စိုက်ပျိုးမွေးမြူရေးပညာနှင့် နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များ (အပိုင်း-၂၅) ၊ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များခေတ်နှင့်အညီလိုအပ်သောဘာသာရပ်နှင့်သုတေသနများ (၂)
(ယခင်အပတ်မှ အဆက်)
(ခ) စိုက်ပျိုးမွေးမြူရေး အင်ဂျင်နီယာဘာသာရပ်(B. Agricultural Engineering)
ဤဘာသာရပ်သည်လည်း ကျွန်တော်တို့တက္ကသိုလ်မရောက်မီကတည်းက မန္တလေး စိုက်ပျိုးရေး ကောလိပ်ဘဝကတည်းက သင်ကြားခဲ့သော ဘာသာရပ် ဖြစ်ပါသည်။ ၁၉၂၄-ခုနှစ် ကတည်းက စိုက်ပျိုးရေးဘာသာရပ် (Agriculture) နောင် လယ်ယာသီးနှံ ဘာသာရပ် (Agronomy) အောက်တွင် ဘာသာရပ် အစိတ်အပိုင်းအနေနှင့် သင်ခဲ့ပြီးနောက် သီးသန့်ဌာန ခွဲထွက် သွားပါသည်။ ဆရာဦးမန်းဖေက ဌာနမှူး ၆ လခန့်လုပ်ခဲ့ပြီးနောက် ဦးမျိုးအောင် (B.Sc. – Agri. Engg) ရောက်လာပြီး နယူးဇီလန်မှ မဟာသိပ္ပံရရှိလာကာ စိုက်ပျိုးရေးအင်ဂျင်နီယာ ဌာနကိုသင်ကြားခဲ့ပါသည်။ သို့သော်တစ်ခြားဌာနများကဲ့သို့ မဟာသိပ္ပံ၊ ပါရဂူဘွဲ့ သင်တန်းများ ပေးနိုင်သည်အထိ ဌာနကကြီးထွားမလာခဲ့ရပါ။
၂၀၁၈-ခုနှစ် ဘာသာရပ်အသစ်၊ ဌာနအသစ်များ ပေါ်ထွက်လာတော့ ပါမောက္ခအဆင့် ကြီးကြပ်သော စိုက်ပျိုးရေးအင်ဂျင်နီယာဌာနကြီးဖြစ်သွားပါသည်။သို့သော်စိုက်ပျိုး ပညာပေးရေးဌာနလောက်တော့ ဘွဲ့လွန်၊ ပါရဂူဘွဲ့ရ ဆရာ/မ အင်အား မများသေးပါ။
စိုက်ပျိုးရေးအင်ဂျင်နီယာဘွဲ့သင်တန်းကို ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ၁၉၆၂ ခုနှစ် မှ ၁၉၇၁ ခုနှစ်အထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး B.E. (Agricultural Engineering) ဘွဲ့ပေးအပ်ခဲ့ပါသည်။ အကြောင်း အမျိုးမျိုးကြောင့် အဆိုပါဘွဲ့သင်တန်းကို ၁၉၇၁ ခုနှစ် နောက်ပိုင်း မှစ၍ ၂၀၂၁ ခုနှစ်ခန့်အထိ ရပ်နားထားခဲ့ပါသည်။ စိုက်ပျိုးရေးအင်ဂျင်နီယာဘွဲ့ရများ မွေးမြူနိုင်ခြင်း မရှိခဲ့သဖြင့် စိုက်ပျိုးရေးဆိုင်ရာဌာနများဖြစ်သော ဆည်မြောင်း၊ ရေအရင်းအမြစ်နှင့် စက်မှုလယ်ယာဌာနများတွင် စက်မှု၊ လျှပ်စစ်၊ မြို့ပြနှင့်အခြား အင်ဂျင်နီယာ အထူးပြုဘာသာရပ် ဘွဲ့ရများ တာဝန်ထမ်းဆောင်ခဲ့ကြပါသည်။ ယခုအခါ ခေတ်မီတိုးတက်ပြောင်းလဲလာသော နည်းပညာရေးစီးကြောင်းနှင့်အတူ နယ်ပယ်အလိုက် ပိုမိုကျယ်ပြန့်သော