မန္တလေးဈေးကွက်

မန္တလေးဈေးကွက်

ဆန်

ရန်ကုန်ပေါ်ဆန်းမှာ အဝင်ပုံမှန် မြို့တွင်း စားသုံးမှု  ပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၁၁၅၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်းမှာလည်း ရွှေဘိုဒေသတစ်ခု ထဲမှထွက်ရှိသဖြင့် အဝင်နည်းသော်လည်း ယခုအပတ်မိုးများသဖြင့် အရောင်းအဝယ်အေးခြင်းကြောင့် တစ်အိတ် ၁၃၅၀၀၀ ကျပ်ဖြင့် ဈေးငြိမ် နေသည်။    မနောသုခဆန်မှာ အဝင်နည်းပြီး မိုးစပါးစိုက်ရန်ပြင်ဆင်ချိန်ဖြစ်ခြင်း၊ မြို့တွင်းလူလတ်တန်း စားအများသုံးဆန်ဖြစ်ခြင်းကြောင့် တစ်အိတ် ၈၀၀၀၀ကျပ်မှ ၉၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ ငစိန်ဆန်နှင့်ဇီယာဆန်မှာ ရန်ကုန်ဈေးကွက်မှ တစ်ဆင့်ဝင်ရောက်ပြီး ငစိန်ဆန်မှာ မုန့်လုပ်ငန်းသမား အဝယ်နည်းခြင်း၊ အဝင်ပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၇၂၀၀၀ ကျပ်ဖြင့် ဈေးတည် ငြိမ်နေပြီး ဇီယာဆန်မှာ ပြည်ပတင်ပို့မှုနည်းခြင်း၊ တောင်သူထုတ်ရောင်းမှုရှိခြင်းကြောင့် တစ်အိတ် ၉၀၀၀၀ ကျပ်မှ ၈၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ ဧရာမင်းဆန်မှာ အဝင်များလာခြင်း အသစ်များဖြစ်ခြင်း၊ အရောင်းအဝယ်အေးခြင်းကြောင့် တစ်အိတ် ၁၃၅၀၀၀ ကျပ်မှ ၁၂၅၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ ရန်ကုန်မှ မန္တလေးသို့ ဆန်တစ်အိတ် သယ်ယူပို့ဆောင် ခမှာ လမ်းပန်းဆက်သွယ်ရေးနှင့် အိတ်အနည်းအများပေါ်မူတည်၍ ၃၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်၊ ရွှေဘိုမှ တစ်အိတ် ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ် ဈေးရှိကြောင်းသိရသည်။

ဆီထွက်သီးနှံ

မြေပဲ (လုံးဆန်) ဈေးနှုန်းမှာ လှောင်သမားထုတ်ရောင်းမှုရှိခြင်း၊ လုပ်ငန်းသမားပုံမှန်ဝယ်ယူမှုရှိခြင်း၊ အရည်အသွေးကောင်း ရှားခြင်းကြောင့် ၁၀၀ ပိဿာ ၁၀၀၀၀၀၀ ကျပ်မှ ၁၀၂၀၀၀၀ ကျပ်သို့လည်းကောင်း၊ မြေပဲ(ဆီဆန်)မှာ ဆီစက်သမားအဝယ်ပုံမှန်ရှိခြင်း၊ ပစ္စည်းကောင်းရှားခြင်းကြောင့် ၁၀၀ပိဿာ အရည်အသွေးပေါ်မူတည်၍ အနိမ့်ဆုံး ၉၀၀၀၀၀ ကျပ်မှ ၉၃၀၀၀၀ ကျပ်ဈေးမြင့်သွားပြီး အမြင့်ဆုံး ၉၄၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ နှမ်းမျိုးစုံဈေးနှုန်းများအနက် နွေနှမ်းဝင်ချိန်နီးခြင်း၊ ပြည်ပပို့ရန် အဝယ်နည်းခြင်း၊ မြို့တွင်းလုပ်ငန်း သမား အဝယ်ရှိခြင်းကြောင့် နှမ်းဖြူ ၄၅ ပိဿာ အရည်အသွေး အကောင်းဆုံး ၃၆၅၀၀၀ ကျပ်ဖြင့် တည်ငြိမ်နေ ပြီး နှမ်းညိုမှာ အသစ်ဝင်ရောက်မှုရှိခြင်း၊ အရည်အသွေးကောင်းခြင်း၊ ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၄၅ ပိဿာ ၃၃၅၀၀၀ ကျပ်မှ ၃၅၀၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွား သည်။ နှမ်းနက် (စမုံ) မှာ အသစ်များ ဝင်ရောက်မှုရှိခြင်း၊ အသစ်များကိုသာ အရောင်းအဝယ်ဖြစ်မှုရှိခြင်းကြောင့် အရည်အသွေးပေါ်မူတည်၍ ၃တင်းတစ်အိတ် ၆၅၀၀၀၀ ကျပ်မှ ၇၅၀၀၀၀ ကျပ်ထိ ဈေးအမျိုးမျိုးနှင့် ရောင်းဝယ်နေသည်။ ပန်းနှမ်းဈေးနှုန်းမှာ စိုက်ဧကနည်း၊ အထွက်နည်း အဝင်နည်းခဲ့ခြင်း၊ ပစ္စည်းရှား၍ ဈေးမြင့်ခြင်း၊ အရောင်း အဝယ်အေးခြင်းကြောင့် ၄၅ ပိဿာ  ၂၆၈၀၀၀ ကျပ်မှ ၂၇၃၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ နေကြာမှာ ဆောင်းနေကြာအဝင်နည်းခြင်း၊ မိုးစိုက်အတွက် ပြင်ဆင်ချိန်ဖြစ်ခြင်း၊ ဆီစက်သမား အဝယ်နည်းအရောင်းအဝယ်အေးခြင်းကြောင့် ၂၇ ပိဿာ ၂၀၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

