မန္တလေးဈေးကွက်

မန္တလေးဈေးကွက်

ဆန်

ရန်ကုန်ပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်းအသစ်များ ဝင်ရောက်မှုရှိခြင်း၊ အဝေးတင်ပို့ရမှုနည်းပြီး မြို့တွင်းစားသုံးမှုသာရှိခြင်းတို့ကြောင့် ရန်ကုန်ပေါ်ဆန်းတစ်အိတ် ၁၁၅၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်းတစ်အိတ် ၁၂၅၀၀၀ကျပ်သို့ မသိမသာ ဈေးနိမ့်သွားသည်။    မနောသုခဆန်မှာမှာလည်း အသစ်များဝင်ရောက်မှုရှိခြင်း၊ မြို့တွင်းစားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်အိတ် အသစ် ၇၆၀၀၀ကျပ်၊ အဟောင်း ၈၀၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေသည်။    ငစိန်ဆန်နှင့် ဇီယာဆန်မှာ ရန်ကုန်ဈေးကွက်မှတစ်ဆင့် ဝင်ရောက်သောဆန်ဖြစ်ခြင်း၊ မြို့တွင်း လုပ်ငန်းသမားဝယ်ယူမှုများခြင်းကြောင့် တစ်အိတ် ၇၅၀၀၀ကျပ်မှ ၇၆၀၀၀ကျပ်သို့ ဈေးမသိမသာ မြင့်သွားပြီး ဇီယာဆန်မှာ အသစ်အဝင်နည်းပြီး အဟောင်းများသာ ရောင်းဝယ်မှုရှိခြင်းကြောင့် တစ်အိတ် ၈၈၀၀၀ကျပ်မှ ၉၀၀၀၀ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။ ဧရာမင်းဆန် အသစ်ဝင်ရောက်မှု ရှိခြင်းကြောင့် အသစ် တစ်အိတ် ၁၂၀၀၀၀ကျပ်၊ အဟောင်းတစ်အိတ် ၁၃၅၀၀၀ကျပ်ဖြင့် မြို့တွင်းသုံးပုံမှန်ရှိနေသည်။

ဆီထွက်သီးနှံ

မြေပဲ(လုံးဆန်)မှာ လယ်ဝေးနှင့် ပြည်မှ ဝင်ရောက်သော လုံးဆန် (သစ်) ၁၀၀ပိဿာ ၈၇၀၀၀၀ကျပ် မြင်းမူဆန် ၁၀၀ပိဿာ ၉၃၀၀၀၀ကျပ်ဖြင့် လုပ်ငန်းသမား၊ လှောင်သမားများ ဝယ်ယူမှုပုံမှန်ရှိပြီး မြေပဲ (ဆီဆန်)မှာ အသစ်များ ဝင်ရောက်မှုရှိခြင်း၊ ဆီစက်သမားအဝယ်ပုံမှန်သာရှိခြင်းကြောင့် ၁၀၀ပိဿာ ၈၄၀၀၀၀ကျပ်မှ ၈၂၀၀၀၀ကျပ် သို့ ဈေးမသိမသာနိမ့်သွားသည်။
နှမ်းဖြူမှာ လုပ်ငန်းသမား ရန်ကုန်သမားအဝယ်နည်းခြင်းကြောင့် အရောင်း အဝယ်အေးပြီး ၄၅ပိဿာ ၃၃၀၀၀၀ ကျပ်မှ ၃၂၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားပြီး နှမ်းညိုမှာ ဆီစက်သမား အဝယ်ပုံမှန်၊ အဝင်ပုံမှန်ရှိခြင်းကြောင့် ၄၅ပိဿာ ၃၀၀၀၀၀ကျပ်၊ နှမ်းနက်မှာလည်း လုပ်ငန်းသမားနှင့် တရုတ်ဝယ်လက်နည်းခြင်းကြောင့် ၄၅ပိဿာ ၅၅၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ နှမ်းဝါနှင့် နှမ်းနီများလည်း ဝင်ရောက်မှုရှိပြီး နှမ်းဝါ ၄၅ပိဿာ ၃၁၀၀၀၀ကျပ်၊ နှမ်းနီ ၃၁၀၀၀၀ကျပ်ဖြင့် ဆီစက်သမား လှောင်သမားများ ပုံမှန်ဝယ်ယူနေသည်။ ပန်းနှမ်းနှင့် နေကြာမှာ အသစ်ဝင်ရောက်မှုရှိခြင်း၊ ဆီစက်သမားအဝယ်နည်းခြင်း အရောင်းအဝယ်အေးခြင်းကြောင့် ပန်းနှမ်း ၄၅ပိဿာ ၂၃၅၀၀၀ကျပ်၊ နေကြာ ၂၇ပိဿာ အရည်အသွေးကောင်း ၁၆၀၀၀၀ကျပ်ဖြင့် ဈေးငြိမ်နေ သည်။ နှမ်းဆီနှင့် ပဲဆီကိုသာ အများဆုံးရောင်းဝယ်နေပြီး ပဲဆီတစ်ပိဿာ အရည် အသွေးပေါ်မူတည်၍ တစ်ပိဿာ ၁၄၅၀၀ကျပ်မှ ၁၆၀၀၀ကျပ်၊ နှမ်းဆီ ၁၄၅၀၀ ကျပ်၊ ပဲပုတ်ဆီ ၈၀၀၀ကျပ်ဖြင့် ရောင်းဝယ်မှုရှိသည်။