နည်းပညာအသစ် များပေါ်ထွန်းလျက်ရှိရာ စိုက်ပျိုးရေးဆိုင်ရာ အင်ဂျင်နီယာ အတတ်ပညာသည် တစ်ခုအပါအဝင် ဖြစ်လာပါသည်။ စာရေးသူ အမျိုးသားပညာရေး မူဝါဒကော်မရှင်တွင်ရှိစဉ်က ၂၀၁၈ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ စိုက်ပျိုးရေး၊ ဆည်မြောင်းနှင့်အစားအသောက်ဆိုင်ရာ အင်ဂျင်နီယာဘာသာရပ်များ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်း အစည်းအဝေးတစ်ရပ်ကို ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။ ညှိနှိုင်းအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ စိုက်ပျိုးရေး အင်ဂျင်နီယာဘွဲ့၊ အစားအစာဆိုင်ရာ အင်ဂျင်နီယာဘွဲ့ (B.E. Food Engineering) သင်တန်းများသင်ကြားမှုအစီအစဉ် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ပါသည်။
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ဂျပန်အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးမှုအဖွဲ့အစည်း (JICA) ၏ အကူအညီဖြင့် သင်ရိုးညွှန်းတမ်းများ ပြုပြင်ပြောင်းလဲခဲ့ရာ စိုက်ပျိုးရေးပညာ ဘွဲ့ (B.Agr.Sc.) စိုက်ပျိုးရေးအင်ဂျင်နီယာအထူးပြု(Agricultural Engineering) ကျောင်း သား၊ ကျောင်းသူ (၁၃)ဦးသည် စတင်သင်ကြားခဲ့ပါသည်။ သင်ကြားပေးသော ဘာသာရပ်များမှာ (၁) စိုက်ပျိုးရေးအင်ဂျင်နီယာမိတ်ဆက် - (Introduction to Agricultural Engineering)၊ (၂) အင်ဂျင်နီယာပုံဆွဲပညာ - (Engineering Drawing)၊ (၃) ဒြပ်ဝတ္တုများ၏ခံနိုင်အား-(Strength of Materials) (၄) လယ်ယာဖွဲ့စည်းတည်ဆောက်ပုံနှင့်မြေတိုင်း ပညာ - (Farm Structure and Surveying) (၅) လယ်ယာစက်ယန္တရား - (Farm Machinery) (၆) အင်ဂျင်တွင်း လောင်ကျွမ်း ခြင်းပညာ - (Internal Combustion Engine) (၇) ဓာတ်ငွေ့ရည်ဆိုင်ရာ မက္ကင်းနစ်ပညာ - (Fluid Mechanics) (၈) အင်ဂျင်ဒီဇိုင်းပုံစံပညာ - (Design of Machine Elements & CAD - Computer-Aided Design)(၉) ရေသွင်းမှုဆိုင်ရာအင်ဂျင်နီယာပညာ - (Irrigation Engineering) (၁၀) ရိတ်သိမ်းခြင်းနှင့်ပြုပြင်မွန်းမံနည်းပညာ - (Postharvest and Process Engineering) (၁၁) စက်မှုလယ်ယာစီမံခန့်ခွဲမှုနည်းပညာ - (Agricultural Mechanization Management)များအပြင် အထွေထွေစိုက်ပျိုးရေးပညာ - (General Agriculture)၊ သိပ္ပံနည်းကျ စာရေးသားနည်း - (Scientific Writing)၊ ဟောပြောမှုစွမ်းရည်၊ သုတေသနပြုလုပ်နည်းများ - (Research Methods)၊ လုပ်ငန်းခွင် အတွေ့အကြုံ - Internship စသည်တို့ကို လေ့လာရမည် ဖြစ်ပါသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပြီးဆုံးသွားပြီး ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ပထမ ဦးဆုံးမွေးထုတ်ပေးမည့် စိုက်ပျိုးရေးပညာဘွဲ့ (စိုက်ပျိုးရေးအင်ဂျင်နီယာအထူးပြု) ကျောင်းသား၊ ကျောင်းသူများဖြစ်လာခဲ့ပါသည်။ ရေဆင်းစိုက်ပျိုး ရေးတက္ကသိုလ်မှ စိုက်ပျိုးရေး ဘာသာရပ်များစွာကို ၆၀ ရာခိုင်နှုန်း အလေး ပေး သင်ကြားပြီး၊ အင်ဂျင်နီယာဘာသာရပ်ကို ၄၀ ရာခိုင်နှုန်းခန့် သင်ကြားမည့်စနစ်ပုံစံ ဖြစ်ပါသည်။
နည်းပညာတက္ကသိုလ်များဘက်က စိုက်ပျိုးရေးအင်ဂျင်နီယာအထူးပြု (B.E. – Agricultural Engineering)ဘွဲ့ကို ပြန်လည်ပေးအပ်မည်ဖြစ်ပြီး အင်ဂျင်နီယာဘာသာရပ်များ ကို ၆၀ရာခိုင်နှုန်း- ၇၀ရာခိုင်နှုန်းအထိ အလေးပေးသင်ကြားမည်ဖြစ်ပြီး စိုက်ပျိုးရေး ဘာသာရပ်ကို ၃၀ရာခိုင်နှုန်း-၄၀ရာခိုင်နှုန်းခန့်သင်ကြားပေးနိုင်မည်ဟု ဆိုပါသည်။ သင်ကြားပေးမည့် ဘာသာရပ်များမှာဒုတိယနှစ်မှစ၍ (၁) အသုံးချသင်္ချာ (Applied Mathematics) (၂) အလုပ်ရုံ နည်းပညာ (Workshop Technology) (၃) အင်ဂျင်နီယာ မက္ကင်းနစ်ပညာ (Engineering Mechanics) (၄) သာမိုဒိုင်းနမစ် (Thermodynamics) (၅) ဒြပ်ဝတ္တုများ၏ခံနိုင်အား (Strength of Materials) (၆)မြေဆီလွှာနှင့်ရေထိန်းသိမ်းရေးအင်ဂျင်နီယာပညာ (Soil and Water Conservation Engineering) (၇) စိုက်ပျိုးရေးနည်းစနစ်အင်ဂျင်နီယာ (Agricultural Process Engineering) (၈) လယ်ယာစက်ယန္တရား - Farm Machinery (၉) ပန့်အင်ဂျင်နီယာနှင့် ဟိုက်ဒြောလစ်ထိန်းချုပ်နည်းများ (Pump Engineering and Hydraulic Control) (၁၀) အဝေးမှအာရုံခံခြင်းနှင့်ပထဝီ အချက်အလက် နည်းပညာ - Remote Sensing and GIS (၁၁) စက်မှုဆိုင်ရာစီမံခန့်ခွဲမှုနည်းပညာ (Industrial Management) များအပြင် သီးနှံစိုက်ပျိုးရေး ပညာ (Crop Production)၊ လူမှုဘာသာ နှင့်လူမှုရေးသိပ္ပံ (Humanities and Social Science)၊ အင်္ဂလိပ်စာ (English)၊ အင်ဂျင်နီယာရူပဗေဒနှင့်ဓာတုဗေဒ (Engineering Physics and Chemistry) သုတေသနနှင့် လုပ်ငန်းခွင်အတွေ့အကြုံ (Research and Internship) စသည် တို့ကို သင်ယူလေ့လာမည်ဟု ကြားသိရပါသည်။