စားဖိုဆောင်သီးနှံ

ငရုတ် ခြောက် (ရှည်) တစ်ပိဿာ ၈၀၀၀ကျပ်၊ ငရုတ်ခြောက် (လတ်)တစ်ပိဿာ ၁၀၀၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ ငရုတ်ခြောက် (ပွ) တစ်ပိဿာ ၁၈၀၀၀ ကျပ်ဖြင့် မြို့တွင်းသုံးဝယ်ယူမှုသာရှိသည်။ ယခုအခါ ကြက်သွန်နီများ မြစ်သားဘက်မှ လှိုင်လှိုင် ဝင်ရောက်ခြင်း၊ လမ်းပန်းဆက် သွယ်ရေးနှင့် ရာသီဥတုအခြေအနေများကြောင့် နယ်ဝေးတင်ပို့ရမှု နည်းခြင်းကြောင့် ကြက်သွန်နီ(ကြီး) တစ်ပိဿာ ၁၈၀၀ ကျပ်မှ ၁၇၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး လတ်တစ်ပိဿာ ၁၅၀၀ ကျပ်၊ သေး တစ်ပိဿာ ၁၃၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ကြက်သွန်ဖြူဈေးနှုန်းအနေဖြင့် အဝင်နည်းသော် လည်း အဝေးတင်ပို့ရမှု နည်းခြင်းကြောင့် ကြက်သွန်ဖြူ (တရုတ်) တစ်ပိဿာ ၁၂၅၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ကြက်သွန်ဖြူ (ရှမ်း)မှာ သုံးမျိုး လုံးယှဉ်ပြိုင်ဝင်ရောက်ခြင်း၊ မြို့တွင်းသုံးစွဲမှုသာရှိခြင်းကြောင့် အညံ့ဆုံး တစ်ပိဿာ ၄၀၀၀ ကျပ် အကောင်းဆုံး တစ်ပိဿာ ၇၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ ကြက်သွန်ဖြူ(မြန်မာ)မှာ လက်ကျန် အရည်အသွေးညံ့ သွားခြင်း ကြောင့် သေးတစ်ပိဿာ ၅၀၀၀ကျပ်၊ ကြီးတစ်ပိဿာ ၈၀၀၀ကျပ်သို့ ဈေးနိမ့် သွားသည်။ အောင်ပန်းအာလူးများ အဝင်များလာခြင်း မြို့တွင်းသုံးစွဲမှု ပုံမှန်ရှိခြင်းကြောင့် အောင်ပန်းအာလူးတစ် ပိဿာ ၄၀၀၀ ကျပ် တရုတ်အာလူး ၃၂၀၀ ကျပ်ဖြင့် ရောင်းဝယ်နေသည်။ စားဖိုဆောင်သီးနှံများအား ယခုအပတ်တွင် လမ်းပမ်းဆက်သွယ်ရေး အရ ဗန်မော်အထက်ပိုင်း မော်လူး၊ ပင်လယ်ဘူး၊ မတ္တရာသို့ တင်ပို့မှု ရံဖန်ရံခါ ရှိသည်။

