ရုရှားနေကြာမျိုးများအပါအဝင် ပြည်ပနေကြာမျိုးများ၏ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် ရိတ်သိမ်း

ရုရှားနေကြာမျိုးများအပါအဝင် ပြည်ပနေကြာမျိုးများ၏ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် ရိတ်သိမ်း

ပြည်ပမှ အသစ်တင်သွင်းသော နေကြာ ၉ မျိုးအပါအဝင် မျိုးယှဉ်ပြိုင် စမ်းသပ်စိုက်ပျိုးထားသည့် ပြည်ပနေကြာမျိုးများ ရိတ်သိမ်းခြင်းကို မတ်လ တတိယပတ်က နေပြည်တော်၊ ပျဉ်းမနားမြို့နယ် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း(GAP)စံပြစိုက်ကွင်း၌ ဆောင်ရွက်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ဌာနတာဝန်ရှိသူများ၊ နေပြည်တော် ၈ မြို့နယ်မှ စိုက်ပျိုးနည်းပညာပေး ဝန်ထမ်းများ၊ နေကြာစိုက်တောင်သူ ၅၀ ဦး တို့ ကွင်းဆင်း ကြည့်ရှု လေ့လာကြသည်။

ဒုတိယဝန်ကြီးက နေကြာသီးနှံနှင့် စပ်လျည်း၍ သိမှတ်ဖွယ်ရာများ ရှင်းလင်းပြောကြားရာတွင် စက်ကိရိယာများနှင့်ကာလကြာရှည်စွာ ထွန်ယက်စိုက်ပျိုး ခြင်းကြောင့် ဖြစ်ပေါ်လာသော ကျပ်တည်းလွှာရှိသည့်စိုက်ပျိုးမြေတွင်  အမြစ်ဆင်းအား ကောင်းမွန်သည့်  နေကြာသီးနှံစိုက်ပျိုးပေးခြင်းဖြင့် မြေဆီလွှာများပြုပြင်ရန် များစွာအသုံးဝင်ပါကြောင်း၊ နေကြာသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာရေးအတွက် ဆီထွက်သီးနှံနေကြာ မျိုးစေ့လိုအပ်ချက် ဖြည့်တင်းပေးနိုင်ရန် တောင်သူများကိုယ်တိုင် မျိုးစေ့ထုတ်လုပ်ငန်းတွင် ပူးပေါင်းပါဝင်ကြစေလိုကြောင်း၊  စပ်မျိုးနေကြာစိုက်ပျိုးခြင်းအပြင် သဘာဝဝတ်မှုံကူးမျိုး ဆင်းရွှေကြာ (၂)မျိုးသည်လည်း အထူးအရေးပါကြောင်း၊ တောင်သူများကိုယ်တိုင် မျိုးစေ့ထုတ်နိုင်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် နည်းပညာပေးခြင်းကို အထူးအလေးပေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆင်းရွှေကြာ-၂ မျိုးအား နှစ်စဉ် စံပွင့်ရွေးချယ်မျိုးခံစိုက်ပျိုးသည့်အလေ့အထအား တောင်သူများ လက်တွေ့ အသုံးချ ဆောင်ရွက်နိုင်ရေး နှင့် မျိုးမြှင့်တင်ခြင်းလုပ်ငန်းအား မိမိတို့ဝန်ကြီး ဌာနက တွန်းအားပေး ဆောင်ရွက်လျက်ရှိရာ တာဝန်ရှိသူ အဆင့်ဆင့်က နေကြာသုတေသနဖွံ့ဖြိုးရေးနှင့်  မျိုးစေ့စီးဆင်းမှုစနစ် မှန်ကန်ကောင်းမွန်ရေး တွန်းအားပေး ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။

၎င်းနောက် မျိုးယှဉ်ပြိုင် စမ်းသပ်ကွက် တာဝန်ခံက ပြည်ပမှ အသစ်တင်သွင်းသော နေကြာ ၉ မျိုး စံကွက် ရိတ်သိမ်းမည့် အစီအစဉ်များအားရှင်းလင်း ပြသပြီး  နေကြာမျိုး ၉ မျိုးအနက် နေကြာမျိုး ၈ မျိုးအား စံကွက်ရိတ်သိမ်းခြင်းကို လက်တွေ့ ပြသ ကြသည်။ ဆက်လက်၍ တောင်သူများအား စိုက်ကွင်းအတွင်း ရိတ်သိမ်း ရန် အသင့် ဖြစ်နေသည့်  နေကြာစိုက်ခင်းတစ်ခင်းခြင်းကို ပြသပြီး တောင်သူများသိရှိလိုသည့် မေးမြန်းချက်များကို တာဝန်ရှိသူများက အသေးစိတ်ရှင်းလင်းပြသခဲ့ကြကြောင်း သတင်းရရှိသည်။   

 MOALI