးပွားဖြစ် မွေးမြူရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး လာစေရန်နှင့် မွေးမြူရေးကို အခြေခံသည့် ခေတ်မီ ကုန်ချောထုတ်လုပ်မှု အားကောင်းလာစေရေး အလေးထား ဆောင်ရွက်ကြရန် ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

MOALI