ဒေသတစ်ခု ထုတ်ကုန်တစ်မျိုး၊ ရွှေဘိုပေါ်ဆန်းစပါး

ဒေသတစ်ခု ထုတ်ကုန်တစ်မျိုး၊ ရွှေဘိုပေါ်ဆန်းစပါး

paddy

ဆန်စပါးသည် နှံစားသီးနှံများအနက် စိုက်ပျိုးထုတ်လုပ်သုံးစွဲမှု အများဆုံးသီးနှံဖြစ်ပြီး ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံခန့်သည် ဆန်စပါးကို အဓိက အစား အစာအဖြစ် စားသုံးလျက်ရှိကြရာ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအတွက် အဓိကကျသော သီးနှံတစ်ခုဖြစ် သည်။ မြန်မာနိုင်ငံအနေဖြင့်လည်း ဆန်စပါးသည် အဓိကစားသုံးသော သီးနှံဖြစ်ပြီး မြန်မာ့စီးပွားရေး၏ အသက်သွေးကြောလည်းဖြစ်ကာ နှစ်စဉ် ဧက  ၁၇ သန်း ကျော် စိုက်ပျိုးလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စီးပွားရေး ဦးတည်ချက်များကို ချမှတ်ရာတွင် ‘‘တိုင်းပြည် သာယာဝပြောရေးနှင့်စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင်တည်ဆောက်ရေး” ကို ပထမဦးဆုံးဦးတည်ချက်အဖြစ်သတ်မှတ်ထားသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတာဝန်ယူရသည့်အချိန်အတွင်း ပြည်ပသွင်းကုန်အစားထိုးရေး၊ ပြည်တွင်းကုန်ထုတ် လုပ်မှုမြှင့်တင်ရေး၊ ပြည်တွင်းမှပိုလျှံသည်တို့ကို ပြည်ပသို့တင်ပို့နိုင်ရေးအတွက် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံရှိ ဒေသအသီးသီးတွင်ဒေသထွက်ကုန်များကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်ပြီး ဒေသ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်နိုင်သည့်အလားအလာကောင်းများ များစွာရှိသည်ဖြစ်ရာစစ်ကိုင်းတိုင်းဒေသကြီးအတွင်း အောင်မြင်စွာစိုက် ပျိုးထုတ်လုပ်လျက်ရှိသည့် ရွှေဘိုပေါ်ဆန်းစပါးသည်လည်း ပြည်တွင်းပြည်ပ ဈေးကွက်တွင် ခိုင်မာစွာရပ်တည်နိုင်သည့် ဒေသတစ်ခု ထုတ်ကုန်တစ်မျိုး One Region One Product (OROP) ထုတ်ကုန်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိသည်။ 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရွှေဘိုပေါ်ဆန်းစပါးစတင် စိုက်ပျိုးမှုအနေဖြင့်  ရွှေဘိုမြို့နယ် သီးလုံးကျေးရွာ မှ တောင်သူတစ်ဦးသည် ၁၉၉၇- ၁၉၉၈ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်း မြို့နယ်၊ ဗုံလုံကျေးရွာမှ ပေါ်ဆန်းဘေးကြားစပါး မျိုး ၄ ပြည်ယူဆောင်ခဲ့ပြီး စမ်းသပ်စိုက်ပျိုးခဲ့ရာမှ စတင်ခဲ့သည်။ 

 ၂၀၀၄-၂၀၀၅ ခုနှစ်တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ မျိုးသန့်မျိုးပွားမျိုးစေ့ (Register Seed ) အဆင့်ရှိ ပေါ်ဆန်းဘေးကြား ၆၀ တင်း သယ်ယူ၍ ရွှေဘိုမြို့နယ်အတွင်းရှိ မျိုးစေ့ထုတ်အကျိုးဆောင်တောင်သူ များနှင့်မျိုးပွားခြင်းများကို ဆောင်ရွက်ခဲ့ရာ ရွှေဘိုဒေသ ရေမြေရာသီဥတုနှင့်ကိုက်ညီပြီး စိုက်ပျိုးဖြစ်ထွန်းမှု ကောင်းမွန်ခြင်း၊အထွက်နှုန်း ကောင်းမွန် ခြင်း၊ ဆန်ထွက်ကောင်းခြင်းနှင့် စားသုံးမှု အရသာ ကောင်းမွန်ခြင်းတို့ကြောင့် လူကြိုက်များလာခဲ့ရာ တောင်သူအချင်းချင်း မျိုးဖလှယ်၍ စိုက်ပျိုးမှု များပြားလာခဲ့ပြီး ၂၀၀၆ - ၂၀၀၇ ခုနှစ်ခန့်မှ စတင်၍ မန္တလေးဈေးကွက်တွင် ရွှေဘိုပေါ်ဆန်းဟု နေရာရလာကာ လူကြိုက်များလာခဲ့သည်။

