အညာဒေသက မြေအောက်တမံများ

အညာဒေသက မြေအောက်တမံများ

မြေအောက်တမံ

မြန်မာနိုင်ငံအလယ်ပိုင်းမိုးနည်း ရပ်ဝန်းဒေသသည် မြန်မာ နိုင်ငံစုစုပေါင်းဧရိယာ၏ ၁၀ ရာခိုင်နှုန်းခန့် ကြီးမားကျယ်ပြန့် ၍ နေထိုင်သူအများစုသည် စိုက်ပျိုး ရေးလုပ်ငန်းများအားအဓိကအားထားမှီခို အသက်မွေးကြသူများဖြစ်ပါသည်။ သို့ရာတွင် မိုးရွာသွန်းမှုလျော့နည်းခြင်းနှင့် အောက်ခံသဲဆန်သော မြေသားများ၏ ရေစုပ်ယူမှုများပြားခြင်းများကြောင့် သောက်သုံးရေရရှိမှု၊ စိုက်ပျိုးရေရရှိမှုတို့တွင် အခက်အခဲများ ရင်ဆိုင်ရလေ့ရှိပါ သည်။ ထိုအခက်အခဲများအား တစ်ဖက် တစ်လမ်းမှ ဖြေရှင်း ထောက်ပံ့ပေးရန်အတွက် မြေအောက်တမံများတည်ဆောက်ပေးခြင်းသည် အရေး ကြီးသော ရေအရင်းအမြစ် ထိန်းသိမ်း ခြင်း လုပ်ငန်းတစ်ခု ဖြစ်ပါသည်။

မြေအောက်တမံဆိုသည်မှာ

မြေအောက်တမံဆိုသည်မှာ ရေရှားပါးသောဒေသရှိ သဲချောင်းများတွင် သဲများအကြား၌ ရေကို သို လှောင်ထားနိုင်ရန်အတွက် မြေအောက် ရေမစိမ့်နိုင်သည့်ကျောက်လွှာမှ ချောင်းကြမ်းပြင်အမြင့်အထိ ချောင်း ကို ကန့်လန့်ဖြတ်တည်ဆောက်ထားသော တမံဖြစ်ပါသည်။ တမံထိပ်သည် ချောင်းကြမ်းပြင်နှင့် တစ်ပြေးညီဖြစ်ပြီး တမံကိုယ်ထည်တစ်ခုလုံးမှာ မြေအောက်တွင်ရှိသောကြောင့် မြေအောက်တမံ (Underground Dam) ဟုလည်းကောင်း၊ သဲချောင်းများ၏ သဲကြောတွင် တည်ရှိသောကြောင့် သဲချောင်းတမံ (Sand Dam) ဟုလည်းကောင်း ခေါ်ဆိုလေ့ရှိကြပါသည်။

မြေအောက်တမံတည်ဆောက်ခြင်းရည်ရွယ်ချက်

မြန်မာနိုင်ငံ မိုးနည်းရေရှားဒေသရှိ သဲချောင်းများသည် မိုးရွာသီတွင် တောင်ကျရေများတဟုန်ထိုးစီးဆင်း သော်လည်း နွေရာသီတွင် ရေမစီးတော့ဘဲ သဲပြင်များသာကျန်ရှိပါ သည်။ ထိုများပြားသော သဲသောင်ပြင်များသည် ရေစုပ်ယူထားနိုင်စွမ်း ၂၀ ရာနှုန်း မှ ၄၀ ရာနှုန်းအထိ ရှိကြသည်ဖြစ်ရာ မြေအောက်တမံများတည်ဆောက်ခြင်းဖြင့် မိုးရေများ အလဟဿစီးဆင်းသွားခြင်းမရှိဘဲ သဲများအကြားတွင် ရေစုဆောင်းသိုလှောင်ထားနိုင်သည်။မြေအောက်ရေကြွယ်ဝလာသည့်အတွက် အနီး ပတ်ဝန်းကျင်ရှိ လက်ယက်တွင်းများ၊ ကျေးရွာသုံးရေတွင်းများတွင် ရေ မျက်နှာပြင်မြင့်တက်လာကာ သောက် သုံးရေ စိုက်ပျိုးရေ ပိုမိုရရှိလာမည်ဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင် စိုပြည်စိမ်းလန်းလာမည် ဖြစ်သည်။