ပဲမျိုးစုံ

မတ်ပဲဈေးနှုန်းအနေဖြင့် ရန်ကုန်ဝယ်လက်နည်းခြင်း ပဲခွဲစက်နှင့် အခွံချွတ်သမား အဝယ်နည်းခြင်းကြောင့် ၃တင်းတစ်အိတ် ၂၈၆၀၀၀ကျပ်မှ ၂၈၂၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။ ပဲတီစိမ်း(အညာ)မှာ မတ္တရာ၊ စဉ်ကူး၊ ရွှေဘိုမှဝင်ရောက်ပြီး တရုတ်ဝယ်လက်နည်းခြင်း၊ အခွံချွတ် သမားအဝယ်သာရှိခြင်းကြောင့် ယခင်အပတ် ၃တင်းတစ်အိတ် ၄၃၀၀၀၀ကျပ်မှ ယခုအပတ် ၃၈၅၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။ ပဲပုတ်(ရှမ်း/မြန်မာ)တို့အနက် ပဲပုတ်(မြန်မာ)မှာ ပြည်တွင်းလုပ်ငန်းသုံးမျှသာဖြစ်ခြင်းကြောင့် အရောင်းအဝယ် အေးခြင်း၊ မိုးပဲအတွက် ပြင်ဆင်ချိန်ဖြစ်၍ လှောင်သမားထုတ်ရောင်းမှုရှိခြင်းကြောင့် ယခင်လ ၃တင်းတစ်အိတ် ၄၅၀၀၀၀ ကျပ်မှ ၃၉၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ ပဲပုတ်(ရှမ်း)မှာ အဝင်ပုံမှန် ဆီစက် သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၃တင်းတစ်အိတ် အရည်အသွေးအကောင်းဆုံး ၂၉၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ပဲစဉ်းငုံ(ဖြူ/နီ)တို့မှာ ရန်ကုန်ဝယ်လက်နည်းပြီး အရောင်း အဝယ်အေးခြင်းကြောင့် ပဲစဉ်းငုံ(နီ) ၃တင်း တစ်အိတ် ၂၇၄၀၀၀ ကျပ်မှ ၂၆၈၀၀၀ကျပ်၊ ပဲစဉ်းငုံ(ဖြူ) ၂၇၅၀၀၀ကျပ်မှ ၂၆၉၀၀၀ ကျပ်သို့ ဈေးမသိမသာ နိမ့်သွားသည်။ ကုလားပဲဈေးနှုန်းများအနက် ကုလားပဲ(လုံးဖြူကြီး V2) မှာ ရာသီဥတု အခြေအနေကြောင့် ပဲကြော်/ လှော်လုပ်ငန်းရှင်များ အဝယ်နည်းခြင်းကြောင့် ၃ တင်းတစ်အိတ် ၂၇၀၀၀၀ ကျပ်မှ ၂၆၅၀၀၀ ကျပ်သို့ ဈေးနိမ့် သွားသည်။ ကုလားပဲ(လုံးဝါကြီး)မှာ ပဲခွဲစက်များ အဝယ်နည်းခြင်းကြောင့် ၃တင်းတစ်အိတ် ၂၅၀၀၀၀ ကျပ်မှ ၂၄၇၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ ခွဲခြမ်းမှာ အဝင်ပုံမှန် စားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ ၆၄၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ပဲယင်း၊ မြေထောက်ပဲ၊ စားတော်ပဲ(ကျွန်း)တို့အနက် ပဲယင်းနှင့် မြေထောက်ပဲမှာ အဝင်ပုံမှန် မြို့တွင်း လုပ်ငန်းသုံးပုံမှန်ရှိခြင်းကြောင့် ပဲယင်း ၃တင်းတစ်အိတ် ၂၃၇၀၀၀ကျပ်၊ မြေထောက်ပဲ ၂၉၅၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေသည်။ စားတော်ပဲ (ကနေဒါ၊ ယူကရိန်း) စသော နိုင်ငံခြားစားတော်ပဲများ အဝင်နည်းခြင်း၊ လက်လီလုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ယခင်အပတ် ၃တင်းတစ်အိတ် ၄၈၀၀၀၀ ကျပ်မှ ၅၀၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ ပဲကြီး(ကြီး/သေး)၊ ထောပတ်ပဲ(ကြီး/သေး)တို့အနက် ပဲကြီး(ကြီး)မှာ အဝင်နည်းခြင်း (ပဲကြော်/လှော်) လုပ်ငန်းသမားအဝယ်ရှိခြင်းကြောင့် ၃တင်းတစ်အိတ် ၂၇၅၀၀၀ ကျပ်မှ ၂၈၅၀၀၀ကျပ်သို့ ဈေးမြင့်သွားပြီး ပဲကြီး(သေး) ၂၂၀၀၀၀ကျပ်၊ ထောပတ်ပဲ(ကြီး) ၃၂၀၀၀၀ ကျပ်၊ ထောပတ်ပဲ(သေး) ၂၉၈၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ဟင်းသီး/ရွက်နှင့် သစ်သီးဝလံ

