ရန်ကုန်ဈးကွက်

ဆန်
ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်းလမ်း)တွင် ထုတ်ပြန်ထားသော ဆန်ဈေးနှုန်းများအရ ရွှေဘိုပေါ်ဆန်း(အဟောင်း) အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၄၈၀၀၀ ကျပ်၊ အောက်စတစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း(အသစ်) အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၃၃၀၀၀ ကျပ်၊ အောက်စတစ်အိတ်လျှင် ၁၃၀၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း (အဟောင်း) အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်၊ ပေါ်ကျွဲဆန် (အဟောင်း) တစ်တင်းခွဲ တစ်အိတ်လျှင် ၁၀၁၀၀၀ ကျပ်၊ အောက်စတစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်၊ ဇီယာဆန်(အသစ်) အလတ်စ တစ်အိတ်လျှင် ၆၄၀၀၀ ကျပ်၊ အောက်စတစ်အိတ်လျှင် ၆၃၀၀၀ ကျပ်၊ ဧည့်မထ (၂၅ မှတ်) ဆန်ကြမ်း အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၅၈၀၀၀ ကျပ်၊ အောက်စတစ်အိတ်လျှင် ၅၇၅၀၀ ကျပ်၊ ငစိန်ဆန် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၆၄၀၀၀ ကျပ်၊ အောက်စတစ်အိတ်လျှင် ၆၃၀၀၀ ကျပ်နှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။ ယခင်အပတ်ဈေးနှုန်းများဖြင့် နှိုင်း ယှဉ်ပါက ဈေးနှုန်းပြောင်းလဲမှု မရှိပါ။ အာရှတွင် စပါးအထွက်နှုန်းကောင်းမွန်ခဲ့ခြင်းနှင့် စပါးလက်ကျန်များနေခြင်းတို့ကြောင့် စပါးဈေး ထပ်မံမြင့်တက်ရန် မရှိသေးခြင်း၊ မြန်မာနိုင်ငံတွင်လည်း ဆန်တင်ပို့မှု ပုံမှန်ရှိနေခြင်း၊ နွေစပါးလှိုင်ချိန်ဖြစ်ခြင်း တို့ကြောင့် ပြည်ပပို့ဆန်များ အတက်အကျနည်းကာ ဈေးငြိမ်လျက်ရှိသည်။ ပြည်တွင်းသုံးစွဲမှုများသော ဆန်အမျိုးအစားများလည်း ရောင်းလိုအား ဝယ်လိုအား မျှတကာ ဈေးငြိမ်လျက်ရှိသည်။ ပြင်ပရှိ လက်လီဈေးကွက်များတွင်လည်း အရည်အသွေး ပိုမိုကောင်းမွန်သော ဆန်များအား သတ်မှတ်ဈေးနှုန်းများထက် ပိုမိုသောဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိသည်။ ရန်ကုန်ဈေးကွက်သို့ ဖျာပုံ၊ မော်ကျွန်း၊ ဘိုကလေး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ကော့မှူး၊ တွံတေး၊ ဝါးခယ်မ၊ မြောင်းမြ၊ ကျိုက်လတ်၊ လပွတ္တာ၊ ရွှေဘိုဒေသများမှ ဆန်ဝင်ရောက်မှုရှိပြီး စားသုံးသူများက လိုအပ်သလောက်သာ ပုံမှန်ဝယ်ယူမှု ရှိခဲ့ကြောင်း သိရသည်။
အစေ့ထုတ်ပြောင်း