ကုန်ကျစရိတ် သက်သာသော မြေအောက်တမံ တည်ဆောက်ခြင်း

မြေအောက်တမံများတည်ဆောက်ခြင်းသည် မြေပေါ်တမံတည်ဆောက် ခြင်းနှင့်နှိုင်းယှဉ်ပါကကုန်ကျစရိတ်အလွန်သက်သာသောလုပ်ငန်းတစ်ခုဖြစ်ပါသည်။မြေအောက်တမံများ တည်ဆောက်ရာတွင် ချောင်းအနေ အထားနှင့် တည်ဆောက်စရိတ် ကုန်ကျခံနိုင်မှုပေါ်တွင် အုတ်၊ကွန် ကရစ်၊ ကျောက်စီကွန်ကရစ်၊ Sheet pile များရိုက်ခြင်း စသည်တို့ဖြင့် တည်ဆောက်နိုင်သကဲ့သို့  ကျောက် ကြီး၊ ရွှံစေးမြေစသည်တို့ဖြင့်လည်း လွယ်ကူစွာ အသုံးပြုနိုင်ပါသည်။ မြန်မာနိုင်ငံ အလယ်ပိုင်း မိုးနည်းရပ်ဝန်းတွင် ဆက်လက်ဆောင်ရွက်ရန် အကောင်အထည်ဖော်လျက်ရှိသည့် မြေအောက်တမံ အမျိုးအစားများမှာကုန်ကျစရိတ်သက်သာသော မြေအောက်တမံအမျိုးအစားများ ဖြစ်ကြပါသည်။ မြေအောက်တမံများအား နိုင်ငံတော်မှ ဆောင်ရွက်ပေးနိုင်သကဲ့သို့ အချို့ဒေသများတွင် ဒေသခံများ၊ တောင်သူများမှလည်း ရေအရင်းအမြစ်ထိန်းသိမ်းမှုအတွက် တစ်နိုင်တစ်ပိုင် ဆောင်ရွက်နိုင်‌သော တည်ဆောက်မှုလုပ်ငန်းတစ်ခု ဖြစ်ပါသည်။

ကုန်ကျစရိတ်သက်သာသည့် မြေအောက်တမံတစ်ခု တည်ဆောက် ခြင်းအဆင့်ဆင့်မှာ အောက်ခံရေမစိမ့် နိုင်သော ကျောက်လွှာအထိမြေတူး ၍ ထုံးသရွတ်ကျောက်ကြီးစီနံရံနှစ်ခုကြားတွင် ကျောက်ကြီးများ ဖြည့်သွင်းပြီး အပေါ်ဆုံးတွင် ထုံးသရွတ်ကျောက်ကြီးစီလွှာဖြင့် ပြန်လည် ဖုံးအုပ်တည်ဆောက်ခြင်းဖြစ်ပါ သည်။ မြေအောက်တမံ အပြင်ဘက်ပိုင်းများ(Upstream နှင့် Down-stream) အတွက်မူ ပိုမိုဖိအားခံနိုင်စေရန်အတွက် အောက် ခြေ ၅ ပေခန့်အထိ ကျောက်ကြီးနှင့် သဲအရောအနှောအလွှာ ဖြည့်သွင်း၍ အပေါ်ဘက်အလွှာများတွင် မူလသဲမြေများဖြင့် ပြန်လည် ဖြည့်သွင်းပေးရပါ သည်။ ထို့နောက် မြေအောက်တမံအပေါ်ဘက်နှင့် ပတ်ဝန်းကျင်တွင် ၃ ပေခန့် မြေစေးလွှာတစ်ထပ် ထပ်မံဖုံးအုပ်ပေးပါသည်။

