ယူကရိန်းပန်းသီး တင်သွင်းရန်အတွက် ကနေဒါ ဈေးကွက်ဖွင့်

ယူကရိန်းပန်းသီး တင်သွင်းရန်အတွက် ကနေဒါ ဈေးကွက်ဖွင့်

ယူကရိန်းပန်းသီးများ တင်သွင်းရာတွင် လွယ်ကူချောမွေ့စေရေးအတွက် ယူကရိန်းနိုင်ငံ၏ အစားအသောက်ဘေးကင်းရေးနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုမှ ထုတ်ပြန်ထားသည့် အစီအစဉ်တစ်ရပ်ကို ကနေဒါအစား အစာစစ်ဆေးရေးအေဂျင်စီ(CFIA)က တရားဝင် ခွင့်ပြုခဲ့သည်။

ရုရှား၏ အပြင်းအထန်တိုက်ခိုက်မှုအခြေအနေများကြားတွင် ပို့ကုန်လုပ်ငန်းရှင်များနှင့် ယူကရိန်းနိုင်ငံ၏ စီးပွားရေးကိုပံ့ပိုးကူညီပေးရန် အထူးအလေးထား ခဲ့ပါကြောင်း၊ ခိုင်မာသော စီးပွားရေးနှင့် တည်ငြိမ်သော စီးပွားရေးလုပ်ငန်းများသည် ကျွန်ုပ်တို့နိုင်ငံ၏ အလုံးစုံကာကွယ်ရေး စွမ်းရည်အတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသောကြောင့် နိုင်ငံတော်အဆင့် အစားအစာ ဘေးကင်းရေးနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများနှင့်အတူ ယူကရိန်း ထုတ်လုပ်သူများအတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးခြင်း၊ ကုန်သွယ်မှုကို ဖြေလျှော့ပေးခြင်း၊ နိုင်ငံခြား ဈေးကွက်အသစ်များသို့ တံခါးဖွင့်ပေးခြင်းတို့ကို ဆက်လက် လုပ်ဆောင်နေပါကြောင်း ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး  Andriy Sybiha က ပြောကြားသည်။

နိုင်ငံတော်အဆင့် အစားအစာဘေးကင်းရေးနှင့်စားသုံးသူကာကွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုဌာန အကြီးအကဲ Serhiy Tkachuk က ယူကရိန်းထုတ်ကုန်များ၏ ၀ယ်လိုအားသည် နိုင်ငံတကာ ကုန်သွယ်မှုနယ်ပယ်မှာ တစ်နှစ်ထက်တစ်နှစ် ကြီးထွားလာနေပါကြောင်း၊ ကနေဒါနိုင်ငံသည် ယူကရိန်း ပန်းသီးများအတွက် စျေးကွက်ဖွင့်နေပြီဖြစ်ပါကြောင်း၊ နိုင်ငံတော်အဆင့် အစားအစာ ဘေးကင်းရေးနှင့် စားသုံးသူ ကာကွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုဌာနသည် နိုင်ငံခြားရေးဝန်ကြီး ဌာနနှင့်အတူ အရောင်းဈေးကွက်သစ်များ ဖွင့်လှစ်ရန် စီးပွားရေးလုပ်ငန်းများထံမှ တောင်းဆိုမှု တိုင်းကို ဆောင်ရွက်ပေးပါသည်။ နိုင်ငံအချို့ကိုသာမက အမေရိက ဥရောပသမဂ္ဂ၊ အာဖရိက၊ အရှေ့ အာရှနိုင်ငံများ စသည့် ကမ္ဘာ့မြေပုံတစ်ခုလုံးကိုပါ ထည့်သွင်း စဉ်းစားနေသည်။

ကနေဒါ၏ အလိုအလျောက်တင်သွင်းမှုဆိုင်ရာရည်ညွှန်းစနစ် (AIRS) သည် ယခုအခါ အချိန်နှင့် အမျှတင်သွင်းကုန် လိုအပ်ချက်များကို ဖော်ပြနေပြီး ယူကရိန်းပန်းသီးများ (Malus domestica) အတွက် တင်ပို့သည့် အစီအစဉ်ကို အတည်ပြုလိုက်ပြီဖြစ်သည်။ ယူကရိန်း ထုတ်လုပ်သူများ၊ တင်ပို့သူများနှင့် ထုပ်ပိုးသူများသည် ကနေဒါသို့ ပန်းသီးများ တင်ပို့ရောင်း ချနိုင်သည်။ ပိုးမွှားအန္တရာယ်များကို စီမံခန့်ခွဲရန်အတွက် သစ်သီးခြံများကို နိုင်ငံတော်အဆင့် ကြီးကြပ်ကွပ်ကဲမှု အောက်တွင်ထားရှိသည်။ ပို့ဆောင်မှုတစ်ခုချင်းစီအတွက် Phytosanitary Certificate တစ်ခု မဖြစ်မနေ လိုအပ်ကြောင်း သိရှိရသည်။      

အေးအေးခိုင်

https://www.freshplaza.com/north-america/article/9712090/canada-opens-market-to-ukrainian-apple-imports/