စားဖိုဆောင်သီးနှံ

ငရုတ်ခြောက် နယ်စုံအဝင်နည်းသွားခြင်း၊ မြို့တွင်းနှင့် မန္တလေးဝန်းကျင်မှာ အဝင်ပုံမှန်ရှိခြင်းကြောင့် ငရုတ်ခြောက်(ရှည်) တစ်ပိဿာ ၁၂၀၀၀ကျပ်၊ ငရုတ်ခြောက် (လတ်)မှာ စစ်ကိုင်းသီးလက်ကျန်များသာရှိခြင်းကြောင့် တစ်ပိဿာ ၉၀၀၀ကျပ်၊ ငရုတ်ခြောက်(ပွ)မှာလည်း ဆင်ဖြူကျွန်း(ပွ)များဖြစ်၍ တစ်ပိဿာ ၁၆၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေသည်။ မြစ်သားကြက်သွန်များ အများဆုံးတွေ့ရပြီး အဝင်နည်းသွားခြင်းကြောင့် ကြီးတစ်ပိဿာ ၃၀၀၀ကျပ်မှ ၃၁၀၀ကျပ်၊ လတ်တစ်ပိဿာ ၂၈၀၀ကျပ်မှ ၂၉၀၀ကျပ်၊ သေးတစ်ပိဿာ ၂၀၀၀ကျပ်မှ ၂၂၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ ကြက်သွန်နီမြစ်သား မှန်သော်လည်း မျိုးမှားကြက်သွန်မှာ တစ်ပိဿာ ၂၅၀၀ကျပ်၊ ရွှေဘိုကြက်သွန် ၂၃၀၀ကျပ်ဖြင့် မြို့တွင်းသုံးနှင့် အမှာရှိသောမြို့များသို့ တင်ပို့ သည်။ ကြက်သွန်ဖြူ(တရုတ်)မှာ ယခုအပတ်အဝင်အနည်းငယ်ရှိခြင်းကြောင့် တစ်ပိဿာ ၁၃၀၀၀ကျပ်၊ ကြက်သွန်ဖြူ(မြန်မာ) မှာ အရည်အသွေးပေါ်မူတည်၍ အညံ့ဆုံးတစ်ပိဿာ ၇၀၀၀ကျပ်မှ အကောင်းဆုံး တစ်ပိဿာ ၁၂၀၀၀ကျပ်ထိ ဈေးမျိုးမျိုးဖြင့် ရောင်းဝယ်နေသည်။    ယခုအပတ် ပခုက္ကူအာလူး တစ်မျိုးထဲသာ တွေ့ရပြီး အောင်ပန်းအာလူး အဝင်မရှိသဖြင့် တစ်ပိဿာ ၃၅၀၀မှ ၄၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။

