စိုက်ပျိုးမွေးမြူရေးပညာနှင့် နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များ (အပိုင်း-၂၆) ၊ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များခေတ်နှင့်အညီလိုအပ်သောဘာသာရပ်နှင့်သုတေသနများ (၃)

(ဂ) မွေးမြူရေးသိပ္ပံဘာသာရပ်
ဤဘာသာရပ်သည်လည်း စာရေးသူတို့ တက္ကသိုလ်မရောက်မီ မန္တလေး စိုက်ပျိုးရေးကောလိပ်ဘဝကတည်းက သင်ကြားခဲ့သော ဘာသာရပ် ဖြစ်ပါသည်။ ဤမွေးမြူရေးသိပ္ပံဘာသာကို ၁၉၂၄ခုနှစ်ကတည်း က စိုက်ပျိုးရေးဘာသာရပ် (Agriculture) အောက်တွင်စတင်သင်ကြားခဲ့ပါသည်။ နောင်အခါ လယ်ယာသီးနှံ ဘာသာရပ် (Agronomy) အောက်တွင် ဘာသာရပ် အစိတ်အပိုင်းအနေနှင့် ရောက်ရှိသွားပြီးနောက် ၁၉၆၅ ခုနှစ်တွင် သီးသန့်ဌာန ခွဲထွက်သွားပါသည်။ ဆရာဦးထိန်လင်းကစတင်သင်ကြားခဲ့ပြီးနောက်ဒေါက်တာ လီယိုမန်ကျင်ဟော (B.Sc. – Agri.) ရောက်ရှိလာပြီး ရုရှားနိုင်ငံမှ မွေးမြူရေးပါရဂူဘွဲ့ (PhD in Animal Science) ရရှိလာကာ၊ ဆရာ ဦးအောင်ဆန်း၊ ဒေါက်တာသန်းကျော်တို့ ကျွန်တော်တို့ ကျောင်းသား ဘဝအထိ မွေးမြူရေးသိပ္ပံ ဘာသာရပ်ကိုသင်ကြားခဲ့ပါသည်။
၂၀၁၈ ခုနှစ်တွင် ဘာသာရပ်အသစ်၊ ဌာနအသစ်များ ပေါ်ထွက်လာတော့ ပါမောက္ခ အဆင့်ကြီးကြပ်သော မွေးမြူရေးပညာဌာနကြီးဖြစ်သွားပါသည်။ သို့သော် စိုက်ပျိုးပညာပေးရေးဌာနလောက်တော့ ဘွဲ့လွန်၊ ပါရဂူဘွဲ့ရ ဆရာ/မ အင်အားမများသေးပါ။ ဤဌာနမှ ဆရာမတစ်ဦးက ဂျပန်မှ မွေးမြူရေးပါရဂူ၊ တစ်ဦးက တရုတ်နိုင်ငံမှ မွေးမြူရေး မဟာသိပ္ပံ၊ ဘွဲ့များရခဲ့ပြီး နောက်တစ်ဦးက တရုတ်နိုင်ငံတွင် မွေးမြူရေးပါရဂူ ဘွဲ့သင်တန်း တက်ရောက်နေသည်ဟူ၍ ကြားသိရပါသည်။ သို့သော် တစ်ခြားဌာနများကဲ့သို့ မဟာသိပ္ပံ၊ ပါရဂူဘွဲ့ သင်တန်းများပေးနိုင်သည်အထိ ဌာနကကြီးထွားမလာခဲ့သေးပါ။
နိုင်ငံတကာစိုက်ပျိုးရေးတက္ကသိုလ်များမှာတော့ သီးနှံစိုက်ပျိုးထုတ်လုပ်ရေး (Crop Production)နှင့် မွေးမြူရေးတိရိစ္ဆာန်များထုတ်လုပ်ရေး (Animal Production) တို့မှာ အတူတကွ အရေးပါကြပြီး နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ အတူတကွ အရေးပါပါသည်။ ဤတိရိစ္ဆာန်မွေးမြူရေး အဓိပ္ပာယ်မှာ ခွေး၊ ကြောင်စသည့် အချစ်တော်အိမ်မွေး တိရိစ္ဆာန်ကလေးများ (Pets) မဟုတ်ဘဲ ဆိတ်၊ သိုး၊ နွား၊ ဝက် စသည့် ခြံမွေးတိရိစ္ဆာန် (Livestocks/ Farm Animals)၊ ကြက်၊ ဘဲ၊ ငုံး (Poultry) နှင့် ငါး၊ ပုစွန် (Fishery) မွေးမြူထုတ်လုပ်ရေးတို့ဖြစ်ပါသည်။
