ရန်ကုန်ဈေးကွက်

(၁၁-၆-၂၀၂၅ ရက်နေ့ ကောက်ယူဈေးနှုန်းများဖြစ်ပါသည်။)
ဆန်
ယခုရက်သတ္တပတ်အတွက်ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်းလမ်း)တွင် ထုတ်ပြန်ထားသည့် ဆန်ဈေးနှုန်းများအရ ရွှေဘိုပေါ်ဆန်းဆန် အဟောင်း အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၅၃၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၅၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ရွှေဘိုပေါ်ဆန်းဆန် အသစ် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၃၈၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၃၅၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဖျာပုံပေါ်ဆန်း အဟောင်း အလတ်စတစ်တင်းခွဲတစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ပေါ်ကျွဲဆန်အဟောင်း အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၀၁၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ဇီယာဆန်အသစ်အလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၆၄၀၀၀ကျပ် နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၆၃၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း အကြမ်း အလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၅၈၀၀၀ ကျပ် နှင့် အောက်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၅၇၅၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ငစိန်ဆန် အလတ်စ တစ်တင်းခွဲအိတ်လျှင် ၆၄၀၀၀ ကျပ်နှုန်းနှင့်အောက်စတစ်အိတ်လျှင် ၆၃၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်းရောင်းဝယ် လျက် ရှိကြောင်းသိရသည်။ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ရွှေဘိုပေါ်ဆန်းတစ်မျိုးသာ ဆန်တစ်အိတ်လျှင် ၅၀၀၀ ကျပ်ဝန်းကျင် ဈေးမြင့်လာခဲ့ပြီး ကျန်ဆန်အမျိုးအစားများမှာ ယခင်အပတ်ဈေးနှုန်းများဖြင့်သာ ဈေးငြိမ်အရောင်းအဝယ်ဖြစ်ခဲ့သည်။ ရွှေဘိုပေါ်ဆန်းမှာ ဆန်အဟောင်းလက်ကျန်နည်းခြင်းနှင့်ဆန်သစ်ထွက်ရှိမှုနည်းခြင်းတို့ကြောင့် ဈေးကွက်သို့ ကုန်အဝင်နည်းကာ ဈေးမြင့်လာခဲ့ခြင်းဖြစ်သည်။ ပြည်ပပို့ဆန်အမျိုးအစား များမှာလည်း ဈေးငြိမ်လျက်ရှိကြောင်းသိရသည်။ ဖိလစ်ပိုင်၊တရုတ်၊စပိန်၊ ပိုလန်၊ နယ်သာလန်စသော နိုင်ငံများသို့ ပင်လယ်ရေကြောင်းမှ ပုံမှန်တင်ပို့မှုရှိကြောင်း သိရသည်။ ပြင်ပရှိလက်လီဈေးကွက်များတွင်လည်း အရည်အသွေးပိုမိုကောင်းမွန်သော ဆန်များအား သတ်မှတ်ဈေးနှုန်းများထက် ပိုမိုသောဈေးနှုန်းများဖြင့်ရောင်းဝယ်လျက်ရှိသည်။ရန်ကုန်ဈေးကွက် သို့ ဖျာပုံ၊ မော်ကျွန်း၊ ဘိုကလေး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ကော့မှူး၊ တွံတေး၊ ဝါးခယ်မ၊ မြောင်းမြ၊ ကျိုက်လတ် ၊ လပွတ္တာ၊ ရွှေဘိုဒေသများမှ ဆန်ဝင်ရောက်မှု ပုံမှန်ရှိခဲ့ကြောင်း သိရသည်။
