စိုက်ပျိုးမွေးမြူရေးပညာနှင့် နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များ (အပိုင်း-၂၄) ၊ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များခေတ်နှင့်အညီလိုအပ်သောဘာသာရပ်နှင့်သုတေသနများ (၁)

စိုက်ပျိုးမွေးမြူရေးပညာနှင့် နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များ (အပိုင်း-၂၄) ၊ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များခေတ်နှင့်အညီလိုအပ်သောဘာသာရပ်နှင့်သုတေသနများ (၁)

lab

ဒီတစ်ခါတော့ နိုင်ငံတကာစိုက်ပျိုးမွေးမြူရေးတက္ကသိုလ်များတွင် ခေတ်နှင့်အညီ ပြောင်းလဲသင်ကြားလျက်ရှိသော၊ အသစ်သင်ကြားနေသော၊ လိုအပ်ချက်အရ သင်ကြားပေးရန် လိုနေသေးသော ဘာသာရပ်များ၊ သုတေသနများအကြောင်းကို ဆွေးနွေးပါမည်။

(က) စိုက်ပျိုးပညာပေးရေး (ယခင်ကတိုးချဲ့ပညာပေးရေး) ဘာသာရပ်    (Agricultural Extension)

ဤဘာသာရပ်သည် ကျွန်တော်တို့တက္ကသိုလ်မရောက်မီကတည်း က မန္တလေး စိုက်ပျိုးရေးကောလိပ်ဘဝကတည်းက သင်ကြားခဲ့သောဘာသာ ရပ် ဖြစ်ပါသည်။ ၁၉၂၄-ခုနှစ် ကတည်းက စိုက်ပျိုးရေးဘာသာရပ် (Agriculture) နောင်လယ်ယာသီးနှံ ဘာသာရပ် (Agronomy)တွင်ဘာသာရပ် အစိတ်အပိုင်းအနေနှင့် သင်ခဲ့ရပါသည်။ ၁၉၆၉-ခုနှစ် ကျောင်းဆင်း ဆရာကြီးဦးတင်ညွန့်တို့ကျောင်းသားဘဝက ဤဘာသာရပ်ကို စိုက်ပျိုးရေး ဌာန အငြိမ်းစား ဆရာကြီး ဦးထွန်းရွှေ၊ ဦးခင်မောင်အေးတို့ သင်ကြားပေးခဲ့သည်ဟူ၍ ပြန်ပြောပါသည်။၁၉၇၉-ခုနှစ် က ကျွန်တော်တို့ နောက်ဆုံးနှစ် လယ်ယာသီးနှံဘာသာရပ်တွင် ဒေါက်တာ ဆလိုင်းထွန်းသန်းက လယ်ယာသီးနှံ၏ တစ်စိတ်တစ်ပိုင်း ဘာသာရပ်အနေ နှင့် စိုက်ပျိုးပညာပေးရေးဘာသာရပ်ကို သင်ယူခဲ့ရသည်ကို မှတ်မိနေပါသည်။ 

၁၉၈၅-ခုနှစ်တွင် စိုက်ပျိုးပညာပေးရေး ဘာသာရပ်သီးသန့် ခွဲထွက်သွားပြီး ၁၉၈၇-ခုနှစ် ဒေါက်တာဒေါ်ခင်ဦး ဩစတေလျနိုင်ငံမှမဟာစိုက်ပျိုးရေးပညာ(စိုက်ပျိုးရေးပညာပေးရေး)ဘွဲ့ရပြီးပြန်လာတော့ နောက်ဆုံး နှစ်တွင် စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက် လူမှု ဗေဒ (Rural Sociology) ဘာသာရပ် ၂-ခု သီးသန့်ခွဲခြား သင်ကြားခဲ့ပါသည်။ ကျွန်တော် ပါမောက္ခချုပ်ဘဝ ၂၀၁၇-ခုနှစ်တွင်တော့ စိုက်ပျိုးပညာပေးရေး သီးခြားဌာန (ပါမောက္ခ) ကြီးကြပ်မှုအဖြစ် အခြားရှိသင့်သော ဘာသာရပ်အသစ်များနှင့်အတူ ပေါ်ထွက် လာခဲ့ပါ သည်။

တောင်သူလယ်သမားပညာပေးလုပ်ငန်းစနစ်အမျိုးမျိုး (Agricultural Extension Systems)

(က) အစိုးရမှဆောင်ရွက်ပေးသောတောင်သူပညာပေးစနစ်(Public Agricultural Extension System) 

အစိုးရမှ ရန်ပုံငွေပေးပြီး အထူးသဖြင့် စိုက်ပျိုးမွေးမြူရေးဝန်ကြီး ဌာနများမှ စီမံဆောင်ရွက်ပါသည်။ ဥပမာ - မြန်မာနိုင်ငံအပါအဝင် တရုတ်၊ ဘရာဇီးလ်၊ ကင်ညာ နိုင်ငံများ

အားသာချက်များ - နိုင်ငံအနှံ့ရောက်ရှိနိုင်၊ အစားအသောက်ဘေးကင်းလုံခြုံရေးနှင့် အပန်းဖြေမှုများပါထည့်တွက်နိုင်
အားနည်းချက်များ - ဗျုရိုကရက်စနစ်ကြောင့် ထိရောက်မှုအားနည်း၊ ဘတ်ဂျက်နှင့် ဝန်ထမ်း အရေအတွက်အားနည်းနိုင်

(ခ) ပုဂ္ဂလိကမှဆောင်ရွက်နေသော တောင်သူပညာပေးစနစ် (Private Agricultural Extension System) 

ပုဂ္ဂလိကစိုက်ပျိုး၊ မွေးမြူရေးကုမ္ပဏီများ (Private Companies and Agribusiness Firms)၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs – Non-Governmental Organization)မှ ဆောင်ရွက်လေ့ရှိပြီး တောင်သူများက ကုန်ကျစရိတ် အချိုးကျ ထည့်ဝင်ပါသည်။ ဥပမာ - အမေရိကန်၊ နယ်သာလန်၊ ဩစတေလျနိုင်ငံများ 

အားသာချက်များ - သီးနှံ၊ မွေးမြူရေးတိရိစ္ဆာန် တစ်မျိုးခြင်း အလိုက် ဆောင်ရွက်ပေးနိုင်၊ အစိုးရစနစ်ထက် ပိုမို အကျိုးရှိကြောင်း သုတေသနများက တင်ပြထား
အားနည်းချက်များ - ကုန်ကျစရိတ်များ၍ တောင်သူငယ်များ မတတ်နိုင်ပါ။ စီးပွားဖြစ် သီးနှံများကို ဦးစားပေးနေ၍ အစားအသောက်လုံခြုံရေး (Food Security)ကို ဦးစား မပေးနိုင်ပါ၊

(ဂ) အားလုံးရောနှောထားသောတောင်သူပညာပေးစနစ်(Pluralistic Extension System)

အစိုးရ၊ ပုဂ္ဂလိကရောနှောထားသော တောင်သူပညာပေးနည်းစနစ်ဖြစ်ပါသည်။ ဥပမာ - အိန္ဒိယ၊ ဂါနာ၊ အီသီ ရိုးပီးယား

အားသာချက်များ - ဘက်ပေါင်းစုံ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ပါသည်။
အားနည်းချက်များ - ကုန်ကျစရိတ်များ၍ တောင်သူငယ်များ မတတ်နိုင်ပါ။ စီးပွားဖြစ် သီးနှံများကိုဦးစားပေးနေ၍ အစားအသောက်လုံခြုံရေး (Food Security)ကို ဦးစား မပေးနိုင်ပါ၊

(ဃ) တောင်သူမှတောင်သူသို့ဆောင်ရွက်သောတောင်သူပညာပေးစနစ် (Farmer-to-Farmer Extension System)

အတွေ့အကြုံရှိသောအကျိုးဆောင်တောင်သူများကမိမိတို့ လယ်၊ယာအနီးရှိ မိတ်ဆွေ တောင်သူအချင်းချင်း ကူညီဆောင်ရွက်ပေးသည့် စနစ်ဖြစ်ပါသည်။ ဥပမာ - မက္ကဆီကို၊ ဖီလစ်ပိုင်၊ ယူဂန်ဒါ