ပဲမျိုးစုံ

မတ်ပဲအဝင်ပုံမှန်ရှိခြင်း၊ ရန်ကုန်ဝယ်လက်နှင့် ပဲခွဲစက်များဝယ်ယူမှုပုံမှန်ရှိခြင်းတို့ကြောင့် အညာပဲ ၃တင်းတစ်အိတ် ၂၇၅၀၀၀ကျပ်၊ ကျောက်ရစ်ပဲ ၂၈၃၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ပဲတီစိမ်း ဆောင်းပဲများ အဝင်နည်းခြင်း၊ တရုတ်ဝယ်လက်နှင့် လှောင်သမား အဝယ်ရှိခြင်းတို့ကြောင့် အရည်အသွေးအကောင်းဆုံး ၃တင်းတစ်အိတ် ၂၆၀၀၀၀ကျပ်မှ ၂၇၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ ပဲစဉ်းငုံ(ဖြူ)မှာ အရောင်းအဝယ်အေးခြင်းကြောင့် ပေါက်ဈေးမတွက်နိုင်ဘဲ ယခင်အပတ်များ၏ ဈေးနှုန်းအတိုင်း တစ်အိတ်၂၈၂၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ပဲစဉ်းငုံ(နီ)မှာ အသစ်များအဝင်များလာြခင်း ပဲခွဲစက်နှင့် ရန်ကုန်အဝယ်ပုံမှန်သာရှိခြင်းကြောင့် တစ်အိတ် ၂၈၇၀၀၀ ကျပ်မှ ၂၈၂၀၀၀ကျပ်သို့ ဈေးမသိမသာ နိမ့်သွားသည်။ပဲပုတ် (မြန်မာ)  မှာ ဆောင်းပဲအသစ်များ ဝင်ရောက်မှုရှိခြင်း လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၂၉၂၀၀၀ကျပ်မှ ၃၀၀၀၀၀ကျပ်သို့ ဈေးမြင့်သွားပြီး ပဲပုတ် (ရှမ်း)မှာ ဆီစက်သမားအဝယ်ပုံမှန်ရှိပြီး အသစ်ဝင်ချိန်နီး၍ လှောင်လက်ထုတ်ရောင်းမှုရှိခြင်းကြောင့် တစ်အိတ် ၃၃၀၀၀၀ ကျပ်မှ ၃၂၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ ကုလားပဲ အသစ်များဝင်ရောက်မှုရှိသော်လည်း လုပ်ငန်းသမား၊ ပဲကြော်/လှော်သမားများ  ဝယ်ယူမှုရှိခြင်းကြောင့် ကုလားပဲ(လုံးဖြူကြီး) ၃တင်းတစ်အိတ် ၂၂၂၀၀၀ ကျပ်မှ ၂၃၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားပြီး (လုံးဝါကြီး)မှာလည်း ခွဲစက်သမားဝယ်ယူမှုရှိခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ၃တင်းတစ်အိတ် ၂၁၀၀၀၀ကျပ်မှ ၂၁၈၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ ပဲယင်းနှင့် မြေထောက်ပဲမှာ အသစ်ဝင်ရောက်မှု နည်းခြင်း၊ လုပ်ငန်းသမား၊ ခွဲစက်သမားအဝယ်ရှိခြင်း၊ လှောင်လက်များဝယ်ယူမှုရှိခြင်းကြောင့် ပဲယင်း၃တင်း တစ်အိတ် ၁၈၅၀၀၀ကျပ်မှ ၁၉၅၀၀၀ကျပ်၊ မြေတောက်ပဲတစ်အိတ် ၂၉၀၀၀၀ကျပ်မှ ၂၈၅၀၀၀ကျပ်သို့ ဈေးနိမ့်သွားပြီး စားတော်ပဲ(ကျွန်း)မှာ လက်လီသမားအဝယ်များခြင်းကြောင့် ၃တင်းတစ်အိတ် ၃၀၀၀၀၀ကျပ် မှ ၃၃၅၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ပဲကြီး(ကြီး)မှာ ဆောင်းပဲ အဝင်ပုံမှန် လုပ်ငန်းသမားအဝယ်ပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၂၇၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ပဲကြီး(သေး)မှာ လက်လီသမားအဝယ်များခြင်းကြောင့် ၃တင်း တစ်အိတ် ၂၁၀၀၀၀ကျပ်မှ ၂၃၀၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ ထောပတ်ပဲ အသစ်ဝင်ချိန်နီး၍ လှောင်သမားထုတ်ရောင်းမှုရှိခြင်း၊ အရောင်းအဝယ် အေးခြင်းကြောင့် တစ်အိတ် ၃၁၅၀၀၀ကျပ်မှ ၂၈၅၀၀၀ကျပ်သို့ ဈေးနိမ့်သွားပြီး ထောပတ်ပဲ(သေး)မှာ အသစ်များ အညာနှင့်ယော ဘက်မှ ဝင်ရောက်ပြီး အဝင်နည်းခြင်း၊ လက်လီသမားပုံမှန်ဝယ်ယူမှုရှိခြင်းကြောင့် တစ်အိတ် (အညာ) ၂၆၃၀၀၀ ကျပ်မှ ၂၆၅၀၀၀ကျပ်သို့ မသိမသာဈေးမြင့်သွားပြီး ယောထောပတ်ပဲမှာ ၂၈၅၀၀၀ ကျပ်ထိ ဈေးမြင့်နေသည်။