ရွှေဘိုပေါ်ဆန်းစပါးနှင့်ဆန်၏ ထူးခြားကောင်းမွန်သည့် လက္ခဏာများသည် ဒေသ ရေမြေ ရာသီဥတုနှင့် ကိုက်ညီသည့်အတွက် စပါးအထွက်ကောင်းခြင်း၊ အလေးချိန်စီးပြီး အနှစ်ပြည့်ဝခြင်း၊ စပါးပေါ်ချိန်မှစ၍ သိုလှောင်ချိန်ကာလများအထိ ဈေးကွက်ခိုင်မာပြီး ဈေးကောင်းရခြင်း၊ ဆန်ထွက်ကောင်းပြီး ဆန် အရည်အသွေးနှင့်ဆန်သားကောင်းမွန်ခြင်း၊ စပါးရိတ်ချိန်တွင် အစေ့ကြွေကျမှုနည်း၍ လေလွင့်မှုသက်သာခြင်း၊ အိုးတက်ခြင်း၊ အနံမွှေးပြီးနူးညံ့သဖြင့် စားကောင်းသည့်ဆန်ဖြစ်ခြင်းတို့ကြောင့်  ၂၀၁၁ ခုနှစ် ဗီယက် နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင် ကျင်းပ ပြုလုပ်ခဲ့သော  အပြည်ပြည်ဆိုင်ရာ ဆန်စပါးညီလာခံတွင် “ကမ္ဘာ့အကောင်း ဆုံးဆန် (World Best Rice)” အဖြစ် ရွေးချယ်ခံခဲ့ရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၏  ၂၀၂၃ - ၂၀၂၄ ခုနှစ် စပါးစိုက်ဧရိယာ ၁၈  သိန်းအနက် ရွှေဘိုပေါ်ဆန်း ၃၅၆၈၄၂ ဧက စိုက်ပျိုးခဲ့သဖြင့် တိုင်းဒေသကြီး၏ ၂၀ ရာခိုင်နှုန်းခန့် စိုက်ပျိုးလျက်ရှိသည်။  တိုင်းဒေသကြီးအတွင်း ခရိုင်အလိုက်ရွှေဘိုပေါ်ဆန်း စိုက်ပျိုး မှု အနေဖြင့် ရွှေဘိုခရိုင်၂၁၈၃၄၄ ဧက၊ ရေဦးခရိုင် ၁၁၁၈၉၀ ဧက၊ ကန့်ဘလူခရိုင် ၂၂၇၄၅ ဧက စိုက်ပျိုးပြီး ကလေးခရိုင်၊ ကသာခရိုင်၊ မုံရွာခရိုင်နှင့် စစ်ကိုင်းခရိုင်များတွင် အနည်း ငယ်စီ စိုက်ပျိုးကြသည်။ တစ်ဧက ပျမ်းမျှ အထွက်နှုန်း အနေဖြင့် ၈၁ တင်းနှုန်း ထွက်ရှိခဲ့ပြီး စိုက်ပျိုးထုတ်လုပ်မှု  ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် ကျပ် ၁၀ သိန်းခန့် ကုန်ကျကြောင်း သိရှိရသည်။

ရွှေဘိုပေါ်ဆန်း စိုက်ပျိုးခြင်းဖြင့် ရရှိမည့် အကျိုးအမြတ်အနေဖြင့် ယခုလက်ရှိ ဈေးနှုန်း များအရ ရွှေဘိုပေါ်ဆန်း ( စပါး) တင်း ၁၀၀ လျှင်   ၄,၀၀၀,၀၀၀ ကျပ် အထိ ရောင်းချရကြောင်းနှင့် ရွှေဘိုပေါ်ဆန်း(ဆန်) ၁၀၉ ပေါင် တစ်အိတ်လျှင် ငွေကျပ်  ၁၇၀,၀၀၀ မှ  ၁၈၀,၀၀၀ ဈေးနှုန်း ရရှိကြောင်း သိရှိရပါသည်။

ရွှေဘိုပေါ်ဆန်းဈေးကွက်ရရှိမှု  အနေဖြင့် ၂၀၁၀ ခုနှစ်မှ စတင်၍ ရန်ကုန်ဈေးကွက်သို့ အများဆုံးတင်ပို့ရောင်းချခဲ့ရပြီး ယခုလက်ရှိတွင် ရွှေဘို ပေါ်ဆန်း ဆန်ဈေးကွက်သည် တဖြည်း ဖြည်း ကျယ်ပြန့်လာပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စသည့် မြို့ကြီးများအပြင် တောင်ပေါ်ဒေသများဖြစ်သည့် ရှမ်း၊ ကယား ၊ ကရင် စသည့် ဒေသများတွင်လည်း ဈေးကွက်ရရှိပြီး ဝယ်လိုအားကောင်းသည့် ထွက်ကုန်တစ်ခုဖြစ်ပါသည်။