အမေရိကန်-တရုတ် ကုန်သွယ်မှုစစ်ပွဲအခြေအနေများကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးနှင့် အခြားငွေတန်ဖိုးများ လှုတ်ခတ်မှုများနေခြင်း၊ ထိုင်းနိုင်ငံမှပေးသော ပြောင်းဆန်ဈေးနှုန်းမှာ ယခင်နှစ်ထက် လျော့နည်းနေခြင်း၊ ထိုင်းနိုင်ငံအနေဖြင့် မြန်မာပြောင်းထက် အမေရိကန်ပြောင်းကို ဝယ်ယူနိုင်ဖွယ်အလားအလာများ ရှိနေခြင်း၊ နိုင်ငံတကာပြောင်းဈေးကွက်တွင် တက်ဈေးစောင့်ကာ ရောင်းဝယ်လိုသူများ ရှိနေခြင်းကြောင့် အကောက်အခွန်လွတ် တင်ပို့နိုင်သော ကာလဖြစ်သော်လည်း အရောင်းအဝယ်အေးကာ အစေ့ထုတ်ပြောင်း ၅၄ ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၉၁၂၆၀ ကျပ်ဖြစ်ပြီး ယခင်အပတ်ဈေးနှုန်းအတိုင်း ဈေးငြိမ်အရောင်းအဝယ်အေးခဲ့သည်။
စားဖိုဆောင်သီးနှံ
ငရုတ်ခြောက်(ရှည်)ဈေးနှုန်းများမှာ ပန်းရဲ၊ မြားနီ၊ ငရုတ်သီးနှံသစ်များနှင့် အအေးခန်းလှောင်စများ ဈေးကွက်သို့ ကုန်အဝင်နည်းလာသော်လည်း စားသုံးသူများ ပုံမှန်ဝယ်ယူမှုသာရှိခြင်းကြောင့် ယခင်အပတ်ဈေးနှုန်းများဖြင့်သာ ဈေးငြိမ်အရောင်းအဝယ်အေးခဲ့သည်။ ငရုတ်ခြောက် (လတ်)မှာ မြစ်ဝ(မိုးထောင်) ငရုတ်တစ်မျိုးတည်းသာ ဈေးကွက်သို့ ကုန်အဝင်ရှိသော်လည်း ကုန်အဝင်ပိုပြီး ဝယ်လိုအားနည်းနေမှုကြောင့် ယခင်အပတ်ထက် ဈေးအနည်းငယ် နိမ့်လာခဲ့သည်။ ငရုတ်ခြောက်(ပွ)မှာ ဆင်ဖြူကျွန်းနှင့် မြစ်ဝကျွန်းပေါ် ငရုတ်ပုသစ်များ ဈေးကွက်သို့ အဝင်နည်းလာခြင်းကြောင့် ယခင်အပတ်ထက် ဈေးအနည်းငယ်ဈေးမြင့်လာခဲ့သည်။ ငရုတ်ခြောက် (ရှည်/လတ်/ပွ) တစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ (၈၅၀၀/၈၆၀၀/၁၅၀၀၀)ကျပ် ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ (၈၅၀၀/၈၄၀၀/ ၁၅၅၀၀)ကျပ်ဖြစ်သည်။ ကြက်သွန်နီ(ထူး/လတ်/သေး) ဈေးနှုန်းများမှာ ကြက်သွန်နီသစ်များ ဈေးကွက်သို့ ကုန်အဝင်လှိုင်ချိန်ဖြစ်ခြင်း၊ ပြည်တွင်းပြည်ပ ဝယ်လက်များက အရောင်းအဝယ်အေးခြင်း၊ အလတ်စ၊ အသေးစများအား ရောင်းလိုအားများခြင်းတို့ကြောင့် ကြက်သွန်နီ(ထူး)မှာ ဈေးနှုန်းပြောင်းလဲမှုမရှိသော်လည်း ကြက်သွန်နီ(လတ်/သေး)မှာ အနည်းငယ် ဈေးနိမ့်လာခဲ့သည်။ ကြက်သွန်နီ(ထူး/လတ်/သေး) တစ်ပိဿာလျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်းမှာ (၁၈၀၀/၁၆၇၅/၁၁၂၅)ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ (၁၈၀၀/၁၆၀၀/၁၀၅၀)ကျပ်ဖြစ်သည်။ ကြက်သွန်ဖြူ(ကြူကုတ်)မှာ ဈေးကွက်သို့ ကုန်အဝင်နည်းလာသော်လည်း ဝယ်လိုအားနည်းနေခြင်းကြောင့် ရောင်းလိုအား ဝယ်လိုအားမျှကာ ဈေးငြိမ်လျက်ရှိသည်။ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၆၇၅၀ ကျပ်ဖြစ်ပြီး ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ပျမ်းမျှဈေးနှုန်း ၁၂၂၅၀ ကျပ်ဖြစ်သည်။ တရုတ်အာလူးနှင့် ရှမ်းအာလူးများ ဈေးကွက်သို့ ကုန်အဝင်ပုံမှန်ရှိသော်လည်း အာလူး(S1)နှင့် အိုကေစများအား ပုံမှန်ဝယ်ယူစားသုံးမှု ရှိနေခြင်းကြောင့် ဈေးငြိမ်လျက်ရှိပြီး အာလူး(အေဝမ်း)နှင့် တရုတ်အာလူး ဝယ်လိုအားနည်းလာသဖြင့် အနည်းငယ်ဈေးနိမ့်လာခဲ့သည်။ အာလူး(S1/အိုကေ/အေဝမ်း) တစ်ပိဿာလျှင် ယခင်အပတ်ဈေးနှုန်း (၃၃၀၀/၃၂၀၀/၃၀၀၀)ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ (၃၃၀၀/၃၂၀၀/၂၈၀၀)ကျပ် ဖြစ်သည်။ တရုတ်အာလူးတစ်ပိဿာလျှင် ယခင်အပတ်ဈေး ၃၄၀၀ ကျပ်၊ ယခုအပတ်ဈေးနှုန်း ၃၃၅၀ ကျပ်ဖြစ်သည်။
စားသုံးဆီ
အင်ဒိုနီးရှားနှင့် မလေးရှားတွင် စားအုန်းဆီအထွက်ကျဆင်းခဲ့ခြင်း၊ ဇီဝလောင်စာဆီအဖြစ် တိုးမြှင့်အသုံးပြုနေခြင်းတို့ကြောင့် နိုင်ငံတွင်း စားအုန်းဆီလက်ကျန်နည်းကာ ဆီကြမ်းပို့ကုန်အခွန်နှုန်းထားများလည်း မြင့်တက်ခဲ့သည်။ ကမ္ဘာ့ဈေးကွက်တွင် စားအုန်းဆီဈေးနှုန်းသည် ပဲပုပ်ဆီဈေးနှုန်းထက် ဈေးမြင့်လာခဲ့ပြီး ဟင်းဟီးဟင်းရွက်ဆီ အဓိကတင်သွင်းသော ဝယ်လက် အိန္ဒိယဈေးကွက်ဝေစုအား ဆုံးရှုံးခဲ့ရသည်။ အိန္ဒိယက တွက်ခြေကိုက်သော ပဲပုပ်ဆီကို ပိုမိုတင်သွင်းခဲ့ခြင်းကြောင့် ဖြစ်သည်။ လက်ရှိတွင် စားအုန်းဆီထုတ်လုပ်မှု ပြန်လည်ကောင်းမွန်လာချိန်ဖြစ်၍ လက်ကျန်များကာ မလေးရှားနိုင်ငံ၏ စားအုန်းဆီဈေးများ ကျဆင်းလာချိန်ဖြစ်သည်။ သို့သော် အိန္ဒိယဝယ်လိုအား ဆက်လက်ကျဆင်းနေပါက ကမ္ဘာ့စားအုန်းဆီဈေးနှုန်းမှာ ဆက်လက်ကျဆင်းနိုင်ကြောင်း သိရသည်။
စားအုန်ဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကော်မတီ၏ ၂၀၂၅ ခုနှစ် မေ ၁၂ ရက်မှမေ ၁၈ ရက်နေ့အထိ ကုန်ဆုံးသော ကာလအတွက် ထုတ်ပြန်ထားသော ရန်ကုန်အထိုင် လက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၆၆၂၀ ကျပ်ဖြစ်သည်။ ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ၈၀ ကျပ် ဈေးနိမ့်လာခဲ့ခြင်း ဖြစ်သည်။ ဧပြီလ ဒုတိယပတ်မှ စတင်ကာ ဈေးနှုန်းကျဆင်းလာခဲ့ခြင်းဖြစ်သည်။
အေးသန္တာဝင်း