(၆၄) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ ဆီထွက်သီးနှံဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေး

နေပြည်တော် ဖေဖော်ဝါရီ ၂၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ဖေဖော်ဝါရီ ၂၂ ရက် နေ့ နံနက်ပိုင်းတွင် ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ ၆၄ ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲသို့ တက်ရောက်အားပေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိုင်ငံတော်အစိုးရ အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပြည့်စုံရေးကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ယခုကဲ့သို့ တောင်သူများနှင့် ကိုယ်တိုင်တွေ့ဆုံစဉ် တောင်သူများ၏ အခက်အခဲများနှင့် ဆောင်ရွက်နေမှုအခြေအနေများကိုသိရှိလိုပါကြောင်း၊ တောင်သူများ၏လက်တွေ့ဘဝများထံမှ စိုက်ပျိုးရေးဆိုင်ရာ ပညာရပ်များအသုံးချမှု၊ ကျွမ်းကျင်မှုနှင့် အတွေ့ အကြုံများကို တိုက်ရိုက်တွေ့ဆုံကာ ဆွေးနွေးလိုခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး တောင်သူဖွံ့ဖြိုးရေးအဖွဲ့မှ ဦးစိုးလွင်အေးက “တောင်သူအစုအဖွဲ့များဖြင့် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်ရောင်းချခြင်း” ခေါင်းစဉ်ဖြင့် အသင်း၏ ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးတင်ပြ သည်။
ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒေါက်တာခင်မျိုးဝင်း က ဆီထွက် သီးနှံများ အထွက်နှုန်းတိုးတက်ရေးအတွက် ထုတ်ဝေပြီး ဆီထွက်သီးနှံမျိုးများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ဒေါက်တာသက်ရည်ခိုင်က ဆီထွက်သီးနှံများတွင် ကျရောက်တတ်သော ရောဂါများနှင့် သီးနှံကာကွယ်ရေးနည်းလမ်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဒေါက်တာ ခင်မာမြိုင်က ဆီထွက်သီးနှံများတွင်ကျရောက်တတ်သော ဖျက်ပိုးများနှင့် ကာကွယ် နှိမ်နင်းနည်းများနှင့်စပ်လျဉ်း၍လည်း ကောင်း၊ ဒေါက်တာမာမာဝင်းက ဆီထွက်ပဲပုပ်သီးနှံ တိုးမြှင့်စိုက်ပျိုးထုတ်လုပ်ရေးနှင့် စပ်လျဉ်း၍လည်း ကောင်း ဆွေးနွေးတင်ပြရာ တက်ရောက် လာကြသည့် တောင်သူများက သိလိုသည်များ မေးမြန်းဆွေးနွေးမှုများအပေါ် စိုက်ပျိုးရေး သုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက ဖြည့် စွက်ဆွေးနွေးကာ ဆီထွက်သီးနှံ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ Video Clip အား ပြသသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင် က နိဂုံးချုပ်အမှာစကား ပြောကြား သည်။
အဆိုပါ နည်းပညာဆွေးနွေးပွဲသို့ နေပြည်တော်ကောင်စီနယ်မြေတွင်းမှ စိုက်ပျိုးရေး ပညာရှင် ၅၀ ဦးနှင့် တောင်သူ ၁၂၀ ဦးတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ စိုက်ပျိုးရေး ပညာရှင်များနှင့် တောင်သူ ၃၀၀ ဦးတို့က Zoom point ၁၀၀ မှ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
MOALI