အိန္ဒိယတွင် ၁၀၀ ရာခိုင်နှုန်း ဆန်ကွဲတင်ပို့မှုပိတ်ပင်ချက်ကို ရုပ်သိမ်း

အိန္ဒိယတွင် ၁၀၀ ရာခိုင်နှုန်း ဆန်ကွဲတင်ပို့မှုပိတ်ပင်ချက်ကို ရုပ်သိမ်း

အိန္ဒိယအစိုးရသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလမှစတင်၍ စည်းမျဉ်းစည်းကမ်းထုတ်ပြန်၍ ပိတ်ပင်ထားသော ၁၀၀ ရာခိုင်နှုန်း ဆန်ကွဲတင်ပို့မှုကို မတ် ၇ ရက်က ရုပ်သိမ်းလိုက်ကြောင်း သိရသည်။ အဆိုပါနေ့ ညနေပိုင်းတွင် ထုတ်ပြန်လိုက်သော နိုင်ငံခြားကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန (DGFT) ၏ အမိန့်ကြော်ငြာစာအမှတ် ၆၁/၂၀၂၄-၂၅ အရ ယခုအခါ အိန္ဒိယနိုင်ငံမှ ဆန်ကွဲတင်ပို့မှုကို ယခင်က "တားမြစ်ထားသည့်" အဆင့်မှ လွတ်လပ်စွာ တင်ပို့ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ကြေငြာချက်သည် အိန္ဒိယ စပါးသိုလှောင်ရုံများ၌ ဆန်စပါးများပြည့်လျှံနေခြင်းနှင့် ဆန်ပို့ကုန်လုပ်ငန်းရှင်အသိုင်းအဝိုင်းမှ ဖိအားပေးမှုတို့ကြောင့် ပေါ် ပေါက်လာခြင်းဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ပြည်တွင်းစားသုံးမှု ဖူလုံရေးအတွက် အစိုးရမှ ဆန်ကွဲတင်ပို့မှု ပိတ်ပင်ခြင်း မပြုမီက တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့အပြင် အထူး သဖြင့် ဆီနီဂေါနိုင်ငံသည် အိန္ဒိယ၏ ဆန်ကွဲ အဓိက ဝယ်လက်နိုင်ငံများ ဖြစ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆုံးဖြတ်ချက်ကို လွန်ခဲ့သော သီတင်းပတ် တစ်ပတ်ခန့်ကတည်းက မျှော်လင့်နေခဲ့ကြ ကြောင်း ကုန်သွယ်ရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းမှ ပြောကြားခဲ့သည်။ ယခုအခါ ဗီယက်နမ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့မှ ၁၀၀ ရာခိုင်နှုန်း ဆန်ကွဲကို (ဗီယက်နမ်- ၁ တန်လျှင် ၃၀၇ ဒေါ်လာ၊ ပါကစ္စတန်- ၃၀၈ ဒေါ်လာ) ဈေးနှုန်းချိုသာစွာဖြင့် ယှဉ်ပြိုင်ရောင်း ချလာသည့်အတွက် အိန္ဒိယအနေဖြင့် အဆိုပါဈေးကွက်တွင် စိန်ခေါ်မှုများရှိနိုင်ကြောင်း သိရသည်။ ထိုင်းနိုင်ငံမှ ဆန်ကွဲ ၁ တန်လျင် ၃၅၆ ဒေါ်လာဖြင့် ရောင်းချလျက်ရှိသည်ကို ထောက်ရှုလျှင် အိန္ဒိယနိုင်ငံ၏ ဈေးနှုန်းသည် ဗီယက်နမ်နှင့် ပါကစ္စတန်နိုင်ငံတို့ထက် မြင့်မားဖွယ်ရှိကြောင်း သိရသည်။

ကုန်သည်များ၏ အဆိုအရ အိန္ဒိယမှ ၁၀၀ ရာခိုင်နှုန်း ဆန်ကွဲအား ပြန်လည်တင်ပို့ရန် ခွင့်ပြုချက်သည် စျေးနှုန်းကျဆင်းလျက်ရှိသော ကမ္ဘာ့ဆန်ဈေးကွက်ကို ယခုထက် ဖိအားပိုမိုဖြစ်စေမည်ဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ဆန်ထုတ်လုပ်မှုနှင့် လက်ကျန်ပမာဏများပြားနေခြင်း၊ ဝယ်လက်များ၏ ဝယ်လိုအား လျော့နည်းနေခြင်းနှင့် အာရှတွင် ဆန်အသစ်များ ရိတ်သိမ်းထွက်ရှိမှုများကြောင့် ဆန်ဈေးနှုန်း အပေါ် ဖိအားများဖြစ်စေကာ ၂ နှစ်အတွင်း ကမ္ဘာ့ဆန်ဈေးနှုန်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိလျက်ရှိကြောင်း သိရသည်။

ကောင်းထွဋ်အောင်

The Hindu Businessline, India lifts ban on 100% broken rice, March 7, 2025.