အကောက်ခွန်စစ်ပွဲမတိုင်မီကပင် တရုတ်နိုင်ငံသည် အမေရိကန်မှပဲပုပ်နှင့် ပြောင်းတင်သွင်းမှုကို ရပ်နားထားခဲ့

တရုတ်နိုင်ငံသည် ဇန်နဝါရီလလယ်ကတည်းက အမေရိကန်ထံမှ ပဲပုပ်နှင့် ပြောင်းဝယ်ယူမှုကို ရပ်နားထားခဲ့ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာန (USDA) ၏ အချက်အလက်ကို ကိုးကား၍ Nikkei Asia မှ အစီရင်ခံဖော်ပြခဲ့ကြောင်း သိရှိရသည်။
တရုတ်နိုင်ငံသည် ယခုနှစ်တွင် အမေရိကန်မှ ပဲပုပ်ကို ဆက်လက်တင်သွင်းမှုမရှိတော့သော်လည်း ယခင်နှစ်က အမေရိကန်မှ ပဲပုပ်တင်ပို့မှု၏ ထက်ဝက်ခန့်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံသည် အမေရိကန်မှ ပဲပုပ်တန်ချိန် ၂၇ သန်းကျော် တင်သွင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၈ ဘီလီယံဖိုးရှိကြောင်း USDA ၏ အချက်အလက်များအရ သိရှိရသည်။
တရုတ်နိုင်ငံသည် ယခုလအစောပိုင်းတွင် ဘရာဇီးလ်နိုင်ငံမှ ပဲပုပ်တန်ချိန် ၂ ဒသမ ၄ သန်း ဝယ်ယူ ရန်အတွက် စာချုပ်များချုပ်ဆိုခဲ့ကြောင်း ဘရာဇီးလ်ပဲပုပ်ထုတ် လုပ်သူများအသင်းမှ တာဝန်ရှိသူများ ၏ပြောကြားချက်ကို Nikkei က ကိုးကားဖော်ပြထားပြီး ယခုဝယ်ယူမှုသည် ပုံမှန်မဟုတ်သည့် ကြီးမားသော စာချုပ်တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ၏ တစ်လအတွင်း ပုံမှန်စားသုံးမှု၏ သုံးပုံတစ်ပုံနှင့် ညီမျှကြောင်း သိရှိရပါသည်။
မကြာသေးမီက CGTN နှင့် အင်တာဗျူးတစ်ခုတွင် US Soybean Export Council အမှုဆောင်အရာရှိချုပ် Jim Sutter က တရုတ်နိုင်ငံသည် ၎င်းတို့မဆုံးရှုံးချင်သော စျေးကွက်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
တရုတ်နှင့် အမေရိကန်တို့အကြား ဖြစ်ပေါ်လျက်ရှိသော ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ် နိုင်ငံသည် ပဲပုပ်နှင့် ပြောင်းကို အခြားနိုင်ငံနိုင်ငံများမှ ပိုမိုဝယ်ယူလျက်ရှိရာ မြန်မာနိုင်ငံမှ ပြောင်းနှင့် ပဲပုပ်တို့ကို တရုတ်နိုင်ငံသို့ တင်ပို့နိုင်မည့်အခွင့်အလမ်းတစ်ခုဖြစ်ပေါ်လျက်ရှိကြောင်း တင်ပြလိုက်ရပါသည်။
ကေခိုင်ကျော်
https://news.cgtn.com/news/2025-04-22/China-halted-U-S-soybean-corn-imports-before-tariff-war-report-1CLVjIZjBrG/p.html#:~:text=China%20has%20stopped%20purchasing%20soybean%20and%20corn%20from,data%20from%20the%20U.S.%20Department%20of%20Agriculture%20%28USDA%29