တကယ်တော့ ကျွန်တော်တို့နိုင်ငံအပါအဝင် ကမ္ဘာကြီးရှိလူသား အားလုံးအတွက် ကျန်းမာရေးနှင့် အာဟာရဓာတ် (Health and Nutrition) ရရှိစေရေးအတွက် အသား (Meat)၊ ငါး (Fish)၊ နို့ (Milk) ဥ (Egg) စသည့် ပရိုတိန်း (Protein) ဓာတ်ကြွယ်ဝသော အစားအစာများ (Foods) ဈေးချိုချိုနှင့် လူတိုင်းစားသုံး၍ ရရှိနိုင်အောင် စီစဉ်ပေးရပါမည်။
နွားနို့အပါအဝင် နို့အားလုံး များပြားစွာ ထုတ်လုပ်သုံးစွဲနိုင်ရန် နို့သိပ္ပံပညာ (Dairy Science)၊ အသားသိပ္ပံ (Meat Science) ဘာသာရပ်များက နိုင်ငံအတော်များများတွင် အထူးပြုဘာသာရပ်အဖြစ် သင်ကြားနေပြီး နို့ပိုမိုတိုးတက်ထုတ်လုပ်ရန် မဟာ၊ ပါရဂူဘွဲ့ သင်တန်း သုတေသနများဖြင့်ပြုလုပ်နေရာ ကျွန်တော်တို့နိုင်ငံက အိပ်မောကျနေ၍ မဖြစ်တော့ပါ၊ ထို့အတူ ငါးပုစွန် တိုးတက် ထုတ်လုပ်ရေးကိုလည်း ဥရောပသမဂ္ဂ (EU) နိုင်ငံများမှ အစ ယခုထက် အခြားနိုင်ငံများ အပါအဝင် နိုင်ငံတကာသို့ပိုမို တင်ပို့နိုင်ရန် ခေတ်မီ နည်းပညာများကို အသုံးချရပါမည်။ ရန်ကုန်တက္ကသိုလ်တွင်တော့ ငါးလုပ်ငန်း အတတ်ပညာ (B.Sc. in Fishery Science and Aquaculture) အထူးပြု (ကျွန်တော့် အထင်) ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှာမှ စတင်ဖွင့်လှစ်ခဲ့သော်လည်း နိုင်ငံတော်က လိုအပ်နေသော ငါး၊ ပုစွန် ပညာရှင်များ မွေးမြူထုတ်လုပ်မှုမှာ မလုံလောက်သေးဟု ထင်မြင်ယူဆမိပါသည်။
(က) စိုက်ပျိုးမွေးမြူရေးတက္ကသိုလ် ဗာဂန်နင်ဂန်၊ နယ်သာလန် (WUR – Wageningen University & Research, Netherland)
စိုက်ပျိုးမွေးမြူရေးသိပ္ပံပညာဘွဲ့- မွေးမြူရေးအထူးကုပညာ (B.Agr.Sc. – Animal Science) အတွက် ကမ္ဘာ့နာမည်ကြီး နံပါတ် (၁) စိုက်ပျိုးမွေးမြူရေးတက္ကသိုလ် ဗာဂန်နင်ဂန် (WUR – Wageningen Uni-versity & Research) ၏ သင်ရိုးညွန်းတမ်းအကြမ်းကို လေ့လာကြည့်ရအောင်ပါ။
(က-၁) ပထမနှစ်တွင် အခြေခံသိပ္ပံဘာသာရပ်များဖြစ်သော သတ္တဗေဒ (Zoology)၊ ဓာတုဗေဒ (Chemistry)၊ သင်္ချာနှင့်စာရင်းအင်း ပညာ (Mathematics and Statistics) ၊ ဆဲလ်ဇီဝဗေဒ (Cell Biology)၊ ဗီဇဗေဒ (Genetics)၊ မွေးမြူရေးသိပ္ပံပညာမိတ်ဆက် (Introductory Animal Sciences)
