မြန်မာ့ဒူးရင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်သစ်ဖော်ဆောင်ပေးနိုင်ရေး ဖိုရမ်ကျင်းပ

နေပြည်တော်၊ ဇွန် ၂၅
မြန်မာ့ဒူးရင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်သစ်ဖော်ထုတ်ပေးနိုင်ရေးဖိုရမ် ကို ဇွန် ၂၅ ရက်နေ့က နေပြည်တော် ရုံးအမှတ်(၁၅) စုဝေးဆောင် ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က မြန်မာ့ရေမြေရာသီဥတုတွင် အောင်မြင်စွာစိုက်ပျိုးဖြစ်ထွန်းပြီး ပြည်ပဈေးကွက် အလားအလာရှိသော ဒူးရင်းသီးကို လုပ်ငန်းရှင်များနှင့်တောင်သူများ စီးပွားဖြစ် တိုးချဲ့စိုက်ပျိုး လုပ်ကိုင်နိုင်ရေးအတွက် လိုအပ်ချက်များကို ဝိုင်းဝန်းဆွေးနွေးဖော်ထုတ်ပြီး ကဏ္ဍလိုက် သုံးသပ်ဆွေးနွေးနိုင်ရန် ယခု ဖိုရမ်ကိုကျင်းပရခြင်းဖြစ်ကြောင်း၊ အလားတူ ပြည်ပဈေးကွက်သို့ လမ်းကြောင်း အမျိုးမျိုးမှ တင်ပို့လျက်ရှိသည့် မြန်မာ့ဒူးရင်းသီးများ အတွက် ခိုင်မာသော ပြည်ပဈေးကွက်အသစ် ဖော်ထုတ်ပေးနိုင်ရေးကိုလည်း ဌာနတာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ အပြန်အလှန်ဆွေးနွေးဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊
စိုက်ပျိုးရေးဦးစီးဌာနအောက်ရှိ ခြံများ၌ အရည်အသွေးကောင်းမွန် သော ဒေသမျိုးရင်း ဒူးရင်းမျိုးများအား မျိုးစပ် မျိုးမြှင့်တင်ခြင်း အပါအဝင် သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသကဲ့သို့ နည်းပညာ ပေးလုပ်ငန်းများကိုလည်း တိုးချဲ့ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ဒူးရင်းစိုက်ပျိုးဖြစ်ထွန်းနိုင်သည့် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများတွင် လုပ်ကိုင်လိုကြ သူများအနေဖြင့် မြေယာလုပ်ပိုင်ခွင့်အသုံးပြုခွင့်ရရှိရေးကို ဥပဒေနှင့် အညီ လျှောက်ထားနိုင်ကြပါကြောင်း၊ မြန်မာ့ဒူးရင်းသီးကို တရုတ်ဈေးကွက်မှ တောင်းဆိုမှု ရှိသကဲ့သို့ ဒေသတွင်း ဈေးကွက်နှင့် ချိတ်ဆက်နိုင်ရန် လိုအပ်သည့် အစိုးရအချင်းချင်းညှိနှိုင်းရန် ရှိပါကလည်း ဆက်လက်တင်ပြ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သို့ပါ၍ ယခုဖိုရမ်သို့ ပါဝင်တက်ရောက် လာကြသော ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများ၊ ပညာရှင်များ၊ လက်တွေ့ စိုက်ပျိုးလုပ်ကိုင်နေသူများ၊ လုပ်ငန်းရှင်များအနေဖြင့် အရည်အသွေးကောင်း မြန်မာ့ဒူးရင်းကို ပြည်ပဈေးကွက်သို့ တင်ပို့နိုင်သည့် ပမာဏအတိုင်း စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေး သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖိုရမ်ကျင်းပခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
၎င်းနောက် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က မြန်မာ့ဒူးရင်း သီးနှံ စိုက်ပျိုး ထုတ်လုပ်မှုနှင့် ဈေးကွက်သစ်ဖော်ထုတ်ပေးနိုင်ရေးဖိုရမ်ကို ဦးဆောင်ဆွေးနွေးရာ တက်ရောက်လာကြသော စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန တို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းနှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ ဒေသအသီးသီးမှ ဖိတ်ကြားထားသော ဒူးရင်းတောင်သူများ၊ အွန်လိုင်းမှ တက်ရောက်ကြသည့် တိုင်းဒေသကြီး ပြည်နယ်များမှ တာဝန်ရှိသူများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များက ဒူးရင်းသီးနှံ၏ ပြည်တွင်း စိုက်ပျိုးထုတ်လုပ်မှုနှင့် ဒေသတွင်းနိုင်ငံများ၏စိုက်ပျိုးထုတ်လုပ်မှု အခြေအနေ၊ ဒူးရင်းစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက်ဆောင်ရွက်ရမည့် နည်း လမ်းများ၊ ပြည်တွင်းဈေးကွက် အခြေအနေနှင့် ပြည်ပဈေးကွက်၏ အနာဂတ်အလားအလာ၊ ဒေသတွင်းနိုင်ငံများ၏ ဈေးကွက် အခွင့်အလမ်းများ ၊ မြန်မာ့ဒူးရင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်သစ်ဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု၊ ဒူးရင်းသီးနှံအခြေခံ ထုတ်ကုန်များ ထုတ်လုပ်နေမှု၊ ဒူးရင်း သီးနှံနှင့် သက်ဆိုင်သည့် အသေးစား၊အငယ်စားနှင့် အလတ်စား MSMEs လုပ်ငန်းများ၏ လက်ရှိဆောင်ရွက်နေမှုအခြေအနေနှင့် အခွင့်အလမ်းကောင်း များကို ကဏ္ဍအလိုက်ဆွေးနွေးခြင်း၊ အုပ်စုဖွဲ့ဆွေးနွေးခြင်းနှင့် စကားဝိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
၎င်းနောက် ဖိုရမ်တက်ရောက်လာကြသူများက ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်ထားသည့် ဒူးရင်းသီးများ၏ အရည်အသွေးနှင့် ဒူးရင်းသီးအခြေခံစားသောက်ကုန်များကို လက်တွေ့ မြည်းစမ်း လေ့လာကြပြီး သိရှိလိုသည်များကို မေးမြန်းကြသည်။ ၎င်းနောက် အဖွဲ့လိုက် ဆွေးနွေးရရှိချက်များကို တင်ပြခြင်း၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရလဒ်များကို စုစည်းထုတ်နုတ်သုံးသပ်ခြင်းများပြုလုပ်ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားသည်။
မြန်မာနိုင်ငံတွင်စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် ဒူးရင်းမျိုးများမှ အနံ့အရသာကောင်းမွန်ပြီး အထွက်နှုန်းကောင်းမွန်သော ဒူးရင်းမျိုးကို ရွေးချယ်ဖော်ထုတ်နိုင်ရန်၊ အရည်အသွေးကောင်း ဒေသမျိုးများကို ပြည်တွင်းစားသုံးသူဈေးကွက်နှင့် ပြည်ပဈေးကွက်သို့ မိတ်ဆက်ပေးနိုင်ရန် ၊ ဒူးရင်းသီးနှံကို စနစ်တကျတိုးချဲ့စိုက်ပျိုးခြင်းဖြင့် တောင်သူများ ဝင်ငွေတိုးတက်ရရှိစေရန်၊ ပြည်တွင်းစားသုံးမှုသာမက ပြည်ပဈေးကွက်သို့ အရည်အသွေးမြင့် မြန်မာပို့ကုန်တစ်ခုအဖြစ် တိုးတက်တင်ပို့ရောင်းချနိုင်ရန် ယခုဖိုရမ်ကို ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
MOALI