မြေအောက်တမံများတည်ဆောက်ရာတွင် တမံ အထက်နှင့်အောက် (Upstream and Downstream) နှစ်ဖက်စလုံးသည် သဲမြေအတွင်းနစ်မြုပ်နေသောကြောင့်တမံကိုယ်ထည် ပေါ် ကျရောက်နေသာ ဖိအားများ(Active Pressure and Passive Pressure) များသည် မျှခြေနီးပါး ရှိနေပါသည်။ ထို့ကြောင့် တမံကိုယ်ထည် တည်မြဲမှု(Slope Stability) အတွက် များစွာ စိုးရိမ်ဖွယ် မရှိပါ။

မြေအောက်တမံ၏ အားသာချက်အားနည်းချက်များ

 မြေအောက်တမံ၏ တည်ဆောက်မှုအားသာချက်များမှာ-

  • တည်ဆောက်မှု နည်းပညာလွယ်ကူခြင်း

  • တည်ဆောက်ရေးပစ္စည်းရရှိနိုင်မှု လွယ်ကူခြင်း

  • တည်ဆောက်မှု ကုန်ကျစရိတ် သက်သာခြင်း

  • ထိန်းသိမ်းသန့်ရှင်းမှုလုပ်ငန်းများ ရှင်းလင်းလွယ်ကူခြင်း

  • ပြန်လည်ပြုပြင်ရန်လည်း လွယ်ကူခြင်း

  • တမံခိုင်မြဲမှု၊တမံကျိုးပေါက်မှုတို့အတွက် စိုးရိမ်ဖွယ်မရှိခြင်း

မြေအောက်တမံ၏ ရေသိုလှောင်မှုအားသာချက်များမှာ-
  • မြေပေါ်တမံများကဲ့သို့ အငွေ့ပျံဆုံးရှုံးမှု မရှိခြင်း

  • သဲကြားတွင် သိုလှောင်ထားသောကြောင့် ရေစစ်ထားသကဲ့သို့ဖြစ်ကာ ရေထု ညစ်ညမ်းမှု လျော့နည်းခြင်း နှင့် ကျန်းမာရေးအတွက် သင့်တော်သောရေများဖြစ်ခြင်း

  • ရေစိမ့်ယိုဆုံးရှုံးမှုနည်းပါးခြင်း နှင့် ရေအနည်းငယ်ယိုစိမ့်ခြင်းကြောင့် ထိခိုက်မှုမရှိခြင်း

  • နုန်းတင်မှု နည်းပါးခြင်း 

  • မြေအောက်တမံ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအားသာချက်များမှာ-

  • မြေပေါ်တမံများကဲ့သို့ တမံအတွင်းနစ်မြုပ်ဧရိယာ (Basin Area)မရှိခြင်း

  • မြေပေါ်စီးဆင်းရေအား ထိခိုက်မှုမရှိသဖြင့် အောက်ဘက် မြစ်ချောင်းများအတွင်းသို့ စီးဝင်ရေ (Inflow) လျော့နည်းမှုမရှိခြင်း 

  • မြစ်ချောင်းများ၏သက်စောင့်ရေ (Environment Flow) အား ထိခိုက်လျော့နည်းစေမှု မရှိခြင်း

  • သဲချောင်းကြမ်းပြင်အထိသာ ပိတ်ထားခြင်းဖြစ်၍ ရေနေသတ္တဝါများ၏ ရွှေ့ပြောင်း လမ်းကြောင်း (Migration Route)များအား ထိခိုက်မှုမရှိခြင်းနှင့် ဇီဝမျိုးကွဲများ    (Bio diversity) ဆုံးရှူံးမှုမရှိခြင်း

  • မြေအောက်ရေမျက်နှာပြင်မြင့်လာခြင်းကြောင့် ပတ်ဝန်းကျင်အား စိမ်းလန်းစိုပြေ၍ စိုက်ပျိူးဖြစ်ထွန်းစေခြင်း

