(၆၅) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ ကျင်းပ

(၆၅) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် မတ် ၉

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ တောင်သူနည်းပညာဆွေးနွေးပွဲကို မတ် ၈ ရက် နံနက်ပိုင်းက ၆၅ ကြိမ်မြောက် ကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲတွင် “၂၀၂၄-၂၀၂၅ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး၏ ဆီထွက်သီးနှံ (မြေပဲ၊နှမ်း၊နေကြာ) စိုက်ပျိုးထုတ်လုပ်မှုနှင့် ပန်းတိုင်အထွက်နှုန်းရရှိအောင်ဆောင်ရွက်မှုအခြေအနေ၊ ဆီထွက်သီးနှံများ ပန်းတိုင်အထွက်ရရှိရေးအတွက် မြေဆီလွှာ အာဟာရ ဓာတ်စီမံခန့်ခွဲခြင်း၊ ဆီထွက်သီးနှံများ အထွက်ရရှိရေး၊ ရေစီမံခန့်ခွဲမှုနည်းစနစ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က အွန်လိုင်းမှတက်ရောက်၍ ဆီထွက်သီးနှံ ပန်းတိုင်အထွက်ရရှိစေရေး လိုက်နာသင့်သည်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားရာ၌ နေကြာသီးနှံစိုက်ပျိုးရာတွင် အရင်းအနှီးစိုက်ထုတ်နိုင်သည့် အင်အားရှိသော တောင်သူများကိုသာ ပြည်ပစပ်မျိုးသုံးစေသင့်ကြောင်း၊ အကယ်၍  ရေဆင်း ၁ လိုစပ်မျိုးကို သုံးမည်ဆိုပါက ဌာနခြံများမှ စနစ်တကျ ထုတ်လုပ်ထားသော မျိုးစေ့ကိုသာ ကြိုတင်မှာယူ စိုက်ပျိုးစေလိုကြောင်း၊ ရေဆင်း-၁ စပ်မျိုးကို ပုဂ္ဂလိကကုမ္ပဏီများမှ ဝယ်ယူအသုံးပြုမည်ဆိုပါကလည်း နာမည်ကောင်းရှိသည့် မျိုးစေ့ထုတ် ကုမ္ပဏီများမှ အာမခံစာချုပ်စာတမ်းဖြင့် ဝယ်ယူသုံးစွဲသည့် အလေ့အထကိုကျင့်သုံးကြရန် လိုအပ်ပါကြောင်း၊ နေကြာသီးနှံလျာထားဧရိယာ ပြည့်မီ ရေးအတွက်မိမိတွေ့ရှိချက် လေ့လာချက်များအရ နေကြာစပ်မျိုးများအပြင် ဆင်းရွှေကြာ ၂ ကို အသုံးပြုရန် တိုက်တွန်းလိုပါကြောင်း၊

တိုင်းဒေသကြီး ပြည်နယ်များတွင် ခရိုင် မြို့နယ်များအလိုက်  မျိုးစေ့ထုတ်စိုက်ခင်းများ ထူထောင်၍ ဆင်းရွှေကြာ-၂ နေကြာမျိုးကို စံပွင့်များရွေးချယ်စိုက်ပျိုးကာ မျိုးစေ့ထုတ်ရန် တိုက်တွန်းလိုပါကြောင်း၊ ဂေဟစနစ် ကောင်း/မကောင်းကို သိရှိနိုင်သော အညွှန်းသီးနှံပင်ဖြစ်သည့် နေကြာသီးနှံသည်ဂေဟစနစ်ပြန်လည်ကျန်းမာလာစေရန် အထောက်အကူပြုစေသည့် သီးနှံလည်းဖြစ်ပါကြောင်း၊

အထက်မြန်မာပြည်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးနေကြာ မျိုးစေ့ထုတ်ပြီး အောက်မြန်မာပြည် နေကြာမျိုးလိုအပ်ချက်ဖြည့်ဆည်းပေးခြင်း ကဲ့သို့သော ဆီထွက်သီးနှံ အောင်မြင်ရေးအတွက် စနစ်ကျသည့် မျိုးစေ့စနစ်ကို ထည့်သွင်း အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဆီထွက်သီးနှံ ပန်းတိုင်အထွက် ရရှိရေးအတွက် တောင်သူကြီးများ ၏ သီးနှံဆိုင်ရာ အသိပညာ၊ ဗဟုသုတများကိုလည်းမြှင့်တင်ပေးရမည်ဖြစ်ပါကြောင်း ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍  မန္တလေးတိုင်းဒေသကြီး ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်နီလာသန်း က ၂၀၂၄-၂၀၂၅ ခုနှစ် မန္တလေးတိုင်းဒေသကြီး၏ ဆီထွက်သီးနှံ(မြေပဲ၊နှမ်း၊နေကြာ) စိုက်ပျိုး ထုတ်လုပ်မှုနှင့် ပန်းတိုင်အထွက်နှုန်းရရှိအောင်ဆောင်ရွက်မှုအခြေအနေကို လည်းကောင်း၊ စိုက် ပျိုးရေးသုတေသနဦးစီးဌာန ဒေါက်တာနီနီတင့်က ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မြေဆီလွှာအာဟာရဓာတ် စီမံခန့်ခွဲခြင်း ဆိုင်ရာများကိုလည်းကောင်း၊ ဒေါက်တာ အောင်ကျော်သူက ဆီထွက်သီးနှံများ ပန်းတိုင်အထွက် ရရှိရေး ရေစီမံခန့်ခွဲမှုနည်းစနစ်ဆိုင်ရာများကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။

၎င်းနောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက ဆွေးနွေး ချက်များအပေါ် သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြား သည်။ 

၆၅ ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲသို့ နေပြည်တော်ကောင်စီနယ်မြေအတွင်းမှ စိုက်ပျိုးရေးပညာရှင် ၅၅ ဦးနှင့် တောင်သူ ၄၀ ဦးတို့ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ စိုက်ပျိုးရေးပညာရှင်နှင့် တောင်သူ ၁၂၅ ဦး တို့က Zoom point ၁၀၀ မှ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

MOALI