အလားအလာကောင်းသော ပဲတီစိမ်းမျိုးလိုင်းများ၏ဖြစ်ထွန်းမှု နေပြည်တော်၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးများမှ တောင်သူများ ကွင်းဆင်းလေ့လာ

အလားအလာကောင်းသော ပဲတီစိမ်းမျိုးလိုင်းများ၏ဖြစ်ထွန်းမှု နေပြည်တော်၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးများမှ တောင်သူများ ကွင်းဆင်းလေ့လာ

နေပြည်တော်၊ မေ၂၇

နေပြည်တော်၊ရန်ကုန်နှင့်ပဲခူးတိုင်းဒေသကြီးများမှ ပဲတီစိမ်းစိုက် တောင်သူများ ၊ ပဲ၊ပြောင်း၊နှမ်း လုပ်ငန်းရှင်များသည် မေ၂၇ ရက် နံနက်ပိုင်းတွင် နေပြည်တော် ပုဗ္ဗသိရီမြို့နယ်၊ ဘဲကုန်းကျေးရွာ၌ စမ်းသပ် စိုက်ပျိုးထားသည့် အဝါရောင်မိုစိတ်ရောဂါဒဏ်ခံနိုင်ပြီး အလားအလာကောင်းသော ပဲတီစိမ်းမျိုးလိုင်းများနှင့် နှမ်းမျိုးများ အထွက်ယှဉ်ပြိုင် စိုက်ပျိုးထားရှိမှုတို့ကို ကွင်းဆင်းလေ့လာကြရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် တာဝန်ရှိသူများက စိုက်ပျိုးနည်းပညာရပ်ဆိုင်ရာများ ရှင်းလင်းပြသခဲ့ကြကြောင်း သိရသည်။

ပဲတီစိမ်းစိုက် တောင်သူများ ၊ ပဲ၊ပြောင်း၊ နှမ်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သီးနှံများပန်းတိုင်အထွက်နှုန်းရရှိမှသာ စိုက်ပျိုးလုပ်ကိုင်ကြသည့် တောင်သူများအတွက် ထိုက်သင့်သော ဝင်ငွေအကျိုးစီးပွားဖြစ်ထွန်းနိုင်မည်ဖြစ်၍ ရောဂါဒဏ်၊ ရာသီဥတုဒဏ်ခံနိုင်ပြီး အထွက်နှုန်းကောင်းမွန်၍ ဈေးကွက်အကြိုက် သီးနှံမျိုးများ ရွေးချယ်အသုံးပြုရန် လိုအပ်ကြောင်း၊ အလားတူ အရည်အသွေးကောင်းသီးနှံများ အထွက်နှုန်းတိုးတက်စိုက်ပျိုးထုတ်လုပ်နိုင်ရန် လိုအပ်သည့် စိုက်ပျိုးမြေပြုပြင်ခြင်း၊ သွင်းအားစု ထည့်သွင်းသည့် အချိုးနှင့် အချိန်မှန်ကန်ရေး ၊ စိုက်ပျိုးရေပေးသွင်းမှု မှန်ကန်ရေး အပါအဝင် နည်းပညာလိုအပ်ချက်များ ဖြည့်ဆည်းကူညီပေးခြင်းကို မိမိတို့ဝန်ကြီးဌာန ပညာရှင်များက အလေးထား ဆောင်ရွက်ပေးနေခြင်းဖြစ်ပါကြောင်း၊ 