(က-၂) ဒုတိယနှစ်တွင် မွေးမြူနည်းစနစ်များ (Animal Husbandry Systems)၊ မွေးမြူရေးတိရိစ္ဆာန်များ မျိုးစပ်မွေးမြူခြင်း (Animal Breeding)၊ အာဟာရဗေဒ (Animal Nutrition)၊ တိရိစ္ဆာန်များ ကျန်းမာရေး (Animal Health)၊ တိရိစ္ဆာန်များ ဇီဝကမ္မဗေဒ (Animal Physiology)၊ ရောဂါပိုးများ ခံနိုင်ရည်ရှိခြင်းနည်းပညာ (Immunology)
(က-၃) တတိယနှစ်နှင့် နောက်ပိုင်းနှစ်များတွင် အထူးပြုဘာသာ (Specialization)၊ သုတေသနပြုလုပ်နည်းများ(Undergraduate Research) စသည်တို့ကိုသင်ကြားပေးနေပါသည်။
(ခ) ကွင်းစလန်တက္ကသိုလ်၊ ဩစတေးလျ(UQ – University of Queensland, Australia)
ကျွန်တော် ဩစတေးလျကို အလည်ခဏရောက်တုန်းက မွေးမြူရေးသိပ္ပံပညာနှင့် ပတ်သက်၍ ဩစတေးလျနိုင်ငံ၏ အကောင်းဆုံးတက္ကသိုလ်ကို မေးမြန်းရှာဖွေကြည့်ရာ ကျွန်တော် မဟာစိုက်ပျိုးရေးသိပ္ပံပညာ တက်ရောက်ခဲ့သော ကွင်းစလန်တက္ကသိုလ် ဖြစ်နေသည်ကိုတွေ့ရပါသည်။ ပထမဖြစ်ရ
ခြင်းအကြောင်းများမှာ-
(ခ-၁) တက္ကသိုလ်အချင်းချင်းယှဉ်ပြိုင်မှုထိပ်ဆုံးဖြစ်နေခြင်း(Top National Rankings) မွေးမြူရေးသိပ္ပံနှင့်ပတ်သက်၍ သုတေသနစာတမ်းပေါင်း ၃၀,၇၀၀ ကျော်ရှိပြီး ကမ္ဘာ့ တက္ကသိုလ် ၃၈ ကျောင်းက အကြိမ်ရေ ၉၃၀,၀၀၀ ကျော် မှီငြမ်းပြု(Citations) ထားပါသည်။
(ခ-၂) အလွန်ပြည့်စုံ ကျယ်ပြန့်သော သင်ရိုးညွန်းတမ်းရှိခြင်း (Comprehensive Academic Programs) -မွေးမြူရေးပညာ အထူးပြု စိုက်ပျိုးမွေးမြူရေး သိပ္ပံဘွဲ့ (Bachelor of Agricultural Science with Animal Science Major) နှင့် မွေးမြူရေးသိပ္ပံမဟာဘွဲ့နှင့် ပါရဂူဘွဲ့ (Master/Doctor of Animal Science – MSc/PhD) တွင် မွေးမြူထုတ်လုပ်မှုသိပ္ပံ (Production Animal Science) နှင့် တောရိုင်းတိရိစ္ဆာန်ဇီဝဗေဒ(Wildlife Biology) အထူးပြုဘာသာတွဲများက ကမ္ဘာကျော်နေပါသည်။
(ခ-၃) ကမ္ဘာ့အဆင့်ရှိ သုတေသနလိုအပ်ချက် ပံ့ပိုးမှုရှိခြင်း (World-Class Facilities) အပူပိုင်း၊အပူလျှော့ပိုင်း/သမပိုင်းတိရိစ္ဆာန်များ မွေးမြူထုတ်လုပ်ရေး (Tropical, Sub- tropical and Temperate Animal Production) အတွက် ဘွဲ့ကြိုလက်တွေ့သင်တန်းများ (Undergraduate Practical Classes) နှင့် ဘွဲ့လွန် သုတေသန/ ကွင်း/တိရိစ္ဆာန်(Post-graduate Research)များမှာဤတက္ကသိုလ် ဂတ်တန်နယ်မြေ ( Gatton Campus )တွင် ပြုလုပ်နေပြီး ကမ္ဘာ့တောင်ပိုင်း (Southern Hemisphere) အကောင်းဆုံး ဖြစ်သည်ဟု အားလုံးက ထောက်ခံပြောဆိုနေပါသည်။
