ရောင်းလိုအား ပြတ်တောက်မှုကြောင့် ကမ္ဘာ့အုန်းသီးဈေးနှုန်း မြင့်တက်

ရောင်းလိုအား ပြတ်တောက်မှုကြောင့် ကမ္ဘာ့အုန်းသီးဈေးနှုန်း မြင့်တက်

အုန်းသီးအဓိကထွက်ရှိသည့် နိုင်ငံများ၌ ရာသီဥတုဖောက်ပြန်မှုနှင့် ပိုးမွှားကျရောက်မှုများကြောင့် ရောင်းလိုအား ကန့်သတ်ချက်များ ဖြစ်လာသဖြင့် ကမ္ဘာ့အုန်းသီးဈေးကွက်သည် ဈေးနှုန်း မြင့်တက်လျက်ရှိပါသည်။ ဗီယက်နမ်နိုင်ငံသည် နှစ်စဉ် အုန်းသီးတန်ချိန် ၂ သန်းခန့် ထုတ်လုပ်လျက်ရှိပြီး အမေရိကန်နှင့် တရုတ်ကဲ့သို့သော အဓိကစားသုံးသူ အများအပြားရှိသည့် ကမ္ဘာ့ပဉ္စမမြောက် အုန်းသီးအများဆုံးတင်ပို့သည့်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်။

အမေရိကန်နိုင်ငံတွင် ဧပြီလ၌ အုန်းဆီဈေးနှုန်းသည် ၅ နှစ်ပျမ်းမျှ နှုန်းထက် ၁၂၇ ရာခိုင်နှုန်း အထက် မြင့်တက်လာခဲ့ပါသည်။ အုန်းသီးထိပ်တန်းတင်ပို့သည့် နိုင်ငံဖြစ်သော ဖိလစ်ပိုင်နိုင်ငံ၌ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂,၆၅၈ ဒေါ်လာအထိ ပေါက်ဈေးရှိခဲ့ပြီး ၎င်းဈေးနှုန်းသည် ၃ နှစ်အတွင်း အမြင့်ဆုံး ဖြစ်ပါသည်။ ရာသီဥတုပြောင်းလဲမှုနှင့် ပိုးမွှားရောဂါကျရောက် ဖျက်ဆီးမှုတို့ကြောင့် သီရိလင်္ကာနှင့် ဖိလစ်ပိုင် နိုင်ငံတို့၌ အထွက်နှုန်း ထိခိုက်ခဲ့ပြီး အုန်းဆီထုတ်လုပ်ရန် ကုန်ကြမ်း ပြတ်လပ်သည်အထိ ဖြစ်ခဲ့ပါသည်။

အမေရိကန်၊ တရုတ်နှင့် ဥရောပတို့၌ ဝယ်လိုအား မြင့်တက်လျက်ရှိပါသည်။ USDA ၏ သတင်းအချက် အလက်များအရ အမေရိကန်၏ ၂၀၂၅ ခုနှစ် အစောပိုင်း အုန်းဆီတင်သွင်းမှုသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၃၀ ရာခိုင်နှုန်းနီးပါးမြင့်တက်လာကြောင်း သိရှိရသည်။ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတွင် စုစည်းလျက်ရှိသော ဗီယက်နမ်နိုင်ငံ၏ အုန်းသီးထုတ်လုပ်မှုလုပ်ငန်းနယ်ပယ်သည် ဟက်တာ ၂၀၀,၀၀၀ ကျယ်ဝန်းပြီး အမေရိကန်နှင့် ဥရောပဈေးကွက်များအတွက် အော်ဂဲနစ် စံချိန်စံညွှန်း ကိုက်ညီမှု သုံးပုံတစ်ပုံခန့် ရှိပါသည်။

၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ အုန်းသီးနှင့် အုန်းသီးထွက်ကုန်တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံနီးပါး ဝင်ငွေရရှိခဲ့ပြီး အုန်းသီးစိမ်းရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၃၉၀ သန်း ရရှိခဲ့ပါသည်။ ကမ္ဘာလုံးဆိုင်ရာ အုန်းသီးပြတ်လပ်မှုကြောင့် ပြည်တွင်းဈေးနှုန်းများ မြင့်တက်လာပြီး Tra Vinh အုန်းသီးဈေးနှုန်းမှာ တစ်ဒါဇင်လျှင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၄၀-၈ ဒသမ ၈၂ ရှိပါသည်။ ပြည်ပပို့ကုန်လုပ်ငန်း ဆောင်ရွက်သည့် ကုမ္ပဏီများ၏ သတင်းပေးပို့ချက်အရ ဝယ်လိုအား အခိုင်အမာ ရှိသော်လည်း ရောင်းလိုအားမှာ အကန့်အသတ်ရှိကြောင်း သိရှိရသည်။

ဧပြီလနှောင်းပိုင်းအထိ တောင်သူများထံမှ အုန်းသီး ၁၀ လုံးလျှင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၄၀-၈ ဒသမ ၈၂ ဖြင့် ဝယ်ယူခဲ့ပြီး သယ်ယူမှု ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ သုညဒသမ ၆၃- သုညဒသမ ၈၄ ထပ်မံကုန်ကျခဲ့ပါသည်။ ယခင်က Ben Tre's အုန်းသီးအခြောက်ဈေးနှုန်းမှာ ၁၀ လုံးလျှင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၁-၂ ဒသမ ၉၄ ရှိခဲ့ပြီး ယခုအခါ အမေရိကန်ဒေါ်လာ ၈ ဒသမ ၄၀ အထိ ရောက်ရှိနေပြီ ဖြစ်သည်။

ဗီယက်နမ်အုန်းသီးများကို အဓိကစျေးကွက်အဖြစ် အမေရိကန်နှင့် တရုတ်နိုင်ငံတို့နှင့်အတူ နိုင်ငံပေါင်း ၄၀ သို့ တင်ပို့လျက်ရှိသည်။ ဩဂုတ် လ (၂၀၂၃)ခုနှစ်တွင် ဗီယက်နမ်အုန်းသီးသည် အမေရိကန် ဈေးကွက် ကို ဖွင့်လှစ်နိုင်ခဲ့ပြီး တင်ပို့မှုအနေ ဖြင့် တစ်နှစ်အတွင်း ၁၁ ဆ တိုးလာခဲ့သည်။ ၂၀၂၄ ခုနှစ် အစောပိုင်းကာလတွင် အမေရိကန်သို့ တင်ပို့မှုသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၄၆ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရှိရသည်။                   

နှင်းရီဝင်း

https://www.freshplaza.com/north-america/article/9729998/global-coconut-prices-surge-on-supply-shortages/