အားသာချက်များ - ကုန်ကျစရိတ် မရှိဘဲ လက်တွေ့ကျပါသည်။ တောင်သူအချင်းချင်း ယုံကြည်မှုတည်ဆောက်ပြီး တောင်သူကွန်ယက် (Fermers Network) ဥပမာ - ဗိုက်ဘာ အုပ်စု (Viber Group) များစွာ ဆောက်တည်နိုင်ပါသည်။
အားနည်းချက်များ -နည်းပညာအသစ်များ ပေးဝေနိုင်မှုအားနည်းပါလိမ့်မည်။ ကျွမ်းကျင် တတ်မြောက်၊ တက်ကြွသော အကျိုးဆောင်တောင်သူရွေးချယ်မှု အပေါ်မူတည်၍ အကျိုး ရှိမှုကွာပါလိမ့်မည်။

(င) သတင်းအချက်အလက်ပညာ အခြေပြုတောင်သူပညာပေးစနစ် (ICT-Based Digital Extension System)

တက္ကသိုလ်နှင့်သုတေသနဌာနများမှ နောက်ဆုံးပေါ် ခေတ်မီနည်းပညာများဖြင့် တောင်သူများ၏ အခက်အခဲပြဿနာများ၊ ဗဟုသုတဖြစ်စရာ၊ ဝင်ငွေရရှိနိုင်မည့် နည်းလမ်း များကို ဒီဂျစ်တယ်ရပ်ဝန်း (Digital Platforms)၊ တယ်လီဖုန်းပရိုဂရမ်စနစ်များ (Mobile Apps)၊ စာတိုပို့သည့်စနစ် (SMS – Short Message Service)၊ အဝေး အရင်းအမြစ်မှ ဆောင်ရွက် ပေးချက်များ (Online Resources) အသုံးပြုခြင်းဖြစ်ပါသည်။

ဥပမာ - အိန္ဒိယနိုင်ငံ အီး-ချော်ပယ်စနစ် (e-Chopal, India)၊ ကင်ညာနိုင်ငံ အမ်ဖန်းစနစ် (M-Farm, Kenya)၊ နိုက်ဂျီး နီးယားနိုင်ငံ ဖန်းကရောက်ဒီစနစ် 
(FarmCrowdy, Nigeria) 

အားသာချက်များ - မြန်ဆန်ပြီး တယ်လီဖုန်း၊ အင်တာနက်ရှိပါက အချက်အလက်များဆီ သို့ လွယ်ကူစွာ ရောက်ရှိနိုင်ပါသည်။
အားနည်းချက်များ - တောင်သူနေရာတိုင်းအတွက် လက်ကိုင်ဖုံး (Mobile Phone)၊ အင် တာနက် (Internet) စသည်တို့ ရှိမှ အဆင်ပြေပါလိမ့်မည်။ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် တောင်သူများလက်ဝယ် စမတ်ဖုန်း (Smart Phone) ရှိမှု၊ အင်တာနက် လိုင်းကောင်းမှုများ၊ ဖုန်းဘေလ်သုံးစွဲနိုင်မှုများမှာ စိန်ခေါ်ချက်များ ရှိပါသည်။

(စ) တက္ကသိုလ်မှဦးဆောင်သော တောင်သူပညာပေးစနစ်များ (University-Led Extension System)

တက္ကသိုလ်၊ သုတေသနဌာနများ (Universities and Research Institutions) မှ တောင်သူများနှင့် တိုက်ရိုက်ထိတွေ့ပြီး ပညာပေး လုပ်ငန်းများ၊ ကာလတိုသင်တန်းများ (Short-term Practical Training) ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ဥပမာ - အမေရိကန်နိုင်ငံ မြေငှားစနစ်အသုံးပြုသော တက္ကသိုလ်များ (US Land-Grant University Extension Service)၊ ဂျာမနီ၊ ကနေဒါ

အားသာချက်များ - သုတေသနအခြေခံပြီး (Research-based) တီထွင်ဖန်တီးမှု ရလဒ် များ (Innovative Approaches) ပါဝင် နိုင်ပါသည်။ သင်တန်းပေးမှု အားသာပြီး ပညာရှင် မွေးထုတ်မှု သင်ကြားရင်းလေ့ကျင့် ပြုလုပ်ပေးနိုင်ပါသည်။
အားနည်းချက်များ - ပညာရပ်ဆိုင်ရာဝန်းကျင် (Academic Circles) မှနေ တောင်သူ လက်တွေ့ဘဝထိတွေ့မှု အားနည်းနိုင်ပါသည်။ လက်တွေ့ကျမှု (Lack of Practical and Field Experience) အားနည်းနိုင်ပါသည်။

