ကောက်စိုက်စက်များ၊ မျိုးစေ့ချကိရိယာများဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲ မြောင်းမြတွင် ကျင်းပ

ကောက်စိုက်စက်များ၊ မျိုးစေ့ချကိရိယာများဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲ မြောင်းမြတွင် ကျင်းပ

မြောင်းမြ၊ ဇွန်  ၂၀ 

ဧရာဝတီတိုင်းဒေသကြီး ၊ မြောင်းမြခရိုင်၊မြောင်းမြမြို့နယ်အတွင်း ဒေသခံတောင်သူများ လယ်ယာသုံးစက်ကိရိယာများကို တွင်ကျယ်စွာ အသုံးပြုလာစေရေး၊ လက်မှုလယ် ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်းဆောင်ရွက်နိုင်ရေး၊   လုပ်သားအင်အား ရှားပါးမှု  ဖြေရှင်းပေးနိုင်ရေး၊   အချိန်တိုအတွင်း  ထွန်ယက်စိုက်ပျိုးနိုင်ရေးနှင့်  စပါးအထွက်နှုန်းကောင်းမွန်စေရေးကောင်းကျိုးများရရှိစေရန်    ရည်ရွယ် ၍    KUBOTA SPV 6 CMD ၃ စီး နှင့်  ၈တန်းသွားမျိုးစေ့ချကိရိယာ ၇လက် တို့ဖြင့်မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယနေ့နေ့လယ်ပိုင်းက မြောင်းမြမြို့နယ်၊ ကြာဖူးငုံလက်ပံကျေးရွာ ကွင်းအမှတ် ၂၀၈ ရှိ ဒေသခံတောင်သူ  ဦးမြင့်သန်း၏ လယ်မြေ ၅ ဧက  အတွင်း၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

သရုပ်ပြပွဲသို့ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်‌မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်/ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန် ရှိသူများ ၊ ဝန်ထမ်းများတက်ရောက်ကြပြီး ကံကြီး ၊ မဒေါ့ပင်၊ သပြေချောင်နှင့်  ကြာဖူးငုံလက်ပံကျေးရွာတို့မှ အုပ်ချုပ်ရေးမှူးများနှင့်  ဒေသခံတောင်သူ ၁၀၀ ဦးခန့် စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှု ကိုယ်တိုင်စိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ     သရုပ်ပြပွဲတွင်  KUBOTA  SPV  6  CMD  ကောက်စိုက်စက် နှင့် ၈ တန်းသွား မျိုးစေ့ချကိရိယာများ  အသုံးပြု၍ စိုက်ပျိုးရာတွင်   စိုက်ခင်း လယ်မျက်နှာပြင်   ညီညာရန်လိုအပ်ခြင်း  ၊ ပျိုးဗန်းအတွင်း ပျိုးထောင်ရန် နေရာအနည်းငယ်သာလိုအပ်ခြင်း၊  မျိုးစေ့နှုန်းထားအနည်းငယ်ဖြင့်   စပါးအထွက်နှုန်းကောင်းမွန်စေခြင်း၊  ကောက်ကွက်နှင့် ကောက်ပင်အတိမ် အနက်  လိုအပ်သလို ချိန်ညှိစိုက်ပျိုးနိုင်ခြင်း၊  ပျိုးသက်နုနုဖြင့် စိုက်ပျိုးခြင်းကြောင့် ပင်ပွားအရေအတွက်များများရရှိနိုင်ခြင်း၊ တစ်ဧက ကောက်ကွက်ပြည့်မီခြင်း ၊ အချိန်တိုအတွင်း ဧကများစွာ စိုက်ပျိုးနိုင်ခြင်း၊ ရာသီဥတုပြောင်းလဲလာချိန်တွင်   အချိန်မီအခါမီ  စိုက်ပျိုးနိုင်ခြင်းနှင့် KUBOTA SPV 6 CMD နှင့် ၈ တန်းသွားမျိုးစေ့ချကိရိယာများ၏   စက်မှု ပိုင်းဆိုင်ရာ  အချက်အလက်များကို   မြို့နယ်ဦးစီးဌာနမှူး  ဦးထက်ခေါင်ဝင်းက အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

AMD