ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော်၊ မေ ၁၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် မေ ၁၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းအား တိုင်းဒေသကြီးစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ သွားရောက် တွေ့ဆုံ၍ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါး၊ မိုးစပါးစီမံကိန်းနှင့် ဆီထွက်သီးနှံ စီမံကိန်းများလုပ်ငန်းများ၊ တိုင်းဒေသကြီးသားငါးကဏ္ဍတိုးတက်ရေး၊ မေထုန်မဲ့ သားစပ်လုပ်ငန်းများဖြင့် နို့စား နွားမွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာရေး ဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
အလားတူ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် မေ ၉ ရက် နေ့က ပဲခူးတိုင်းဒေသကြီး အနောက် ပိုင်းတွင်လည်းကောင်း၊ မေ ၁၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းတွင်လည်းကောင်း စိုက်ပျိုးမွေး မြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဘဏ္ဍာနှစ်အလိုက် သီးနှံများလျာထားဧက ပြည့်မီစွာစိုက်ပျိုးနိုင်ရေး၊ သီးထပ်စွမ်းအားမြှင့်တင်နိုင်ရေးနှင့် ပန်းတိုင်အထွက်ရရှိရေး၊ မွေးမြူရေးကဏ္ဍတွင် ပုဂ္ဂလိကရင်းနှီးမြုပ်နှံမှု ပိုမိုတိုးတက်လာရေး၊ ရာသီဥတုပြောင်းလဲ သက်ရောက်လာမှုနှင့် လိုက်လျောညီထွေသော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးဆိုင်ရာများကို သက်ဆိုင်ရာ ဒေသတာဝန်ရှိသူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တောင်သူများနှင့် အနီးကပ်တွေ့ဆုံဆွေးနွေးပြီး လိုအပ် ချက်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
MOALI