အစေ့ထုတ်ပြောင်း
အစေ့ထုတ်ပြောင်းများအား ထိုင်းနှင့် အိန္ဒိယနိုင်ငံများသို့ အကောက် ခွန်လွတ်တင်သွင်း နိုင်သော ကာလဖြစ်ခြင်း၊ ပြည်ပဝယ်လက်များမှ ဝယ်ယူမှုများခြင်း၊ စိုက်ပျိုးထွက်ရှိရာ ဒေသများ တွင် သွင်းအားစုများဈေးမြင့်ခဲ့ခြင်းနှင့် နယ်မြေတည်ငြိမ်ခြင်းတို့ကြောင့် စိုက်ဧကနှင့် အထွက်နှုန်းများ လျော့ နည်းကာပြည်တွင်းလက်ကျန်နည်းလာချိန်ဖြစ်ခြင်း၊ဆက်လက်၍လည်း စိုက်ပျိုး ထုတ်လုပ်မှု နည်းလာနိုင်ဖွယ်ရှိခြင်း၊ ပင်လယ်ရေကြောင်းမှ ပုံမှန်တင်ပို့မှုရှိခြင်းတို့ကြောင့် အစေ့ ထုတ်ပြောင်းဈေးနှုန်းမှာ ယခင်အပတ်ထက် ဈေးမြင့်လာခဲ့သည်။ အစေ့ထုတ်ပြောင်း ၅၄ ပိဿာလျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်းမှာ ၉၃၉၆၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၉၅၀၄၀ ကျပ်သို့ ရောက်ရှိဈေးမြင့်ခဲ့ခြင်းဖြစ်သည်။
စားဖိုဆောင်သီးနှံ
ငရုတ်ခြောက်(ရှည်)မှာ ပန်းရဲနှင့် မြားနီငရုတ်ခြောက်များ ဈေးကွက် သို့ ကုန်အဝင် ပုံမှန်ရှိခြင်း၊ အအေးခန်းလှောင်စများလည်း ပုံမှန်ဝင်ရောက်မှုရှိခြင်း၊ စားသုံးသူများမှ ပုံမှန် ဝယ်ယူမှုရှိခြင်းကြောင့်လည်းကောင်း၊ ငရုတ်ခြောက်(လတ်)မှာ မြစ်ဝ(မိုးထောင်)တစ်မျိုးသာ ဈေးကွက်သို့ ကုန်အဝင်ရှိသော်လည်း ဝယ်ယူစားသုံးမှုနည်းခြင်းကြောင့်လည်းကောင်း၊ ငရုတ် ခြောက်(ပွ)မှာ ဆင်ဖြူကျွန်း(ပု)နှင့်မြစ်ဝ(ပု)နှစ်မျိုးသာ ဈေးကွက်သို့ ကုန်အဝင်ရှိခြင်း၊ ကုန်အဝင် နည်းခြင်းနှင့် စားသုံးသူများမှလည်း ဝယ်လိုအားနည်းခြင်းတို့ကြောင့်လည်းကောင်း ယခင်အပတ် ဈေးနှုန်းများဖြင့်သာ ဈေးငြိမ်အရောင်းအဝယ်ဖြစ်ခဲ့သည်။ ငရုတ်ခြောက်(ရှည်၊ လတ်၊ ပွ) တစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှ ဈေးနှုန်းမှာ ၇၇၅၀-၁၁၀၀၀-၁၀၅၀၀ ကျပ်ဖြစ်ပြီး ယခု အပတ်ဈေးနှုန်းမှာ ၈၀၀၀-၇၅၀၀-၁၅၅၀၀ ကျပ်ဖြစ်သည်။ ကြက်သွန်နီ (ထူး၊ လတ်၊ သေး)မှာ မြင်းခြံ၊ ဆိပ်ဖြူ၊ မုံရွာ၊ရွှေဘို၊ မြစ်သား၊ တောင်သာ၊ ပခုက္ကူ၊ အောင်လံ၊ တောင်တွင်းဒေသများမှ ဈေးကွက်သို့ ကုန်အဝင်လျော့လာခြင်းကြောင့် ယခင်အပတ်ထက် ဈေးမြင့်လာခဲ့ခြင်းဖြစ်သည်။ ကြက်သွန်နီ (ထူး၊ လတ်၊ သေး) တစ်ပိဿာလျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်းမှာ ၁၃၃၈-၁၂၀၇-၈၃၈ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၁၄၂၅-၁၃၂၅-၁၀၂၅ ကျပ်သို့ ရောက်ရှိဈေးမြင့်ခဲ့ခြင်းဖြစ်သည်။ကြက်သွန်ဖြူဈေးနှုန်းများမှာရှမ်းကြက်သွန်ဖြူ၊ မြန်မာကြက်သွန်ဖြူနှင့်တရုတ်ကြက်သွန်ဖြူများ ဈေးကွက်အသီးသီးသို့ ကုန်အဝင်ပုံမှန်ရှိနေခြင်း၊ စားသုံးသူများမှာလည်း ပုံမှန်ဝယ်ယူမှုသာ ရှိခြင်းတို့ကြောင့် ယခင်အပတ် ဈေးနှုန်းများဖြင့်သာ ဈေးငြိမ်အရောင်း အဝယ်အေးခဲ့သည်။ ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာလျှင် ပျမ်းမျှဈေး နှုန်းမှာ ၈၅၀၀ ကျပ်ဖြစ်ပြီး ကြက်သွန်ဖြူ (ရှမ်း)တစ်ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၆၅၀၀ ကျပ်ဖြစ်သည်။ တရုတ် အာလူးနှင့် ဟဲဟိုးအာလူးများ ဈေးကွက်သို့ ကုန်အဝင်ပိုလာသော်လည်း စာသင်ကျောင်း များဖွင့်ချိန်ဖြစ်၍ ဝယ်လိုအားများခြင်း၊ အာလူးအရည်အသွေး ကောင်းမွန်ခြင်းတို့ကြောင့် ယခင်အပတ်ထက် သိသာစွာ ဈေးမြင့်လာခဲ့သည်။ အာလူး(S1၊ OK၊ A1) တစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၂၈၀၀-၂၈၀၀-၂၅၀၀ ကျပ်ဖြစ်ပြီး ယခုအပတ် ဈေးနှုန်းမှာ ၃၀၀၀-၃၀၀၀-၂၇၀၀ ကျပ်ဖြစ်သည်။ တရုတ်အာလူးတစ်ပိဿာလျှင် ယခင် အပတ်ပျမ်းမျှဈေး နှုန်းမှာ ၃၀၅၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၃၂၅၀ ကျပ်သို့ ရောက်ရှိဈေးမြင့်ခဲ့သည်။
စားသုံးဆီ
ကမ္ဘာ့စားအုန်းဆီဈေးကွက်တွင် ထုတ်လုပ်မှုများ ပြန်ကောင်းလာနိုင်သော ရာသီချိန်ဖြစ် ခြင်း၊ ဟင်းသီးဟင်းရွက်ဆီ အဓိကဝယ်လက်ဖြစ် သည့် အိန္ဒိယနိုင်ငံ၏ စားအုန်း ဆီတင်သွင်းမှုလျော့ကျခဲ့ခြင်း၊ စားအုန်းဆီလက်ကျန်ပိုများလာခြင်းကြောင့် ကြိုပွိုင့်ဈေး နှုန်းများ ကျဆင်းလာခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။ စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း၊ လုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ၂၀၂၅ ခုနှစ်၊ ဇွန် ၉ ရက်မှ ၁၅ ရက်အထိ ကုန်ဆုံးသောကာလအတွက် ထုတ်ပြန်ထားသော ရန်ကုန်အထိုင်လက်ကားရည်ညွှန်းဈေးနှုန်းမှာ ၆၁၈၅ ကျပ်ဖြစ်သည်။ ယခင်အပတ်ဈေးနှုန်းထက်တစ်ပိဿာလျှင် ၁၂၅ ကျပ်နှုန်း ဈေးနိမ့်လာခဲ့ခြင်းဖြစ်သည်။ပြင်ပရှိလက်လီဈေးကွက်တွင် သတ်မှတ်ထားသော ဆီဆိုင်အချို့၌ ရည်ညွှန်းဈေး နှုန်းထက်များစွာ မကွာသော ဈေးနှုန်းများဖြင့် တစ်အိမ်ထောင်လျှင် စားအုန်းဆီ (၅၀)ကျပ်သား နှုန်း ရောင်းချပေးလျက်ရှိသည်။ အချို့သော မြို့နယ်များတွင် စားအုန်းဆီတစ်ပိဿာ၏ ပြင်ပ ပေါက်ဈေးမှာ ၁၀၀၀၀ ကျပ်ဝန်းကျင်ဖြစ်သည်။
အေးသန္တာဝင်း