အိန္ဒိယနိုင်ငံတွင် အပူချိန်မြင့်တက်မှုကြောင့် သရက်သီးခူးဆွတ်မှု အပြောင်းအလဲဖြစ်

“သရက်သီး ခူးဆွတ်မှုကျဆင်းလာခြင်း၊ သရက်သီး အချိုအရသာ မတည်ငြိမ်ခြင်း၊ ဈေးနှုန်းမြင့်မားခြင်း၊ ဈေးကွက်တင်ပို့မှု ရာသီချိန်ထက်စောလွန်းခြင်း၊ သရက်သီးသနပ်များ တစ်နှစ်ပတ်လုံး ကြာရှည်မခံခြင်း၊ ပန်းပွင့်ချိန်စောလွန်းခြင်း” စသည်တို့သည် မကြာသေးမီနှစ်များအတွင်း ဖြစ်ပေါ်လာသော အိန္ဒိယနိုင်ငံ၏ သရက်သီးဆိုင်ရာအချက်များဖြစ်ပြီး ၎င်းတို့သည် အပူချိန် မြင့်မားလာမှုနှင့် ဆက်စပ်သည့် ပြဿနာများဖြစ်လာပါသည်။
အိန္ဒိယမိုးလေဝသဌာန (IMD) ၏ ဖော်ပြချက်အရ ၂၀၂၄ ခုနှစ်၊ နှစ် ပတ်လည် ရာသီဥတု စစ်တမ်းအရ ၁၉၉၁-၂၀၂၀ ပျမ်းမျှထက် အပူချိန် + သုညဒသမ ၆၅°C မြင့်တက်လာပြီး၊ ၂၀၂၄ ခုနှစ်သည် ၁၉၀၁ ခုနှစ်နောက်ပိုင်း အပူဆုံးနှစ်ဖြစ်ကြောင်းသိရှိရသည်။ IMD ၏ အချက်အလက်များအရ လွန်ခဲ့သည့် ၁၂ နှစ်က ပိုမိုပူလာခဲ့ပြီး ယခင်က အပူအချိန်အပြောင်းအလဲပမာဏနှင့် များစွာ ကွဲလွဲမှု ရှိကြောင်း တွေ့ရှိရသည်။
မျက်မြင်တွေ့ရှိချက်များအရ သရက်စိုက်ပျိုးထုတ်လုပ်မှုအပေါ် ရာသီဥတု၏ သက်ရောက်မှုကို ညွှန် ပြနေသော်လည်း အိန္ဒိယနိုင်ငံ၏ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်ဌာနခွဲမှ အချက်အလက် ကိန်းဂဏန်း အပြောင်းအလဲများကိုဖော်ပြခဲ့သည်။ ၂၀၀၁-၀၂ နှင့် ၂၀၂၄-၂၅ ခုနှစ် အကြား ထုတ်လုပ်မှုစွမ်းအားသည် ၂၀၀၈-၀၉ ခုနှစ်တွင် ၅ ဒသမ ၅ မက်ထရစ်တန်/ဟက်တာမှ ၂၀၁၇-၁၈ ခုနှစ်တွင် ၉ ဒသမ ၇ မက်ထရစ်တန်/ဟက်တာ ရှိပြီး ပျမ်းမျှအားဖြင့် ၇ ဒသမ ၉ မက်ထရစ်တန်/ဟက်တာ ရှိပါသည်။ ၂၀၂၄-၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ၈ ဒသမ ၇၄ မက်ထရစ်တန်/ဟက်တာနှင့် ထိုင်းနိုင်ငံ၏ ၈ ဒသမ ၃၆ မက်ထရစ်တန်/ဟက်တာကို ကျော်လွန်ပြီး ၉ ဒသမ ၄ မက်ထရစ်တန်/ဟက်တာ ရောက်ရှိရန် မျှော်မှန်းထားသည်။
စိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးရေးဆိုင်ရာ ဈေးကွက်ပညာဗဟိုဌာနမှ ပါမောက္ခ Jayashankar Telangana က သရက်သီးစိုက်ပျိုးမှုတိုးတက်လာကြောင်း ဖော်ပြထားသည်။ ၂၀၂၃-၂၄ ခုနှစ်တွင် စိုက်ဧရိယာ ၂ ဒသမ ၃၄ ရာခိုင်နှုန်း တိုးတက်လာရာ ဟက်တာအားဖြင့် ၂ ဒသမ ၄၀၁ သန်းရှိပြီး၊ ထုတ်လုပ်မှုအားဖြင့် တန်ချိန် ၂၂ ဒသမ ၄၂ သန်းရှိကြောင်း၊ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက စိုက်ပျိုးဟက်တာ အားဖြင့် ၂ ဒသမ ၃၄၆ သန်းရှိခဲ့ပြီး၊ ထုတ်လုပ်မှုအားဖြင့် တန်ချိန် (၂၀ ဒသမ ၈၇ သန်းရှိခဲ့ပါသည်။
မြင့်မားလာသောအပူချိန်ကြောင့် ပတ်ဝန်းကျင်ဆိုင်ရာအပြောင်းလဲကို လေ့လာနေကြဆဲဖြစ်ကြောင်း၊ “အပူ ချိန်မြင့်မားမှုကြောင့် သီးကင်းကြွေ ကျခြင်း၊ စောစီးစွာရင့်မှည့်ခြင်း၊ နေရောင်ခြည်ကြောင့် အသီးအရောင် မညီခြင်းနှင့် ရင့်မှည့်မှုမညီညာခြင်းတို့ဖြစ်ကြောင်းနှင့် Alphonso သရက်မျိုးတွင် သရက်သီးအတွင်း သားများ ဖော့သားကဲ့သို့ဖြစ်ပေါ်ခြင်းတို့ကို တွေ့မြင်နိုင်ကြောင်း” ကို Hyderabad ရှိ ဥယျာဉ်ခြံသီးနှံကောလိပ်မှ Naga Harshita Devalla မှ ရှင်းလင်းဖော်ပြ ထားပါသည်။
Rajdeep Haldar ဦးဆောင်သော အိန္ဒိယသုတေသနပညာရှင်များ သည် ရာသီဥတုပြောင်းလဲမှုကို ခံနိုင်ရည်ရှိရန်အတွက် သရက်သီးထုတ်လုပ်မှုတွင် မျိုးရိုးဗီဇကွဲပြားမှုကို အလေးထား ဖော်ပြထားပါသည်။ “သရက်သီးတွင် ပတ်ဝန်းကျင်နှင့်ချိန်ညှိပြီး ရှင်သန်နိုင်သော ဇီဝကမ္မဖြစ်စဉ် များပါရှိကြောင်း” Rajdeep Haldar ဦးဆောင်သော အိန္ဒိယသုတေသနပညာရှင်များက ၎င်းတို့၏ သုတေသနတွင်ဖော်ပြထားကြောင်း သိရှိရသည်။
လင်းလဲ့ရည်အောင်
https://www.freshplaza.com/asia/article/9727703/india-s-mango-harvest-shifts-as-temperatures-rise/