ရန်ကုန်ဈေးကွက်

ရန်ကုန်ဈေးကွက်

ဆန်

ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်းလမ်း) တွင် ထုတ်ပြန်ထားသည့် ဆန်ဈေးနှုန်းများအရ ရွှေဘိုပေါ်ဆန်းဆန်ဟောင်း အလတ်စတစ်တင်းခွဲတစ်အိတ်လျှင် ၁၄၈၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၄၅၀၀၀ကျပ်နှုန်းဖြင့်လည်းကောင်း၊ ရွှေဘိုပေါ်ဆန်း ဆန်သစ် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၃၃၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၃၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဖျာပုံပေါ်ဆန်း အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ပေါ်ကျွဲဆန် အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၀၁၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဇီယာဆန်အသစ် အလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၆၄၀၀၀ ကျပ်နှင့် အောက်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၆၃၀၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း အကြမ်း အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၅၈၀၀၀ ကျပ်နှုန်းနှင့်  အောက်စတစ်အိတ်လျှင် ၅၇၅၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း ငစိန်ဆန် အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၆၄၀၀၀ ကျပ်နှုန်းနှင့် အောက်စ တစ်အိတ်လျှင် ၆၃၀၀၀ကျပ်နှုန်းဖြင့်လည်းကောင်း ရောင်းဝယ်လျက်ရှိကြောင်းသိရသည်။ ယခင် အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းပြောင်းလဲမှုမရှိပါ။ အာရှတွင် စပါးအထွက်နှုန်း ကောင်းမွန်ခဲ့ခြင်းနှင့် စပါးလက်ကျန်များနေခြင်းကြောင့် စပါးဈေးနှုန်းများ ထပ်မံမြင့်တက်ရန် မရှိသေးခြင်း၊ လမ်းပန်း ဆက်သွယ်ရေးနှင့် နယ်ကျော်သယ်ဆောင်ရန် အခက်အခဲများကြောင့် လိုရာခရီးမရောက်ခြင်း စသည့် အခြေအနေများကြောင့် မိုးစပါးအဟောင်းများ လက်ကျန်များကာ ရောင်းလိုအားများခဲ့ပြီး နွေစပါးသစ်များမှာလည်း ဝယ်ယူသူနည်းခဲ့ခြင်းကြောင့် ရောင်းလိုအားများခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။ နွေစပါးလှိုင်ချိန်ဖြစ်ခြင်းကြောင့် တရုတ်၊ ဘူလ်ဂေးရီးယား၊ ဖိလစ်ပိုင်၊ စပိန်၊ ပိုလန်စသော နိုင်ငံများသို့ ပင်လယ်ရေကြောင်းမှ ပုံမှန်တင်ပို့မှုရှိသော်လည်း  ပြည်ပပို့ဆန်များ အတက်အကျနည်းကာ ဈေးငြိမ်လျက်ရှိသည်။ ပြည်တွင်းသုံးစွဲမှုများသော ဆန်အမျိုးအစားများမှာလည်း အရောင်းအဝယ်အေးကာ ဈေးငြိမ်လျက်ရှိသည်။ လက်လီဈေးကွက်များတွင်လည်း အရည်အသွေးပိုမိုကောင်းမွန်သော ဆန်များအား သတ်မှတ်ဈေးနှန်းများထက် ပိုမိုသောဈေးနှုန်းများဖြင့်ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။ ရန်ကုန်ဈေးကွက်သို့ ဖျာပုံ၊ မော်ကျွန်း၊ ဘိုကလေး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ကော့မှူး၊ တွံတေး၊ ဝါးခယ်မ၊ မြောင်းမြ၊ ကျိုက်လတ်၊ လပွတ္တာ၊ ရွှေဘိုဒေသများမှ ဆန်ဝင်ရောက်မှုရှိခဲ့ပြီး စားသုံးသူများက ပုံမှန်ဝယ်ယူမှုသာရှိခဲ့ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်း

