ဘင်္ဂလားဒေ့ရှ်မှ သရက်သီးများ တရုတ်သို့ ပထမဆုံးအကြိမ် ဝင်ရောက်

ဘင်္ဂလားဒေ့ရှ်မှ သရက်သီးများ တရုတ်သို့ ပထမဆုံးအကြိမ် ဝင်ရောက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရုတ်နိုင်ငံသို့ ပထမဆုံး တင်ပို့သည့် သရက်သီး (၃)တန်သည် တရုတ် နိုင်ငံအလယ်ပိုင်း၊ ဟူနန်ပြည်နယ်၊ ချန်ရှားမြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။ ရောက်ရှိလာချိန်တွင် Changsha Huanghua အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ အကောက်ခွန်အရာရှိများသည် တင်ပို့သည့်တံဆိပ်များနှင့် ပိုးမွှားကင်းရှင်းကြောင်းလက်မှတ်များကို ချက်ချင်းစစ်ဆေးကာ ထုပ်ပိုးမှုနှင့် သစ်သီးများကို ဖွင့်ဖောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အကောက် ခွန်ရှင်းလင်းမှုကို ခွင့်ပြုပေးခဲ့ကြောင်း သိရှိရပါသည်။

သရက်သီးများသည် ၎င်းတို့၏ နူးညံ့သောအရသာ၊ သကြားပါဝင်မှုမြင့်မားပြီး မွှေးပျံ့သည့် ရနံ့တို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လူသိများသောထုတ်ကုန်တစ်ခုဖြစ်ကြောင်း၊ သစ်သီးများကို တရုတ်နိုင်ငံတစ်ဝန်းရှိ e-commerce ပလက်ဖောင်းများ၊ ဈေးဝယ်စင်တာများနှင့် လတ်ဆတ်သော သစ်သီးဆိုင်ခွဲများမှတစ်ဆင့် ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း တင်သွင်းသူ Hunan BabaiLi Holding Group မှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ယခင်က အရှေ့အလယ်ပိုင်းနှင့် အီးယူသို့ အဓိကတင်ပို့ခဲ့သည့် ဘင်္ဂလားဒေ့ရှ် သရက်သီးများသည် ယခုအခါ တရုတ်နိုင်ငံသို့ ဝင်ရောက်လျက်ရှိပြီး ပထမနှစ်တွင် တန်ချိန် ၁၀၀ ကျော် တင်သွင်းမည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သရက်သီးတင်သွင်းမှုကို တရုတ်နိုင်ငံက အတည်ပြုခဲ့ကြောင်း၊ ပို့ဆောင်မှုအဆင်ပြေစေရန်အတွက် Changsha Customs သည် မူဝါဒညှိနှိုင်း ဆွေးနွေးခြင်းနှင့် quarantine ခွင့်ပြုချက်အပါအဝင် အစအဆုံးပံ့ပိုးကူညီပေးခဲ့ကြောင်း၊ လေဆိပ် တွင် အထူးသီးသန့်အဖွဲ့တစ်ဖွဲ့သည် သီးသန့်စစ်ဆေးခြင်းအစီအစဉ်ဖြင့် ကုန်ပစ္စည်း ဆိုက်ရောက်စစ်ဆေးခြင်းကို လျင်မြန်စွာ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် သရက်သီးတန်ချိန် ၂ ဒသမ ၇ သန်းခန့် ထွက်ရှိရန် မျှော်မှန်းထားပြီး တန်ချိန် ၅၀၀၀ ခန့် တင်ပို့ရန် စီစဉ်ထားကြောင်း စိုက်ပျိုးရေးတိုးချဲ့မှုဦးစီးဌာနထံမှ သိရှိရပါသည်။

သရက်သီးမြို့တော်ဟု လူသိများသော Chapainawabganj ၏ အနောက်မြောက်ပိုင်းဒေသသည် ၎င်း၏အရည်အသွေးမြင့်၊ ဓာတုကင်း စင်သောသရက်သီးများကြောင့် ကျော်ကြားကြောင်း၊ မကြာသေးမီနှစ်များအတွင်း ဓာတုပိုးသတ်ဆေးများထက် ပို၍ဘေးကင်းသည့်အစား ထိုးနည်းလမ်းဖြစ်သော တရုတ်အိတ်ထုပ်နည်းပညာသည် ဒေသခံတောင်သူများအကြားရေပန်းစား လာခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံ၏ သစ်သီးရောင်းဝယ်ရေးသည် တည်ငြိမ်စွာ တိုးတက်လာခဲ့ ကြောင်း၊ သစ်သီးတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၈ ဒသမ ၅၄ ဘီလီယံရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၂၀ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်လာကြောင်း၊ တင်သွင်းမှုစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၄၅ ဘီလီယံရှိပြီး ယခင်နှစ်ထက် ၆ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း သိရှိရပါသည်။

ယခုနှစ်သည် တရုတ်နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် (၅၀)ပြည့် နှစ်ပတ်လည်နေ့ဖြစ်ပြီး မကြာသေးမီနှစ်များအတွင်း နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသည် သိသိသာသာ နက်ရှိုင်းလာခဲ့ကာ တရုတ်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်၏ အကြီးဆုံးကုန်သွယ် ဖက်အဖြစ် ၁၅ နှစ်ဆက်တိုက် ရပ်တည်လျက်ရှိကြောင်း သိရှိရပါသည်။        

ကေခိုင်ကျော်

https://english.news.cn/20250528/ 1d31d025850f4b3eb0484146467cb8bd/c.html