ခရမ်းချဉ်(ရှမ်းတောင်)မှာ ညောင်ရွှေ၊ အင်းလေးတို့မှ ဝင်ရောက်ပြီး ၂၀ ပိဿာ တစ်သေတ္တာ အရည်အသွေးပေါ်မူတည်၍ ၃၀၀၀၀ ကျပ်မှ ၄၀၀၀၀ ကျပ်ဖြင့် မြို့တွင်းသုံးဝယ်ယူမှုသာရှိသည်။ ငရုတ်စို (ရှည်/နှင့် လတ်)တို့မှာ မုံရွာ၊ ချောင်းဦးမှ ဝင်ရောက်ပြီး ရာသီဥတုကြောင့် အဝင်နည်းသဖြင့် ငါးပိထောင်း၊ လက်ဖက်သမားအဝယ်သာရှိသော်လည်း ငရုတ်စို(ရှည်) တစ်ပိဿာ ၄၀၀၀ ကျပ်၊ လတ်တစ်ပိဿာ ၅၀၀၀ ကျပ်ရှိ ဈေးမြင့်သွားသည်။ 

ရမည်းသင်းမှ စပျစ်သီး တစ်ပိဿာ ၉၀၀၀ ကျပ်၊ မုံရွာ၊ သဲတော၊ ဝမ်းတွင်းမှ ဖရဲသီးတစ်လုံး ၂၀၀၀ ကျပ်မှ ၄၀၀၀ ကျပ်ဖြင့် ဝင်ရောက်မှုများနေသည်။ ပြင်ဦးလွင်မှ ဂျပန်နာနတ် များ ဝင်ရောက်ပြီး အရည်အသွေးပေါ်မူတည်၍ ၄၀၀ မှ ၆၀၀ကျပ်၊ သင်္ဘောသီး ၂လုံးထုပ် ၂၅၀၀ကျပ် တစ်လုံးထုပ် ၃၀၀၀ ကျပ်၊ လေခြူသီးတစ်ပိဿာ ၂၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်၊ အော်ဂင်လိမ္မော် ၁၀ ပိဿာတစ်ခြင်း ၁၁၀၀၀၀ ကျပ်ဖြင့် မုံရွာ၊ ပြင်ဦးလွင်၊ ရွှေဘို၊ မကွေး၊ ပခုက္ကူသို့ တင်ပို့မှုရှိသည်။

ဂျုံနှင့်အစေ့ထုတ်ပြောင်း

ငါန်ဇွန်၊ မြို့သာ၊ မုံရွာ၊ ဘုတလင်၊ စစ်ကိုင်း၊ ဆားတောင်၊ ရွှေဘို၊ မြင်းမူ၊ မြောင်ဂျုံ ၆၀ပိဿာ အရည်အသွေး ပေါ်မူတည်၍ ၂၀၀၀၀၀မှ ၂၁၀၀၀၀ ကျပ်ဖြင့် အဝင်ပုံမှန် ဂျုံစက်များဝယ်ယူမှုပုံမှန်ရှိခြင်းကြောင့် ဈေးတည်ငြိမ်နေသည်။ ကလေးဂျုံမှာ အဝင်နည်းသဖြင့် ၃တင်းတစ်အိတ် ၁၆၀၀၀၀ ကျပ်မှ ၁၆၂၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။ ရှမ်းဂျုံမှာ လည်း အထွက်နည်းခြင်း အဝင်နည်းခြင်းကြောင့် ၁၇၅၀၀၀ ကျပ်မှ ၁၈၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားပြီး ဩစတေးလျဂျုံမှုန့်မှာ တစ်ပိဿာ ၃၇၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ အစေ့ထုတ်ပြောင်းမှာ ထွက်ရှိရာဒေသမှ တိုက်ရိုက်ဆင်းဝယ်ယူမှုများရှိခြင်း၊ ဈေးကွက်အတွင်း အဝင်နည်းသော်လည်း အစာစပ်သမားဝယ်ယူမှုသာရှိခြင်းကြောင့် ၃တင်း တစ်အိတ် ၈၅၀၀၀ ကျပ်ဖြင့် တည်ငြိမ်နေသည်။                

ခင်မေကြည်