အိန္ဒိယသည် အမေရိကန်နှင့် ပထမဆုံးကုန်သွယ်ရေး သဘောတူညီချက် ရရှိရန် အလားအလာရှိကြောင်းပြောကြား

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent က အိန္ဒိယနိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးသဘော တူညီချက် (Bilateral trade agreement- BTA) ကို ပထမဆုံးအဖြစ် အတည်ပြုနိုင်မည့်နိုင်ငံဖြစ်နိုင်ကြောင်း ပြောကြားခဲ့ကြောင်းနှင့် အိန္ဒိယနိုင်ငံ၏ ပွင့်လင်းသောကုန် သွယ်ရေးမူဝါဒများ၊ အကောက်ခွန်နှုန်းသက်သာမှုနှင့် အကောက်ခွန် မဟုတ်သော အတားအဆီးအနည်းငယ်သာရှိမှုတို့ကို အဓိကအချက်များအဖြစ် ညွှန်းဆိုခဲ့ကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၂၄ ရက်က ဖော်ပြသည်။
လက်ရှိတွင် ကုန်သွယ်ရေးသဘောတူညီချက်ဆိုင်ရာ ဆွေးနွေးမှုများသည် "အလွန်နီးကပ်စွာ" ပြီးဆုံးတော့မည့် အခြေအနေရှိပြီး တရုတ်နိုင်ငံနှင့် ဆွေးနွေးမှုများမှာမူ ယာယီဆိုင်းငံ့ထားကြောင်း သိရ သည်။ အဆိုပါ သဘောတူညီချက် အလားအလာသည် အမေရိကန်ပြည်ထောင်စုက အိန္ဒိယနိုင်ငံအပေါ် ကျင့်သုံးဆောင်ရွက်နေသော ၂၆ ရာခိုင်နှုန်း ပြန်လည်ကောက်ခံမည့် အကောက်ခွန်ကို (ဇူလိုင် ၈ ရက်နေ့ တွင် ကုန်ဆုံးမည့်) ၉၀ ရက် ယာယီရပ်ဆိုင်းထားသည့် ကာလအတွင်း ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။ အမေရိကန်ပြည် ထောင်စုသည် ၎င်း၏ကုန်သွယ်ရေးလိုငွေပြမှုလျှော့ချရန်နှင့် မိတ်ဖက် နိုင်ငံများအား ကုန်သွယ်ရေးအတား အဆီးများ လျှော့ချရန် တိုက်တွန်းအားပေးလျက်ရှိကြောင်းသိရသည်။
အမေရိကန် ဒုတိယသမ္မတ JD Vance သည် ၎င်း၏ အိန္ဒိယနိုင်ငံသို့ အလည်အပတ်ခရီးစဉ်အတွင်း အကောက်ခွန်မဟုတ်သော အတား အဆီးများ ဖယ်ရှားရန်၊ ဈေးကွက်ဝင်ရောက်ခွင့်ပေးရန်နှင့် အမေရိကန်၏စွမ်းအင်နှင့်ကာကွယ်ရေးပစ္စည်းများ ပိုမိုဝယ်ယူရန် တိုက်တွန်း ခဲ့ကြောင်း သိရသည်။ "အိန္ဒိယနိုင်ငံသည် နှစ်နိုင်ငံအကြား စွမ်းအင်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နိုင်သည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။ ကျွန်ုပ်၏တစ်ခုတည်းသော အဆိုပြုချက်မှာ အမေရိကန်ကုန်ပစ္စည်းများ အိန္ဒိယဈေးကွက်သို့ ဝင်ရောက်နိုင်ရန် အကောက်ခွန်မဟုတ်သော အတားအဆီးအချို့ကို ဖယ်ရှားရန် စဉ်းစားပေးပါ" ဟု ၎င်းက Rajasthan ပြည်နယ်တွင် ကျင်းပသည့် အခမ်းအနားတစ်ခုတွင် ပြောကြားခဲ့ကြောင်း သိရသည်။
Bessent နှင့် Vance တို့၏ ထုတ်ဖော်ပြောဆိုချက်များသည် နယူးဒေလီနှင့် ဝါရှင်တန်တို့အကြား နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီချက်၏ အချက်အလက်များအား အတည်ပြုရန် ဆွေးနွေးမှုများ စတင်လုပ်ဆောင်နေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်ပြီး လာမည့်ရက်သတ္တပတ်များအတွင်း ဆွေးနွေးမှုများ အရှိန်မြှင့်တင်လာမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
ကောင်းထွဋ်အောင်
The Hindu Businessline, India could be the first country to sign trade deal: US Treasury Secretary, April 24, 2025.