ဟင်းသီး/ရွက်နှင့် သစ်သီးဝလံ

မုံရွာ၊ ချောင်းဦးနှင့်အနီး ဝန်းကျင်မှ ငရုတ်စို(ရှည်)နှင့် လတ် တို့ ဝင်ရောက်မှုများလာခြင်း နယ်ဝေးတင်ပို့မှုမရှိခြင်း မြို့တွင်းလုပ်ငန်းသမား  အဝယ်သာရှိခြင်းကြောင့် ငရုတ်စို(ရှည်) တစ်ပိဿာ ၂၅၀၀ကျပ်၊ ငရုတ်စို (လတ်) ၃၅၀၀ကျပ်၊ ကုလားအော်သီး တစ်ပိဿာ ၇၀၀၀ ကျပ်ဈေးရှိသည်။ ခရမ်းချဉ်မှာ အင်းသီး ၂၀ ပိဿာ တစ်သေတ္တာ ၂၀၀၀၀ကျပ် တရုတ်(တိုင်ပေ) တစ်ပိဿာ ၈၀၀ ကျပ်ဖြင့် နယ်ဝေးတင်ပို့ရမှုမရှိဘဲ မြို့တွင်းစားသုံးမှုသာ ရှိသည်။ အောင်ပန်းမှ ပန်းမုံလာတစ်ပွင့် ၁၀၀၀ ကျပ်၊  ဂေါ်ဖီတစ်ထုပ် ၁၂၀၀ ကျပ်၊ ဘိုစားပဲ တစ်ပိဿာ ၃၀၀၀ကျပ်ဖြင့်  စားသောက်ဆိုင်များ ဝယ်ယူမှု ပုံမှန် ရှိသည်။ ချောင်းဦး မြင်းမူ ကျောက်ဆည်တို့မှ ဖရဲသီး ၆ ပိဿာ အလေးချိန်ရှိ တစ်လုံး ၆၀၀၀ကျပ်၊ ဝူခုန်းသခွားမွှေး တစ်လုံး ၃၀၀၀ကျပ်မှ ၄၀၀၀ကျပ် ရွှေသခွားတစ်လုံး ၁၈၀၀ကျပ်၊ သင်္ဘောသီး ၂ လုံးတွဲတစ်ထုပ် ၃၀၀၀ကျပ်ဖြင့် မြဝတီ၊ မိုးကုတ်၊ လားရှိုး၊ မူဆယ်၊ ဖားအံ၊ မုံရွာစသည့်အမှာရှိသော မြို့များသို့ တင်ပို့သည်။ ပန်းသီး(အကြွပ်)ယိုးဒယားသီး ၁၀၀ လုံးပါ တစ်ဖာလျှင် ၁၁၅၀၀၀ ကျပ်၊ ပန်းသစ်တော့ ၄၈ လုံး ပါတစ်ခြင်း ၉၅၀၀၀ကျပ် ရမည်းသင်း စပျစ်သီး တစ်ပိဿာ ၁၁၀၀၀ကျပ်၊ ပျားလိမ္မော် ၁၀ ပိဿာ တစ်ခြင်း ၁၅၀၀၀၀ ကျပ်ဖြင့် မြို့တွင်းသုံး သစ်သီး ဆိုင်များနှင့် အမှာရှိသော မြို့များသို့ တင်ပို့သည်။

ဂျုံနှင့် အစေ့ထုတ်ပြောင်း

ဂျုံအသစ်များ ဝင်ရောက်မှုရှိခြင်း လုပ်ငန်းသမားအဝယ်ပုံမှန်ရှိခြင်း အသစ်အဝင်နည်းခြင်းကြောင့် ငါန်းဇွန်၊ မြင်းမူ၊ မြောင်၊ ဆားတောင်၊   ဘုတလင်၊ မုံရွာ ဂျုံတစ်အိတ် အရည်အသွေးအကောင်းဆုံး ၂၁၀၀၀၀ကျပ် ရှမ်းဂျုံတစ်အိတ် ၁၈၅၀၀၀ကျပ်၊ ကြူကုတ်ဂျုံတစ်အိတ် ၁၆၅၀၀၀ကျပ်ဖြင့်  ဂျုံစက်များဝယ်ယူမှုပုံမှန်ရှိနေသည်။ ဩစတေးလျ ဂျုံမှုန့်မှာ လက်လီသမားအဝယ်ပုံမှန်ရှိခြင်း အဝင်ပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ ၃၇၀၀ကျပ်ဖြင့် ဈေးငြိမ်နေသည်။ အစေ့ထုတ်ပြောင်းမှာ အသစ်များဝင်ခြင်း၊ အရည်အသွေး ကောင်းခြင်း တိရစ္ဆာန်အစာစပ်သမားအဝယ်ပုံမှန် ရှိခြင်းကြောင့် ယခင်အပတ် ၈၅၀၀၀ကျပ်မှ ၈၆၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။      

ခင်မေကြည်