အစေ့ထုတ်ပြောင်းများအား ထိုင်းနိုင်ငံသို့ အကောက်ခွန်လွတ်တင်သွင်းခွင့်ရသောကာလ ဖြစ်ခြင်း၊ ပင်လယ်ရေကြောင်းမှ တင်ပို့ရန် ပြည်ပဝယ်လက်များမှ ဝယ်ယူမှုများလာခြင်း၊ ထိုင်းနယ်စပ်တွင် ပြောင်းဈေးအနည်းငယ်မြင့်လာခြင်းတို့ကြောင့် အစေ့ထုတ်ပြောင်းဈေးနှုန်းများမှာ ယခင်အပတ်ထက် အနည်းငယ် ဈေးမြင့်လာခဲ့သည်။ အစေ့ထုတ်ပြောင်း ၅၄ ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၉၁၂၆၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၉၂၃၄၀ ကျပ်ဖြစ်သည်။

ပဲမျိုးစုံ

နိုင်ငံတကာကုန်သွယ်ရေးစစ်ပွဲနှင့် ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းများကြောင့် ကမ္ဘာ့ရွှေဈေးနှင့် အမေရိကန်ဒေါ်လာတန်ဖိုး မတည်ငြိမ်မှုများရှိနေခြင်း၊ အိန္ဒိယ ပြည်တွင်းဈေးကွက်တွင် ပဲခွဲစက်များမှ အဝယ်ကျဆင်းနေချိန်ဖြစ်ခြင်း၊ အိန္ဒိယအစိုးရ၏ လွတ်လပ်စွာတင်သွင်းခွင့် တစ်နှစ်ရရှိထားသော်လည်း အိန္ဒိယကုန်သည်များမှ ဝယ်လိုအားထိန်းနေခြင်း၊ အိန္ဒိယနိုင်ငံတွင် မုတ်သုံအဝင်စောခြင်းကြောင့် ပဲစင်းငုံစိုက်ဧကများတိုးချဲ့မည့် အလားအလာများရှိနေခြင်းစသည့် အခြေအနေများကြောင့် မတ်ပဲ (သင်္ဘောတင်) နှင့် ပဲစင်းငုံ (သင်္ဘောတင်) ဈေးနှုန်းများ ယခင်အပတ်ထက်ဆက်လက်ဈေးနိမ့်လာခဲ့သည်။ မတ်ပဲ(သင်္ဘောတင်) တစ်တန်လျှင် ယခင်အပတ်ပျမ်းမျှ ဈေးနှုန်းမှာ ၃၀၄၇၀၀၀ ကျပ်ဖြစ်ပြီး ယခု အပတ်ဈေးနှုန်း ၂၉၉၇၀၀၀ကျပ်သို့လည်းကောင်း၊ ပဲစင်းငုံ(သင်္ဘောတင်) တစ်တန်လျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၂၉၂၀၀၀၀ ကျပ်ဖြစ်ပြီး ယခု အပတ်ဈေးနှုန်း ၂၈၆၀၀၀၀ကျပ်သို့လည်းကောင်း အသီးသီးရောက်ရှိဈေးနိမ့်ခဲ့သည်။ ယခုရက် သတ္တပတ်အတွင်း ကုန်စည်ဒိုင်ဖွင့်ရက် ၆ ရက် ရှိခဲ့သော်လည်း မတ်ပဲ(သင်္ဘောတင်) မှာ ကုန် သေတ္တာ ၂၅လုံးခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ပြီး ပဲစင်းငုံ(သင်္ဘောတင်)မှာ ကုန်သေတ္တာ ၅ လုံးခန့် သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရသည်။ပဲတီရွှေဝါဈေးနှုန်းများမှာ တရုတ်နိုင်ငံအပြင် အခြား သောနိုင်ငံများမှ ဝယ်လိုအားရှိခြင်း၊ ပြည်တွင်းလက်ကျန်နည်းလာခြင်းနှင့် အချို့ဒေသများတွင် စိုက်ပျိုးရန် မျိုးပဲအဖြစ် ဝယ်ယူမှုရှိခြင်းတို့ကြောင့် ယခင်အပတ်ထက် ဆက်လက်ဈေးမြင့်လာခဲ့ သည်။ ပဲတီရွှေဝါ ၃ တင်း/ ၆၀ ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၄၀၅၆၀၀ ကျပ်မှ ယခုအပတ်ဈေးနှုန်းမှာ ၄၁၅၅၀၀ ကျပ်သို့ ရောက်ရှိဈေးမြင့်ခဲ့သည်။ ထောပတ်ပဲနှင့် ပဲလွမ်းဖြူမှာ ဈေးကွက်သို့ ကုန်အဝင်နည်းလာခြင်းနှင့် ဝယ်လိုအားများခြင်းတို့ကြောင့် ယခင်အပတ်ထက် ဆက်လက် ဈေးမြင့်ခဲ့သည်။  ထောပတ်ပဲ ၃ တင်း/ ၆၀ ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်း မှာ ၂၈၉၂၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၂၉၄၆၀၀ ကျပ်သို့လည်းကောင်း၊ ပဲလွမ်းဖြူ ၃ တင်း/ ၆၀ ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၂၆၂၅၀၀ ကျပ်ဖြစ်ပြီး ယခုအပတ် ဈေးနှုန်းမှာ ၂၇၂၄၀၀ ကျပ်သို့လည်းကောင်း အသီးသီး ရောက်ရှိ ဈေးမြင့်ခဲ့သည်။ ကုလားပဲမှာ ပဲသစ်အဝင်ရှိနေသေးခြင်းနှင့် လှောင်လက်ဝယ်ယူမှု ရှိခြင်းကြောင့်လည်းကောင်း ပဲပုပ်ပဲမှာ အရည်အသွေး အနိမ့်စအချို့ ဈေးကွက်သို့ ဝင်ရောက်မှုရှိလာခြင်းနှင့် ရောင်းလိုအား ဝယ်လိုအား မျှ နေခြင်းတို့ကြောင့်လည်းကောင်း ယခင်အပတ်ဈေးနှုန်းများဖြင့်သာ ဈေးငြိမ်အရောင်းအဝယ် ဖြစ်ခဲ့သည်။ ကုလားပဲ တစ်ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၄၄၇၀ ကျပ်ဖြစ်ပြီး ပဲပုပ်ပဲ ၃တင်း/၆၀ ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၃၆၇၅၀၀ ကျပ်ဖြစ်သည်။ ဘိုကိတ်ပဲမှာ ကုန်အဝင်နည်းလာ သော်လည်း အရည်အသွေးအနိမ့်စအချို့ဝင်ရောက်မှုရှိခြင်းနှင့် ဝယ်လိုအားနည်းခြင်းတို့ကြောင့် ယခင် အပတ်ထက်ဈေးနိမ့်လာခဲ့သည်။ ဘိုကိတ်ပဲ ၃တင်း/ ၆၀ ပိဿာလျှင် ယခင်အပတ် ပျမ်းမျှ ဈေးနှုန်းမှာ ၂၃၄၄၅၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၂၃၂၅၀၀ ကျပ်သို့ ရောက်ရှိဈေးနိမ့် ခဲ့သည်။  

စားသုံးဆီ

ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သော နိုင်ငံများတွင် ဖြစ်ပေါ်လျက်ရှိသော ဈေးကွက် ဈေးနှုန်းများအပေါ် အခြေခံ၍ စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း၊ လုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ၂၀၂၅ ခုနှစ်၊ မေ ၂၆  ရက်မှ ဇွန် ၁  ရက်အထိ ကာလအတွက် ထုတ်ပြန်ထားသော ရန်ကုန်အထိုင်လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၆၃၉၀ ကျပ်ဖြစ် သည်။ ယခင်အပတ် ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက စားအုန်းဆီတစ်ပိဿာလျှင် ၁၃၀ ကျပ်နှုန်း ဈေးနိမ့်လာခဲ့ခြင်းဖြစ်သည်။ ပြင်ပရှိ လက်လီဈေးကွက်တွင် သတ်မှတ်ထားသော ဆီဆိုင်အချို့၌ ရည်ညွှန်း ဈေးနှုန်းထက်များစွာ မကွာသောဈေးနှုန်းများဖြင့် တစ်အိမ်ထောင်လျှင် စားအုန်းဆီ ၅၀ ကျပ်သားနှုန်းရောင်းချပေးလျက်ရှိသည်။ အချို့သော မြို့နယ်များတွင် စားအုန်းဆီတစ်ပိဿာ ၏ ပြင်ပပေါက်ဈေးမှာ ၁၀၀၀၀ ကျပ်ဝန်းကျင်ဖြစ်သည်။

အေးသန္တာဝင်း