(ဆ) အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ တောင်သူပညာပေးစနစ် (Non-Governmental Organization – NGO-based Extension System)

မြန်မာနိုင်ငံအပါအဝင် နိုင်ငံအများအပြားတွင် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများ (International NGO) နှင့် ပြည်တွင်းရှိ အဖွဲ့အစည်းများ (Local NGO) သည် လုပ်ကွက်ငယ်တောင်သူများနှင့် အထိခိုက်မခံနိုင်သော (Small-Scale and Venerable Farmers) အထိ တောင်သူပညာပေးလုပ်ငန်းများကို ဆောင်ရွက်ကြပါသည်။ ဥပမာ - အာဖရိကန်နှင့် တောင်အာရှနိုင်ငံများ

အားသာချက်များ - ကျန်အဖွဲ့အစည်းများ မရောက်နိုင်သော တောင်သူငယ်ကလေး များကိုဦးတည်ပါသည်။ကျေးလက်ဒေသဖွံ့ဖြိုးရေး (Rural Development) အစီအစဉ်များ ဖြင့် ပူးတွဲဆောင်ရွက်ပါသည်။
အားနည်းချက်များ - ထောက်ပံ့ပေးသော အဖွဲ့အစည်း (Donor Organizations) များအပေါ်မူတည်နေပါသည်။ စီမံကိန်း (Projects) ရပ်သွားပါက ရေရှည်တည်တံ့ခိုင်မြဲမှု ပြဿနာ (Sustainable Problems) အခက်အခဲ ရှိပါသည်။

(ဇ) သမဝါယမအခြေခံ တောင်သူပညာပေးလုပ်ငန်းများ (Cooperative-Based Extension System)

သမဝါယမစနစ်ကိုအခြေခံပြီး တောင်သူပညာပေးလုပ်ငန်းအောင်မြင်နေသည့် နိုင်ငံများ ရှိပါသည်။ ဥပမာ - ဂျပန်၊ အစ္စရေးနိုင်ငံများ

အားသာချက်များ - တောင်သူအဖွဲ့အစည်းများ (Farmers organization) ကို အခြေခံ သဖြင့်အတိုင်းအတာတစ်ရပ်အထိအောင်မြင်ပါသည်။ အများစုက
ဈေးကွက်ကိုသိပြီး ဈေးနှိမ် ဝယ်ယူခံရမှုနည်းပါသည်၊ 
အားနည်းချက်များ - သမဝါယအဖွဲ့ဝင်မဟုတ်သူများ (Non-members) ကျန်ရစ်ခဲ့ နိုင်ပါ သည်။ 

အမေရိကန်နိုင်ငံ၏တက္ကသိုလ်နှင့်ပူးတွဲဆောင်ရွက်နေသောတောင်သူပညာပေးလုပ်ငန်းများ (University-led Agricultural Extension Systems in US Universities)

ဤစနစ်သည်အမေရိကန်နိုင်ငံတွင် ပြည်နယ်အလိုက် တက္ကသိုလ်များမှ စိုက်ပျိုးပညာ ပေးလုပ်ငန်းကို ပြည်နယ်အစိုးရဌာနများနှင့်ပူးတွဲလုပ်ဆောင်ပေးနေခြင်းဖြစ်ပါသည်။ အထူးသဖြင့် တောင်သူများ(Farmers)၊စိုက်ပျိုးမွေးမြူရေးဆိုင်ရာလုပ်ငန်းရှင်များ(Agribusinesses)၊ကျေးလက်နေလူထု(Rural Communities)အတွက်တက္ကသိုလ်များ၏ စိုက်ပျိုး၊မွေးမြူရေး သုတေသနတွေ့ရှိချက်များ (Research-based Knowledge)ကို ဖြန့်ဝေ၊ ပညာပေး သော စနစ်ဖြစ်ပါသည်။ သူတို့အခေါ် စုပေါင်းပညာပေးစနစ် (CES – Cooperative Extension System)ကို အမေရိကန်တစ်နိုင်ငံလုံး ဗဟိုအစိုးရ (Federal)၊ ပြည်နယ်အစိုးရ (State)၊ ဒေသဆိုင်ရာအစိုးရ  (Local Governments) များနှင့် ပြည်နယ်/တိုင်းတွင် မြေငှားစနစ်ကို ကျင့်သုံးသောတက္ကသိုလ်များ (Land-Grant Universities) မှ ပူးပေါင်းဆောင်ရွက်နေကြပါ သည်။ဤစနစ် အောင်မြင်နေရခြင်း အဓိကအကြောင်းရင်းမှာ တက္ကသိုလ်များတွင် ဗဟိုချုပ် ကိုင်မှုစနစ်လျှော့ချပြီး(Decentralization)မိမိတက္ကသိုလ်အလိုက် ပါမောက္ခချုပ်နှင့်ပါမောက္ခများအဖွဲ့ကို ကုမ္ပဏီပိုင်ရှင်များ၊ စီးပွား ရေးသမားများ၊အငြိမ်းစားဆရာ/ဆရာမများ၊အငြိမ်းစား သုတေသနပညာရှင်များ ပါဝင်ဖွဲ့စည်းထားသော တက္ကသိုလ်ကောင်စီ (University Council) သို့မဟုတ် စီမံခန့်ခွဲရေးဘုတ်အဖွဲ့ (Board of the Trustees) က လွတ်လပ်စွာ ထိန်းကြောင်း၊ မွမ်းမံကြီးကြပ်ပေးခြင်း (University Autonomy System)  ဖြစ်ပါသည်။