အားနည်းချက်များတွင်မူ ရေသီးသန့်သိုလှောင်ခြင်းမဟုတ်ဘဲ သဲထုအတွင်း ၂၀ ရာခိုင်နှုန်း မှ ၄၀ ရာခိုင်နှုန်း အထိပျော်ဝင်ရေအားသာထိန်းသိမ်းရမှုကြောင့် မြေပေါ်တမံများနှင့်နှိုင်းယှဉ်လျှင် သိုလှောင်ပမာဏ လျော့နည်းမည်ဖြစ်သည်။မြေပေါ်ရေမဟုတ်သော ကြောင့် မြောင်းများဖြင့် ရေသွယ်ယူစိုက်ပျိုးနိုင်ရန်လည်း ခက်ခဲမည်ဖြစ်ပါသည်။ထိုအားနည်းချက်အားအဝီစိ တွင်းများ၊ နေရောင်ခြည် ဆိုလာစွမ်းအင် သုံး ရေတွင်းများနှင့် တွဲဖက်အသုံးပြုခြင်းဖြင့် ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။

မည်သည့်အရာတွင်မဆို အားသာချက် အားနည်းချက်တို့သည် ဒွန်တွဲ တည်ရှိတတ်ကြသည်ဖြစ်သော ကြောင့် တည်ဆောက်ပြီးမြေအောက် တမံတို့၏ အကျိုးကျေးဇူးများ၊စိန်ခေါ်မှု ပြဿနာများ အားလည်း စနစ်တကျ စောင့်ကြည့်၍ လိုအပ် ချက်များရှိပါက ပြုပြင်ဆောင်ရွက်ရမည်ဖြစ်ပါသည်။

အညာဒေသကမြေအောက်တမံများ 

ယခုအခါ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဉီးစီးဌာနမှ အညာဒေသ ရေသယံဇာတဖူလုံရေး အတွက် မြေအောက်တမံတည် ဆောက်ခြင်းလုပ်ငန်းများအား အရှိန် အဟုန်ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၁-၂၀၂၂ ခုနှစ် မှ ၂၀၂၃-၂၀၂၄ ခုနှစ် ၃ နှစ်တာ ကာလအတွင်း မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ညောင်ဉီးမြို့ နယ်၊ ကျောက်ပန်းတောင်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၊ ရေစကြိုမြို့နယ်၊ နတ်မောက် မြို့နယ်၊ ဆိပ်ဖြူမြို့နယ်၊ ဆင်ပေါင်ဝဲမြို့နယ်များအတွင်းရှိ သဲချောင်းများတွင် စုစုပေါင်း မြေအောက်တမံ ၂၁ ခု တည်ဆောက် ပြီးစီး၍ ကျေးရွာ ၆၆ ရွာမှ ဒေသခံပြည်သူ ၄၇၆၃၂ ဉီးခန့်၏ နွေရာသီရေရှားပါးမှု အခက် အခဲများအား ဖြေရှင်းပေးလျက်ရှိပါသည်။

တည်ဆောက်ပြီးမြေအောက်တမံများအနီးတွင်လည်း ရေတွင်းများတူး၍ ရေသိုလှောင် ထွက်ရှိမှုအားမှတ်တမ်းတင်ခြင်း၊ရေအရည်အသွေး စမ်းသပ်လေ့လာခြင်းနှင့်သဲထုအတွင်း ရေစီးဆင်း သိုလှောင်မှုလေ့လာခြင်းများဆောင်ရွက်ခဲ့ရာ အောင်မြင်တိုး တက်မှုများအား တွေ့ရှိခဲ့ရပါသည်။ 

ဆက်လက်၍လည်း မန္တလေးတိုင်း ဒေသကြီးအတွင်း တန်ဖိုးနည်းမြေ အောက်တမံ ၁၁ ခုနှင့် မကွေးတိုင်းဒေသကြီးအတွင်း ၁၀ ခုခန့် ထပ်မံတည်ဆောက်၍ ကျေးရွာနေတောင်သူ များ၏ ရေရှားပါးမှုနှင့် စိုက်ပျိုးရေအခက်အခဲအား ဖြေရှင်းပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ပျော်ဘွယ်မြို့နယ်တွင် ၂ ခု၊ ရမည်းသင်းမြို့နယ်တွင် ၄ ခု၊ ဝမ်းတွင်းမြို့နယ်တွင် ၂ ခု၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၁ ခုနှင့်ညောင်ဉီးမြို့နယ်တွင် ၁ ခု တည်ဆောက်ရန် ဆောင်ရွက်လျက်ရှိပြီး ကျေးရွာ ၁၁ ရွာ၊ အိမ်ထောင်စု ၃၈၀၀ စု၊ လူဉီးရေ ၁၆၅၈၂ ဉီးတို့၏ သောက်သုံးရေဖူလုံမှုနှင့် စိုက်ပျိုးရေဖြည့်စွက်ထောက် ပံ့နိုင်မှုတို့အတွက် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါသည်။ 