စိုက်ပျိုးရေးအင်ဂျင်နီယာအထူးပြုဘာသာရပ်ကို မြန်မာတစ်နိုင်ငံလုံး ၁၉၇၂-ခုနှစ် လောက်ကတည်းက ခေတ္တရပ်နားပြီး ယခုမှဘွဲ့ကြိုသင်တန်းပြန်စ ရတော့ ခေတ်နှင့်အညီ သင်ကြား သုတေသနပြုပေးရမည့် ဘွဲ့လွန်(မဟာအင်ဂျင်နီယာ၊ ပါရဂူဘွဲ့သုတေသန) တွေ ပြုလုပ်ပြီး တောင်သူလက်တွေ့အကျိုးပြုနိုင်သော စက်ကရိယာ၊ သင့်တော်သော နည်းပညာ (Appropriate Technology)ဖြင့် တောင်သူလက်တွေ့သုံးစေခြင်းက လက်တွေ့ နည်းလမ်း ပိုကျပါသည်။
နိုင်ငံတိုင်းတွင် ဆောင်ရွက်နေသလို စိုက်ပျိုးသူများနှင့်လက်တွေ့ထိတွေ့နေသည့် အစိုးရ ဌာနများဖြစ်သော ဆည်မြောင်း၊ စက်မှုလယ်ယာ၊ ရေအရင်းအမြစ်၊ အသေးစားစက်မှုလက်မှုဌာနများရှိ သုတေသနဌာနခွဲ၊ ဌာနစိတ်များရှိ အသုံးချသုတေသန (Applied Research) နှင့် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံပညာရပ်ဆိုင်ရာ သုတေသနများ (Academic Research) ပူးတွဲ ဆောင်ရွက်ခြင်းက ပိုမိုထိရောက်နိုင်ပါသည်။
စိုက်ပျိုးမွေးမြူရေးအင်ဂျင်နီယာ ဘာသာကြီးအောက် အထူးပြုလေ့လာ၊ သင်ကြား သင်ယူ၊ သုတေသနပြုသင့်သည့် ဘာသာခွဲ၊ ဘာသာစိတ်များမှာ -
(က) စက်မှုလယ်ယာ (Farm Machinery)
(ခ) စိုက်ကွင်းသုံးအင်ဂျင်ပါဝါများ (Farm Engine Power Engineering)
(ဂ) မြေဆီလွှာနှင့်ရေအင်ဂျင်နီယာပညာ (Soil and Water Engineering)
(ဃ) ရေသွင်း၊ ရေထုတ်အင်ဂျင်နီယာပညာ (Irrigation and Drainage Engineering)
(င) သိပ္ပံနည်းကျ လယ်ယာမြေများ စနစ်တကျ ဖော်ဆောင်ထားမှု (Farm Structure)
(စ) လယ်ယာမြေများ တိုင်းတာနည်းစနစ်များ (Farm Surveying)
(ဆ) ရိတ်သိမ်းချိန်လွန်နည်းပညာ (Post-Harvest Technology)
(ဇ) အစားအသောက်ဆိုင်ရာအင်ဂျင်နီယာ (Food Engineering)
(ဈ) ထုပ်ပိုးနည်းပညာ (Packaging Technology)
(ည) ကြိတ်ခွဲနည်းပညာ (Milling Technology)
(ဋ) တိရိစ္ဆာန်မွေးမြူရေးဆိုင်ရာအင်ဂျင်နီယာပညာ(Engineering for Animal Husbandry)
(ဌ) ငါးပုစွန်မွေးမြူရေးဆိုင်ရာအင်ဂျင်နီယာပညာ (Engineering for Fishery/ Aquaculture)