(ခ-၄)အမျိုးမျိုးကွဲပြား၊ကျယ်ပြန့်သောသုတေသနနယ်ပယ်ရှိခြင်း (DiverseResearch Areas) - ကွင်းစလန်တက္ကသိုလ်၏ များပြားလှသော မွေးမြူရေးဆိုင်ရာ ပညာ/ သုတေသနများ ဥပမာ -မွေးမြူရေးဆိုင်ရာ အာဟာရဗေဒ(Animal Nutrition)၊ မျိုးပွားခြင်း (Animal Reproduction)၊ကျန်းမာရေး(Animal Health)၊ ဗီဇဗေဒ နှင့်မျိုးစပ်မွေးမြူခြင်း (Animal Genetics and Breeding)၊ အမူအကျင့်/ အပြုအမူများ (Animal Behaviors)၊ အနုဇီဝဗေဒ (Animal Microbiology)၊ ခန္ဓာဗေဒ (Animal Anatomy)၊ ဇီဝကမ္မဗေဒ (Animal Physiology)၊ ဇီဝဓာတုဗေဒ (Animal Biochemistry)၊ စားကျက် သိပ္ပံပညာ (Pasture Science) များမှာ ကမ္ဘာ့ထိပ်ဆုံးကရောက်နေပါသည်။
(ခ-၅)လက်တွေ့လုပ်ငန်း/လုပ်ငန်းရှင်များနှင့်တသားတည်းကျနေ/ပူးပေါင်းဆောင်ရွက်ထားခြင်း ( Industry Integration)- ဤတက္ကသိုလ်တွင် တက်ရောက်သော ကျောင်းသား/သူများက ကျောင်းတက်နေစဉ် ပြည်တွင်း၊ ပြည်ပလုပ်ငန်းခွင်အတွေ့အကြုံ(Industry Placements and International Study Opportu-ities)များစွာ ရရှိနေပါသည်။ထို့အတွက်ကြောင့် ဘွဲ့ရပြီးသောအခါမှာ လုပ်ငန်းခွင် လိုအပ်ချက် (In- demand Skills ready for Agriculture Sectors) ကို လွယ်ကူစွာဖြည့်ဆည်းနိုင်၍အလုပ်ရရှိနိုင်စွမ်း (Employability)ကလည်းအခြား တက္ကသိုလ်ဘွဲ့ရများထက် သာလွန်သွားပါသည်။
(ဂ) ကာလီဖိုးနီးယားတက္ကသိုလ်၊ ဒေးဗစ်၊ အမေရိကန်နိုင်ငံ (UC Davis, University of California, US)
၂၀၂၅ ခုနှစ် ကမ္ဘာ့စိုက်ပျိုးမွေးမြူရေးအကောင်းဆုံးတက္ကသိုလ် အမှတ်စဉ် ၁ ရရှိခဲ့သော ကျောင်းဖြစ်ပါသည်။ မွေးမြူရေးသိပ္ပံဘွဲ့ရများမွေးထုတ်ရခြင်း အကျိုးရလဒ် ရည်ရွယ်ချက်များ (Outcome Goals) မှာ -
(ဂ-၁) မွေးမြူရေးသိပ္ပံအထူးပြုဘာသာရပ်တွင် ဘာသာရပ် (Scientific Disciplines) နှင့် ဇီဝကမ္မဖြစ်စဉ် (Physiological Mechanisms) များတွဲဖက်ဆောင်ရွက်ရန်၊
(ဂ-၂) မွေးမြူထုတ်လုပ်ပေးသော တိရိစ္ဆာန်များ ရေရှည်တည်တံ့ခိုင်မြဲရန်စီမံခန့်ခွဲမှု (Sustainable Management) ရှု့ဒေါင့်မှ ဆောင်ရွက်ပေးရန်၊