အမေရိကန်စနစ်အရ တက္ကသိုလ်များက ဆောင်ရွက်ရန် တာဝန် ၃ ရပ်ရှိပါသည်၊ သင်ကြားရေး (Teaching)၊ သုတေသန (Research)လူထုပညာပေးရေး/ဝန်ဆောင်မှု(Extension/Service)စသည်တို့ ဆောင် ရွက် လေ့ ရှိပါသည်။

ဤဘာသာရပ် သင်ကြားလျက်ရှိသော ကမ္ဘာ့တက္ကသိုလ်အချို့မှာ -

(I) မဲလ်ဘုန်းတက္ကသိုလ်၊ ဩစတေလျ (Melbourne University, Australia)
ဩစတေလျနိုင်ငံနှင့်အခြားနိုင်ငံများ၏ စိုက်ပျိုး ပညာပေးရေးမူဝါဒနှင့်လက်တွေ့ ကျင့်သုံးပုံများ (Agricultural Extension Policy and Practice in Australia and Overseas countries)၊ လူမှုဘဝပြောင်းလဲနေသော အခြေ အနေများ (Social Theories of Changes)၊ တောင်သူပညာပေးလက်တွေ့ ဆောင်ရွက်ပုံများ (Extension Delivery Strategies, Theories, Practices) စသည်တို့ကိုသင်ကြား ပေးပါသည်၊

(II) ပင်ဆယ်ဗေးနီးယားပြည်နယ်တက္ကသိုလ်၊ အမေရိကန်နိုင်ငံ (Pennsylvania State University, US) 
စိုက်ပျိုးပညာပေးရေးခေါင်းဆောင်မှုနှင့်စီမံအုပ်ချုပ်မှု (Leader-ship and Administration in Agricultural Extension Education)၊ ခေါင်းဆောင်မှု သီအိုရီနှင့်သဘောတရားများ (Theories, Concepts and Principles of Leadership)၊ ကျေးလက်ဒေသအုပ်စုအလိုက်တွဲဖက်ဆောင်ရွက်ပုံနည်းလမ်းများ (Methods of Community Management) စသည်တို့ကို သင်ကြားပေးပါသည်။

(III) ယူပီလယ်ဘီ၊ ဖိလစ်ပိုင်တက္ကသိုလ်၊ ဖိလစ်ပိုင်နိုင်ငံ (UPLB – University of Philippines, Los Banos, Philippines)
တောင်သူဦးကြီး၊ လူကြီးများအား သင်ကြားပေးနည်းစနစ်များ (Adult Education and Training)၊ တောင်သူ ပညာပေး သင်ကြားနည်းစနစ်များ (Extension Teaching Methodologies)၊ တောင်သူအစုအဖွဲ့ဖွံ့ဖြိုးနည်းစနစ်များ (Community Development) စသည် တို့ကိုသင်ကြားပေးပါသည်။(အခြားဘာသာရပ်များ သင်ကြားမှုကို ဆက်ပါဦးမည်)

ဒေါက်တာမျိုးကြွယ်