၎င်းအပြင် ပေါင်ကြီးတင်(ဘောင်ကြီးတင်) စိုက်ပျိုးနည်းစနစ်အပါအဝင် ရာသီဥတုဖောက်ပြန်မှုနှင့် သဘာဝဘေးဒဏ်ကြောင့် သီးနှံများထိခိုက်မှုမဖြစ်ပေါ်စေရေး၊ တစ်ဧက ဝင်ဆံ့ရမည့် အပင်ဦးရေ ပြည့်မီစွာစိုက်ပျိုးနိုင်ရေး နှင့် သီးနှံများပန်းတိုင် အထွက်နှုန်း ရရှိရေးဆိုင်ရာ မျိုး၊ မြေ၊ ရေ၊ နည်း အချက်(၄)ချက်ပြည့်စုံစွာ လိုက်နာ ဆောင်ရွက်ရန် လမ်းညွှန်ချက်ပေးခြင်း၊ အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးလျက် ရှိသော်လည်း အချို့တောင်သူများအနေဖြင့် စနစ်တကျလိုက်နာ ဆောင်ရွက်မှုမရှိကြခြင်း ကြောင့် သီးနှံများအထွက်ကျဆင်း ခြင်း၊ တောင်သူ့ ဝင်ငွေအကျိုး မဖြစ်ထွန်းခြင်းများကို တွေ့ရှိရသဖြင့် တောင်သူများအားလုံး စနစ်တကျလိုက်ပါဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊

စပါးအခြေခံသီးနှံပုံစံတွင် သီးထပ်သီးနှံအနေဖြင့် ပြည်ပဈေးကွက်ရှိပြီး တောင်သူ အကျိုးရှိစေမည့် မိုးကြိုသီးနှံ ပဲတီစိမ်း စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ သုတေသီပညာရှင်များက မျိုးစပ်မွေးမြူထုတ်လုပ်လျက် ယခုစိုက်ကွင်းတွင် စပ်းသပ်စိုက်ပျိုးထားသော အဝါရောင်မိုစိတ် ရောဂါဒဏ်ခံနိုင်ပြီး အလားအလာကောင်း သော ပဲတီစိမ်းမျိုးလိုင်းများ ကို တောင်သူများ ကိုယ်တိုင် အကဲဖြတ် ၍ မျိုးရွေးချယ်ပေးသွား ကြရန် နှင့် စိတ်ကြိုက်ရွေးချယ်ထားသော ပဲတီစိမ်းမျိုးများအား မိမိတို့ဝန်ကြီးဌာန မှ မျိုးထုတ်လုပ်ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း၊ ဆက်လက်မျိုးပွားထုတ်လုပ်မှုကို တောင်သူများ ကိုယ်တိုင် ပါဝင်လုပ်ဆောင်ရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တောင်သူများနှင့် လုပ်ငန်းရှင်များ၏ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးသည်။

၎င်းနောက် နေပြည်တော်၊ရန်ကုန်နှင့်ပဲခူးတိုင်းဒေသကြီးများမှ ပဲတီစိမ်းစိုက် တောင်သူများ ၊ ပဲ၊ပြောင်း၊နှမ်း လုပ်ငန်းရှင်များသည် ရောဂါဒဏ်ခံ အလားအလာကောင်းသော ပဲတီစိမ်းသီးနှံ မျိုးလိုင်းများကို ကွင်းဆင်းလေ့လာကြရာ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် သုတေသီများ ပညာရှင်များ ရှင်းလင်းပြသကြပြီး ရောဂါဒဏ်ခံ နိုင်ရည်ရှိမှု၊ သီးနှံအရည် အသွေးများကို တောင်သူများ ကိုယ်တိုင် အကဲဖြတ်ရွေးချယ်ခဲ့ကြသည်။

ထိုမှတဆင့် တောင်သူများနှင့် လုပ်ငန်းရှင်များပါဝင်သော လေ့လာ ရေးအဖွဲ့သည် ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ သုတေသနစိုက်ကွင်းများတွင် စိုက်ပျိုးထားသည့် သက်တမ်းတို၍ အထွက်နှုန်းနှင့်စားသုံးမှုအရည်အသွေးကောင်းမွန်သော ဆည်ရေသောက် လယ်စပါးမျိုးသစ်များ မွေးမြူရွေးချယ်ခြင်း အကွက်ကျယ်သရုပ်ပြ စိုက်ကွင်း ကို ကွင်းဆင်းလေ့လာကြရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အသေးစိတ် ရှင်းလင်း ပြသခဲ့ကြကြောင်း သတင်းရရှိသည်။                             

  MOALI