(ဂ-၃) တိရိစ္ဆာန်များကိုစနစ်တကျစောင့်ရှောက်တတ်ရန် (Systematic Animal Care) လိုအပ်သော အခြေခံကျွမ်းကျင်မှုများ (Basic Skills)ကို သင်ကြားပေးရန်၊
(ဂ-၄) သုတေသနများမှရရှိသော အချက်အလက်များ (Infromation from Animal Research) ကို မွေးမြူရေးလုပ်ငန်းများတွင် အသုံးချရန်၊
(ဂ-၅) ရေးသားခြင်း (Writing)၊ ဟောပြောခြင်း (Speech)၊ ခေတ်မီနည်းဖြင့် တင်ပြနိုင်ခြင်း(Graphical Displays) စသည်တို့ကိုအခြေခံ၍ ဆက်သွယ်မှု အောင်မြင်စေရန် (Ability to communicate) လေ့ကျင့်သင်ကြားပေးရန် စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်နေခြင်းကြောင့် အောင်မြင်ရခြင်း ဖြစ်ပါသည်။
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးပညာဌာနမှ လက်ရှိသင်ကြားပေးနေသည့် ဘာသာရပ်အချို့မှာ အခြေခံမွေးမြူရေးအတတ်ပညာ၊ တစ်နိုင်မွေးမြူရေး၊ ဝက်မွေးမြူရေး၊ ကြက်မွေးမြူရေး၊ နွားမွေးမြူရေး၊ မွေးမြူရေးအာဟာရဗေဒ၊ စားကျက်စိုက်ပျိုးရေး စသည့်ဘာသာရပ်များရှိပြီး နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေးတက္ကသိုလ် (International Agricultural Universities) အချို့တွင် သင်ကြားနေသည့် မွေးမြူရေးဘာသာရပ်များမှာ မွေးမြူရေး တိရိစ္ဆာန်နှင့် ပြည်သူ/ ပြည်သားများ (Domestic Animals and People)၊ မွေးမြူရေးသိပ္ပံပညာမိတ်ဆက် (Introductory Animal Science)၊ တိရိစ္ဆာန်များနှင့် လူ့ အသိုင်းအဝိုင်း (Animal & Human Society)၊ ရေလုပ်ငန်းမိတ်ဆက် (Introductory Aquature)၊ နို့စားနွားမွေးမြူရေး (Dairy Cattle Husbandry)၊ မွေးမြူထားသော တိရိစ္ဆာန် များအား အကဲဖြတ်ခြင်း (Livestocks Judging & Evaluation)၊ မွေးမြူရေးဇီဝဗေဒ (Animal Biology)၊ မွေးမြူရေးစီမံခန့်ခွဲမှုနည်းလမ်းများ (Animal Management Practices) ဥပမာ - နွား၊ ဆိတ်၊ ဝက်၊ ကြက်၊ဘဲ၊ ငါး၊ ပုစွန် စသည် ၊ အသားဆိုင်ရာ သိပ္ပံပညာ (Meat Science)၊ မွေးမြူရေးအာဟာရဗေဒ (Animal Nutrition)၊ မွေးမြူရေးဆိုင်ရာ လက်တွေ့ လုပ်ငန်းများ (Animal Husbandry Practicals/Laboratory)၊ မွေးမြူရေး ဆိုင် ရာဇီဝကမ္မဗေဒ (Animal Physiology)၊ မွေးမြူထားသောတိရိစ္ဆာန်များ သက်သာစွာ နေ ထိုင်နိုင်ရေး (Animal Welfare)၊ တိရိစ္ဆာန်များ၏အမူအကျင့်များ (Animal Behavours)၊ သတ္တဇီဝဗေဒနှင့်သုတေသန (Zoo