နေပြည်တော်ကောင်စီနယ်မြေအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီနယ်မြေအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော်၊ မတ် ၁၀

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် မတ် ၉ ရက်နေ့၊ နေ့လယ်ပိုင်းတွင် တပ်ကုန်းမြို့နယ်၊ ရွှေမြို့မွေးမြူရေးဇုန် နှင့် မွေးမြူရေးဇုန်၏ ရေလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးအတွက် တည်ဆောက်ထားရှိသည့် အလျားပေ ၃၃၀၊ အမြင့် ၃၆ ပေရှိ ရေလှောင်တမံ၏ ကြံ့ခိုင်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေစုပ်ပန့်ဖြင့် ရေယူသုံးစွဲနေမှုတို့ကိုကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန  ကာကီကင်း ဥစားဘဲဥဖောက်စက်သို့ ရောက်ရှိပြီး ဘဲသားဖောက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး မွေးမြူသူများထံ မျိုးကောင်း မျိုးသန့်ဘဲသားပေါက်များ တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးတို့ကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။ 

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ကင်းသာရေထိန်းတမံ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းများအချိန်မီ ပြီးစီးရေးနှင့် ရေထိန်းတမံ၏ကြံ့ခိုင်မှု အရည်အသွေးပြည့်မီရေး ဂရုပြု ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။ ကင်းသာရေထိန်းတမံ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအရ ရေစတင်သိုလှောင်ထားရှိပြီး နွေစပါး  ၇၀ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိရာ ယနေ့ထိ နွေစပါး ၄၄ ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်းနှင့် မိုးသီးနှံရာသီတွင် မိုးစပါး ၅၂၀ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကင်းသာကျေးရွာအနီးရှိ ကင်းသာချောင်း ယာယီ ရေလွှဲတန်း ရေသွင်းမြောင်းမှ ဆိုလာရေတင်စနစ်ဖြင့် သီးနှံများ စံပြစိုက်ပျိုးပြီး အခြားတောင်သူများ လိုက်ပါစိုက်ပျိုးနိုင်ရေး အသိပညာပေး လုပ်ဆောင်နေမှုကိုလည်းကောင်း၊ မုန်ရေထိန်း တမံမှ ၂၀၂၄-၂၀၂၅ ခုနှစ် နွေသီးနှံရာသီတွင် နွေစပါး၊ နွေအခြားသီးနှံ လျာထားစိုက်ပျိုးမည့် အခြေအနေများနှင့် မြောင်းအလိုက် ရေလှည့်စနစ်ဖြင့် စိုက်ပျိုးရေ ပေးဝေရန် စီမံဆောင်ရွက်ထားရှိမှုအခြေအနေများအား လည်းကောင်း ကြည့်ရှု စစ်ဆေးသည်။ 

၎င်းနောက် ကန်ကြီးမွေးမြူရေးဇုန်ရှိ ဖန်ဟွ နို့စားနွား မွေးမြူရေးခြံသို့ရောက်ရှိပြီး နို့စားနွား မွေးမြူထားရှိမှု၊ နို့နှင့် နို့ထွက် ပစ္စည်းများ ဈေးကွက်အတွင်း  ဖြန့်ဖြူး ရောင်းချနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ မွေးမြူရေးတိရစ္ဆာန် အစာ ဖူလုံမှုရှိစေရေးနှင့် မွေးမြူရေးထွက်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးဆိုင်ရာများကို အကြံပြုဆွေးနွေးမှာကြားသည်။

ဒုတိယဝန်ကြီးသည် မွန်းလွဲပိုင်းတွင် တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု ရေအေးနည်းပညာပြန့်ပွားရေးစင်တာ တွင် စိုက်ပျိုးရေးပညာရှင်များ ဒေသခံတောင်သူများအားတွေ့ဆုံ၍ စိုက်ပျိုးနည်းပညာပေးခြင်းလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရေး၊ ဆင်သေရေလှောင်တမံ ဆည်ရေသောက်စနစ်အတွင်း နွေစပါးနှင့် နွေအခြား သီးနှံများ စိုက်ပျိုးရေဖူလုံစွာပေးဝေနိုင်ရေး၊ သဘာဝမြေဩဇာ သုံးစွဲနိုင်ရေး၊  ပန်းတိုင်အထွက်နှုန်း ရရှိစေရေး ဆိုင်ရာများကိုဆွေးနွေးမှာကြားပြီး တောင်သူများ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

MOALI