(ဍ)စိုက်ပျိုးမွေးမြူရေးအတွက် ပြည့်ဖြိုးမြဲစွမ်းအင်နည်းပညာ (Renewable Energy in Agriculture)
(ဎ) ပတ်ဝန်းကျင်ဆိုင်ရာအင်ဂျင်နီယာပညာ (Environmental Engineering)
(ဏ)ဇီဝအင်ဂျင်နီယာပညာ (Biological Engineering) တို့ပါဝင်ပြီး နိုင်ငံအများစုတွင် သီးသန့် ဘွဲ့ပေးကာ ဘွဲ့ကြို၊ မဟာ၊ ပါရဂူဘွဲ့ကျမ်းပြု သုတေ သနများဖြင့် နိုင်ငံအကျိုးပြု သုတေသနများစွာ ပြုလုပ်ပေးလျှက် ရှိနေပါသည်။
စိုက်ပျိုးမွေးမြူရေးအင်ဂျင်နီယာပညာ၏အရေးပါမှု (The Importance of Agricultural Engineering)
လယ်ယာကွင်းများတွင် စက်စွမ်းအားကိုအကျိုးရှိစွာသုံးကာ ကုန်ထုတ်လုပ်မှု တိုးတက်လာစေခြင်း (Mechanization and Productivity Enhancements)
သွင်းရေကို အကျိုးရှိစွာစီမံခန့်ခွဲနိုင်ခြင်း (Efficient Irrigation and Water Management)
တန်ဖိုးမြင့် ရိတ်သိမ်းချိန်လွန်နည်းပညာများကို အသုံးပြုနိုင်ခြင်း (Post-Harvest Management and Value Addition)
ပိုမိုကောင်းမွန်သော မြေဆီလွှာနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုရရှိခြင်း (Soil and Environmental Management)
ပြန်လည်ပြည့်ဖြိုးစွမ်းအင်ပေါင်းစပ်နိုင်ခြင်း (Renewable Energy Integration)
ပြောင်းလဲနေသောရာသီဥတုကိုခံနိုင်ရည်ရှိရန်စီမံနိုင်ခြင်း (Climate Resilient and Adaptation)
အခြေခံအဆောက်အဦ ဖွံ့ဖြိုးမှုကို မြန်ဆန်စွာ ပြုလုပ်နိုင်ခြင်း (Infrastructure Development)
အလုပ်အကိုင်များစွာ ဖန်တီးပေးနိုင်ခြင်း (Employment and Capacity Building)
အစားအစာဘေးကင်းလုံခြုံပြီးဆင်းရဲမှုလျှော့ချပေးနိုင်ခြင်း (Food Security and Poverty Reduction)
ကမ္ဘာ့ကုလသမဂ္ဂ၏ ရေရှည်တည်တံ့စေမှု ပန်းတိုင်ရရှိစေနိုင်ခြင်း (Sustainable Development Goals) တို့ဖြစ်ပါသည်။
ကမ္ဘာ့နာမည်ကြီး စိုက်ပျိုးရေး အင်ဂျင်နီယာဌာနရှိ တက္ကသိုလ်များ
(က) ဇီဝအင်ဂျင်နီယာဌာန၊ စိုက်ပျိုးမွေးမြူရေးနှင့် ပတ်ဝန်းကျင်သိပ္ပံမဟာဌာန၊ မစ်ဂေး တက္ကသိုလ်၊ ကနေဒါ (Department of Bioresource Engineering, Faculty of Agricultural and Environmental Sciences, McGill University, Canada) စိုက်ပျိုးမွေးမြူရေးနှင့် ဇီဝသိပ္ပံကိုအင်ဂျင်နီယာပညာနှင့် တွဲဖက်ကာ သင်ကြားသုတေသနပြုနေသော နာမည်ကြီး တက္ကသိုလ် ဖြစ်ပါသည်၊