Biology & Research)၊ ရေရှည်တည်တံ့ ခိုင်မြဲနိုင် သော စိုက်ပျိုးမွေးမြူရေး (Sustainable Animal Agriculture)၊ မြင်းမွေးမြူထုတ်လုပ်ရေး (Advanced Horse Production/Equine Science)၊ ငါးမွေးမြူထုတ်လုပ်ရေး (Fish Production)၊ ပုစွန်မွေးမြူထုတ်လုပ်ရေး (Prawn/Shrimp Production)၊ ကျောရိုးမဲ့ ရေသတ္တဝါများ (Invertebrate Aquaculture)၊ တိရိစ္ဆာန်မွေးမြူရေးစနစ်ဆိုင်ရာအနု ဇီဝဗေဒလက်တွေ့ (Microbiology of Animal Systems Laboratory)၊ အသားအရေ အသွေးနှင့်လုံခြုံဘေးကင်းမှုလက်တွေ့ (Meat Quality & Safety Laboratory)၊ တိရိစ္ဆာန်များအသုံးပြုမှုဆိုင်ရာကျင့်ဝတ်များ (Ethics of Animal Use) စသည့် ဘာသာရပ်များ ဖြစ်ပါသည်။ ဘာသာရပ်အနည်း အကျဉ်းမျှသာဖြစ်ပါသည်။
(မွေးမြူရေးတိရိစ္ဆာန်များသိပ္ပံ အသုံးအနှုန်း/အခေါ်အဝေါ် (Terminology) နှင့် ပတ်သက်၍ စိုက်ပျိုးရေးဆိုင်ရာ စာရေးသူတစ်ယောက်အနေနှင့် သိရှိသလို ဘာသာပြန်ပေးခြင်း ဖြစ်ပါသည်။ လွဲချော်သွားပါက စာရေးသူ၏ တာဝန်သာဖြစ်ပါသည်)
ထုတ်ပြန်သော စာရင်းဇယား၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်အတွက် မြန်မာနိုင်ငံမှ ငါး၊ ပုစွန်၊ ရေထွက်ကုန်ပစ္စည်းများ တင်ပို့မှု အမေရိကန်ဒေါ်လာသန်းပေါင်း ၁၄၃.၂၄၄ ကျော်(၁)၊ တိရိစ္ဆာန်အရှင်နှင့် အသားတင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်းပေါင်း ၃၃၆ ဒသမ ၈ ကျော် (၂၀၁၉-၂၀ ဘဏ္ဍာရေး နှစ်)(၂) စသည့် မှတ်တမ်းများတွေ့ရှိရပါသည်။
နိုင်ငံတကာကဲ့သို့ နိုင်ငံတော်နိုင်ငံခြားဝင်ငွေ (FE – Foreign Exchange) ပိုမိုရရှိစေရန် မွေးမြူရေးသိပ္ပံပညာ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေး (Research & Development in Animal Science) ၏အခန်းကဏ္ဍကို ယခုထက်ပို၍ မြန်မာနိုင်ငံတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများတွင် သင်ကြား၊သုတေသနပြုပညာရှင်များမွေးထုတ်သင့်ပါကြောင်းအကြံပြု တင်ပြလိုက်ရပါသည်။
ဒေါက်တာမျိုးကြွယ်
မှီငြမ်းစာတမ်းများ
https://www.moi.gov.mm/moi:eng/news/14683(၁)
https://apps.fas.usda.gov/newgainapi/api/Report/DownloadReportByFileName?fileName=Exporter_Guide_Annual_Rangoon_Burma_ -_Union_of_BM2024-0010.pdf(၂)
(ဆက်လက်ဖော်ပြပါမည်)