ထိုသို့ ဈေးကွက်ကောင်းမွန်၍ ပြည်တွင်းပြည်ပ ဝယ်လိုအားရှိသည့်  ရွှေဘိုပေါ်ဆန်းစပါးအား ဈေးကွက်ဝင် အရည်အသွေးမြင့်ဆန်များ ထုတ်လုပ်ရောင်းချနိုင်ရေးနှင့် ဈေးကွက် ခိုင်မာစေရေးအတွက်  ရွှေဘိုပေါ်ဆန်းစပါး ဝယ်ယူကြိတ်ခွဲ တင်ပို့ရောင်းချလျက်ရှိသည့်  ဆန်စက်လုပ်ငန်းရှင်များသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ဆန်စက်များမှ အဆင့်မြင့် နည်းပညာများဖြင့် ကြိတ်ခွဲပြီး ဆန် အရောင်ရွေးစက်များဖြင့် သန့်စင်၍ ပထမတန်းစားဆန် အဖြစ် ဈေးကွက်သို့ တင်ပို့ရောင်းချပါက ပြည်တွင်း ၊ ပြည်ပ ဈေးကွက် ခိုင်မာစွာရရှိနိုင်မည့် ဒေသထွက်ကုန် တစ်မျိုးဖြစ်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးမှ ထွက်ရှိ သည့် ရွှေဘိုပေါ်ဆန်းအား မြန်မာ နိုင်ငံ၏ ပထမဆုံး ပထဝီဒေသဆိုင်ရာ အညွှန်းကိန်း Geographical Indication (GI) ရရှိရေးအတွက် ဌာနဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများနှင့်  ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါသည်။

ရွှေဘိုပေါ်ဆန်း G I ရရှိပါက အဆိုပါ ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချမှု ပိုမို ဖွံ့ဖြိုး တိုးတက်လာခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာပြီး စိုက်ပျိုး ထုတ်လုပ်သူ တောင်သူများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်ကြီးများ အားလုံးအတွက် အကျိုးကျေးဇူး များစွာ ရရှိလာသဖြင့် ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်သည့် ကွင်းဆက် တစ်ခုလုံးအတွက် အကျိုးအမြတ် ရရှိစေပြီး ဒေသ၏ စီးပွားရေး ဖွံ့ဖြိုးတိုး တက်လာနိုင်မည် ဖြစ်သည့်အပြင် ဈေးကွက် အနေဖြင့်လည်း လက်ရှိတင်ပို့နေသည့် အရှေ့တောင်အာရှ နိုင်ငံများ သာမက ဥရောပဈေးကွက် နှင့် အနောက်နိုင်ငံ ဈေးကွက်များ သို့ပါ တင်ပို့နိုင်မည့် အလားအလာ များ ရရှိနိုင်သဖြင့် မြန်မာ့ဆန်ဈေးကွက်တွင် ရွှေဘိုပေါ်ဆန်း၏ အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာနိုင်မည် ဖြစ်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရွှေဘိုပေါ်ဆန်းအား ဒေသတစ်ခုထုတ်ကုန်တစ်မျိုး ထုတ်လုပ်နိုင်ရေးအတွက် ရွှေဘိုပေါ်ဆန်း ဝယ်ယူကြိတ်ခွဲတင်ပို့ရောင်းချလျက်ရှိသော ဆန်စက်လုပ်ငန်းရှင်များနှင့် စိုက်ပျိုးသူတောင်သူများ အချိတ်အဆက်မိစွာဖြင့် ရွှေဘိုပေါ်ဆန်း စပါး အရည် အသွေး စနစ်တကျထိန်းသိမ်းဆောင် ရွက်ခြင်း၊ ဈေးကွက်ခိုင်မာစေရေးအတွက် ဆန်စက်လုပ်ငန်းရှင်များ ၊ ဆန်ကုန်သည်များအချင်းချင်းညှိနှိုင်းချိတ်ဆက် ဖြန့်ဖြူးရောင်းချခြင်း၊ ကြိတ်ခွဲ တင်ပို့ရောင်းချရာတွင်လည်း အရည်အသွေးကောင်းသည့် ဆန်များ ရရှိစေရေး၊ တောင်သူများ အနေဖြင့် မျိုးကောင်းမျိုးသန့်စပါးမျိုးများ အသုံးပြု စိုက်ပျိုးစေရေး သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကာ အမျိုးသားပို့ကုန်မဟာဗျူဟာ ရည်မှန်းချက်အရ မြန်မာ့ ဆန်စပါး တိုးတက်ထုတ်လုပ်ပြီး  ပို့ကုန်တိုးမြှင့်ရန်နှင့် နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုး တိုးတက် လာစေရေး ကြိုးပမ်းဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

ဒေါက်တာတင်မာမာဦး