လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

နေပြည်တော် ၊  ဇွန် ၆

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဇွန် ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနများမှ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးဌာနမှူးများ၊ တက်ရောက်ကြပြီး နေပြည်တော်နှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့ဝင် လယ်ယာကဏ္ဍဆိုင်ရာဝန်ကြီးများနှင့် တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။

လုပ်ငန်းညှိနှိုင်းဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က အမှာစကား ပြောကြားရာ၌ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတိုးတက်အောင်မြင်ရေး စီမံဆောင်ရွက်ရာတွင် စားရေရိက္ခာဖူလုံရေးသာမက မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေး လုပ်ငန်းများနှင့် နိုင်ငံ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအတွက် အထောက်အပံ့ဖြစ်စေရန် လယ်ယာကုန်ထုတ်လုပ်ငန်းများမှ  ပြည်တွင်း/ပြည်ပ ဝင်ငွေ တိုးတက်ရှာဖွေ ပေးနိုင်ရေး ကြိုးပမ်းကြရန်လိုအပ်လျက်ရှိကြောင်း၊

စိုက်ပျိုးရေးလုပ်ငန်းများအနေဖြင့် ဒေသအလိုက် လျာထားဧကပြည့် စိုက်ပျိုးရန်နှင့် စိုက်ဧရိယာအားလုံး ပန်းတိုင်အထွက်ရရှိရေး စနစ်တကျကြပ်မတ် ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ မွေးမြူရေးကဏ္ဍတွင်လည်း သတ်မှတ်တိရစ္ဆာန်ကောင်ရေ အပြည့်အဝ မွေးမြူ လုပ်ကိုင်ရေးနှင့် ဖြစ်ထွန်းအောင်မြင်မှုရှိအောင် စီမံဆောင်ရွက်ပြီး ဒေသအလိုက် အသား စားသုံးမှုလိုအပ်ချက်နှင့်အညီ ထုတ်လုပ်နိုင်ရေး အားသွန်ခွန်စိုက် ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ အလားတူ ငါးလုပ်ငန်းတွင်လည်း ပြည်ပပို့ကုန်များ တိုးတက်ထုတ်လုပ်ပြီး နိုင်ငံ့ဝင်ငွေတိုးတက်ရှာဖွေနိုင်ရေး လမ်းညွှန်မှုပြုထားပါကြောင်း၊ 

အဆိုပါလုပ်ငန်းများ အောင်မြင်ရေးအတွက် တောင်သူကိုယ်တိုင် အပြည့်အဝပူးပေါင်း ဆောင်ရွက်လာကြစေရန်လိုအပ်သဖြင့် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများက အုပ်ချုပ်ရေး နည်းလမ်း စည်းရုံးရေးနည်းလမ်းများဖြင့် ထိရောက်စွာဆောင်ရွက်နိုင်ရန် ယခုဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ ဆွေးနွေးချက်များအပေါ် ဝိုင်းဝန်းသုံးသပ်၍ လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ်ပြီး သီးနှံစတင်စိုက်ပျိုးသည်မှ ရိတ်သိမ်းသိုလှောင်သည်အထိ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် မျိုး၊ မြေ၊ ရေ၊ နည်း ပြည့်စုံမှန်ကန်စွာ ဆောင်ရွက်နိုင်ကြစေရေး စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ နေပြည်တော်နှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရ အဖွဲ့ဝင် လယ်ယာကဏ္ဍဆိုင်ရာဝန်ကြီးများနှင့် တာဝန်ရှိသူများက ဒေသအလိုက် စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများ လျာထားချက်နှင့်အညီအောင်မြင်စွာဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်နေမှုနှင့် လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ဒုတိယဝန်ကြီးများ က လုပ်ငန်းရပ် တစ်ခုချင်းအပေါ် သုံးသပ် ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီး က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။                       

MOALI