မကွေးတိုင်းဒေသကြီးအတွင်းတွင်လည်း မကွေးမြို့နယ်တွင်၆ ခု၊ မြို့သစ်မြို့နယ်တွင် ၁ ခု၊ တောင်တွင်းကြီးမြို့နယ်တွင် ၁ ခု၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ၁ ခုတည်ဆောက်ရန် ဆောင်ရွက်လျက် ရှိပြီး ကျေးရွာ ၁၅ ရွာ၊ အိမ်ထောင်စု ၅၉၀၇ စု၊ လူဉီးရေ ၂၄၅၁၄ ဉီးတို့၏ သောက်သုံးရေနှင့် စိုက်ပျိုးရေဖြည့်စွက်ထောက်ပံ့နိုင်မှုအား အကျိုးပြုမည်ဖြစ်ပါသည်။ အဆိုပါ မြေအောက်တမံ တည်နေရာ များအား အသေးစိတ် မြေပြင်တိုင်း တာခြင်းနှင့် ဘူမိဗေဒဆိုင်ရာ စူးစမ်းလေ့လာခြင်းများ ဆောင်ရွက်၍ အကျိုးကျေးဇူးရရှိနိုင်မှု အခြေအနေပေါ်မူတည်၍ ဉီးစားပေးအစီအစဉ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မြေအောက်တမံတည်ဆောက်ခြင်းသည် ကျယ်ပြန့်ကြီးမားသောချောင်းများတွင် ဌာနမှ ဆောင်ရွက်သကဲ့သို့ ချောင်းငယ်မြောင်းငယ်များတွင် ကျေးရွာအဖွဲ့အစည်းများမှလည်း တစ်နိုင် တစ်ပိုင် ဆောင်ရွက်နိုင်သောနည်းပညာဖြစ်ပါသည်။ကုန်ကျစရိတ်နည်းပါးစွာဖြင့် အကျိုးများစွာ ဖြစ်ထွန်း၍ ခက်ခဲခြောက် သွေ့သော အညာဒေသ၏ ပထဝီဝင်အနေအထားနှင့်လည်း အလွန် လိုက်ဖက်သည့် ရေသိုလှောင်မှုနည်းပညာဖြစ်ပါသည်။ အားသာချက် အားနည်းချက်များအတွက် ကျွမ်းကျင် ပညာရှင်များ၏ ကွင်းဆင်းအကြံပေး ချက်နှင့်နည်းပညာအကူအညီများအား ရယူ ဆောင်ရွက်နိုင်ပါက ပိုမိုထိရောက်အကျိုးရှိနိုင်မည် ဖြစ်ပါ သည်။

အချုပ်အားဖြင့် မြေအောက်တမံတည်ဆောက်ခြင်းသည် မြန်မာ့အပူပိုင်းဒေသသဲချောင်းများနှင့် အလွန်သင့်တော်သော ရေအရင်းအမြစ်စီမံသုံးစွဲမှုဖြစ်ပါသည်။ ထို့ကြောင့် အပူပိုင်း ရပ်ဝန်းဒေသတစ်ခုလုံးအား လွှမ်းမိုးခြုံငုံသည့် စီမံကိန်းအဖြစ် ဆက်လက် အကောင်အထည်ဖော် တည်ဆောက်ခြင်း၊အားသာချက် အားနည်းချက်များအား စောင့်ကြည့်မှတ်တမ်းတင်၍ စနစ်တကျ ဖြေရှင်းဆောင်ရွက်ခြင်းဖြင့် အညာမြေစိုက်ပျိုးရေအား ထောက်ပံ့ပေးနိုင်ကာ မြေကြီးက ရွှေသီးလာနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

အေးမြင့်ဆွေ(ဆည်/ရေ)