(ခ) စိုက်ပျိုးမွေးမြူရေးနှင့်ဇီဝအင်ဂျင်နီယာဌာန၊ စိုက်ပျိုးမွေးမြူရေးကောလိပ်၊ ပါဒူးတက္ကသိုလ်၊ အမေရိကန်နိုင်ငံ (Department of Agricultural and Biological Engineering, College of Agriculture, Purdue University, US)စိုက်ပျိုးမွေးမြူရေးစနစ်စီမံခန့်ခွဲမှုစနစ် (Agricultural System Management) တစ်ခုလုံး လွမ်းခြုံမိအောင်သင်ကြားသုတေသနပြုနေသော တက္ကသိုလ် တစ်ခုဖြစ်ပါသည်။
(ဂ) ဇီဝနှင့်ပတ်ဝန်းကျင်အင်ဂျင်နီယာဌာန၊ စိုက်ပျိုးမွေးမြူရေးမဟာဌာန၊ တိုကျို တက္ကသိုလ်၊ ဂျပန်နိုင်ငံ (Department of Biological and Environmental Engineering, Faculty of Agriculture, University of Tokyo, Japan) အင်ဂျင်နီယာအခြေခံပညာကို စိုက်ပျိုးမွေးမြူရေးနှင့်ပတ်ဝန်းကျင်သိပ္ပံနှင့်ပေါင်းစပ်ပြီး တိကျသောစိုက်ပျိုးမွေးမြူရေး (Precision Agriculture) နှင့် ခေတ်မီလယ်ယာလုပ်ငန်း (Smart Farming) များကို သင်ကြားသုတေသနပြုလုပ်နေပါသည်။
(ဃ) စက်မှုလယ်ယာအင်ဂျင်နီယာဌာန၊ စိုက်ပျိုးရေးမဟာဌာန၊ ကက်ဆဆက် တက္ကသိုလ်၊ ထိုင်းနိုင်ငံ (Department of Farm Mechanics, Faculty of Agriculture, Kasetsart University, Thailand)တက္ကသိုလ်တွင်ရှိသော အင်ဂျင်နီယာမဟာဌာနနှင့် တွဲဖက်၍ နိုင်ငံအတွင်းလိုအပ်လျက် ရှိသည့် ခေတ်မီလယ်ယာသုံးစက်ကိရိယာများကိုသင်ကြားသုတေသနပြုနေပါသည်။
(င) စိုက်ပျိုးရေးအင်ဂျင်နီယာဌာန၊ စိုက်ပျိုးရေးမဟာဌာန၊ ဂျက်ဖနာတက္ကသိုလ်၊ သီရိလင်္ကာနိုင်ငံ (Department of Agricultural Engineering, Faculty of Agriculture, Jaffna University, Sri Lanka)လူဦးရေ ၂၂-သန်းသာရှိသော ဤသီရိလင်္ကာ နိုင်ငံငယ်ကလေးတွင် တက္ကသိုလ်ပေါင်း ၁၈-ကျောင်းရှိရာ ၁၉၉၀ ခုနှစ်ကျမှ စိုက်ပျိုးမွေးမြူရေးမဟာဌာန ဖွင့်ခဲ့ရသော ဤတက္ကသိုလ် ကလေးအပါအဝင် တက္ကသိုလ် ၉-ကျောင်းက စိုက်ပျိုးမွေးမြူရေးပညာကို သင်ကြား ပေးလျက် ရှိကြောင်းတွေ့ရှိရပါသည်။ စိုက်ပျိုးမွေးမြူရေးပညာမဟာဌာန၏အောက်တွင် ဌာန ၅ဌာနသာ ရှိရာ စိုက်ပျိုးရေးအင်ဂျင်နီယာဌာနသည် တစ်ခုအပါအဝင် ဖြစ်ပါသည်။
စိုက်ပျိုးရေးအင်ဂျင်နီယာဘာသာ အရေးကြီးပုံကို မီးမောင်းထိုးပြခြင်းဖြစ်ပါသည်။
(ဆက်ပါဦးမည်)
ဒေါက်တာမျိုးကြွယ်