စိုက်ပျိုးမွေးမြူရေးပညာနှင့် နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များ (အပိုင်း-၂၁) ၊ ကမ္ဘာ့အကောင်းဆုံး စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်များ စံသတ်မှတ်ခြင်း (အပိုင်း - ၄)

(ယခင်အပတ်မှ အဆက်)
စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်များအပါအဝင် နိုင်ငံတကာထိပ်တန်းတက္ကသိုလ် များ (World-Class Top Universities) ကမ္ဘာကျော်ဖြစ်နေရခြင်း နောက်အကြောင်းရင်း တစ်ခုမှာ ခေတ်မီသစ်လွင်သော တက္ကသိုလ် စာကြည့်တိုက်များ (State-of-the Art University Library) ရှိနေခြင်းသည်လည်း အကြောင်းရင်းတစ်ချက် ဖြစ်ပါသည်။
ကျွန်တော်တို့ နိုင်ငံတက္ကသိုလ်များ စာကြည့်တိုက်များက ဖွံ့ဖြိုးမှုအားနည်းနေသေးသည်ဟု ထင်မြင်မိပါသည်။ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များအတွက် စာကြည့်တိုက်၏ အရေးပါမှုများအရ တက္ကသိုလ်စာကြည့်တိုက်များသည် -
(၁) ဗဟုသုတရှာဖွေရန်၊ လေ့လာမှုပြုရန်ဌာနဖြစ်ခြင်း (Center for Knowledge and Learning)
စာကြည့်တိုက်သည် စာအုပ်၊ ဘာသာရပ်ဆိုင်ရာဂျာနယ်၊ သုတေသနစာစောင်များနှင့် ယနေ့ခေတ်ဒီဂျစ်တယ် အချက်အလက်များစွာ(Digital Resources) ကိုလည်း သိုလှောင်ထားရှိပါသည်။ ထိုစာကြည့်တိုက်များရှိ အဆင့်အတန်းရှိ (High-quality) ပညာရှင်များ စစ်ဆေးပေးထားသော (Peer-reviewed Publications) စာအုပ်၊ဂျာနယ်၊ စာစောင်များမှ အဆင့်မြင့် သုတေသနနှင့် ပညာရပ်ဆိုင်ရာလေ့လာရေး(Advanced Research and Learning) အတွက် မှီငြမ်းစရာ ဖြစ်ရပါမည်။
(၂) သုတေသနအတွက်အထောက်အကူပေးခြင်း(Support for Research)
အဆင့်မြင့်တက္ကသိုလ်များ၏ အသက်သည် သုတေသနနှင့် တွေ့ရှိချက်များကို ကမ္ဘာ့အဆင့်ဂျာနယ်များတွင်တင်ပြပေးခြင်းဖြစ်ပါသည်။ စာကြည့် တိုက်များက အချက်အလက်များ (Databases)၊ ကိုးကားရန် ကွန်ပျူတာအစီအစဉ်ညွှန်ကြားချက်များ(Citation Management Software)၊ သုတေသန လမ်းညွန်များ (Research Guides)ကို ဘွဲ့လွန် ကျောင်းသားများ နှင့် သုတေသီများအတွက် ပံ့ပိုးပေးပါသည်။
(၃) ကမ္ဘာ့စာကြည့်တိုက်များ၏ အရင်းအမြစ်များကြည့်ရှုနိုင်ရန်အခွင့်အလမ်းရှိခြင်း (Access to Global Resources)
စာကြည့်တိုက်အချင်းချင်း ငှားရန်းနိုင်သော ဝန်ဆောင်မှု (Inter-library Loans)၊ တက္ကသိုလ်၊ အဖွဲ့အစည်းလိုက် နှစ်စဉ်ကြေးချိုသာစွာရရှိခြင်း (Institutional Subscriptions) တစ်နည်းအားဖြင့် တက္ကသိုလ်၊ သုတေသနဌာနများတွင်ရှိနေသော ကျောင်းသား/ကျောင်းသူ၊ ဆရာ/မ၊ သုတေသီများ အားလုံး ဝိုင်းသုံးနိုင်သော အခွင့်အရေးကိုရရှိပါသည်။ တစ်ကမ္ဘာလုံးရှိ ဒီဂျစ်တယ်မော်ကွန်းမှတ်တန်းများ (Digital Archives)၊ အလကား ရရှိနိုင်သော သုတဘဏ် (Open-access Reposities) တို့ကို မိမိနေရာ၊ တက္ကသိုလ်၊ မိမိနိုင်ငံမှပင် လက်လှမ်းမီ ဖတ်ရှု၊ လွှဲပြောင်းကူးယူနိုင်သော အခွင့်အလမ်း (Can download) ရရှိပါသည်။
(၄) ပညာရပ်ဆိုင်ရာဂုဏ်သိက္ခာ ပြန့်ပွားနိုင်ခြင်း(Promoting Academic Integrity)
စာကြည့်တိုက်များက စနစ်တကျမှီငြမ်းကိုးကားမှု (Proper Citation)၊ ပုံတူကူးချမှုကို ဖယ်ရှားမှု (Avoiding Plagiarism)၊ ကျင့်ဝတ်နှင့်ကိုက်ညီသောသုတေသနများ ပြုလုပ်စေမှု (Conducting ethical Research) စသည်တို့ကိုလမ်းညွန်ပေးခြင်းဖြင့် မိမိပညာရပ်၏ဂုဏ်သိက္ခာများတိုးပွားစေပါသည်။တက္ကသိုလ်စာကြည့်တိုက်များသည်မှီငြမ်းမှုနည်းစနစ်အမျိုးမျိုး (Referencing Styles)၊ သုတေသနပြုလုပ်နည်းစနစ်များ (Research Methodology)၊ ကျိုးကြောင်းသင့်စွာ အကြံပြုသုံးသပ်မှု (Critical Information Evaluation) များစွာကို ကျောင်းသား/ကျောင်းသူများအား သင်ကြားပေးပါသည်။
(၅) ပူးတွဲလုပ်ဆောင်မှုနှင့် တီထွင်ဖန်တီးမှုတို့အတွက်နေရာပေးခြင်း (Spaces for Collaboration and Innovation)
ခေတ်မီစာကြည့်တိုက်များ (Modern Libraries) က အချင်းချင်းဆွေးနွေးတိုင်ပင်ကြရန် အခန်းများ (Discussion Rooms)ထားပေးပါသည်။ စာအုပ်များဖတ်ရုံသာမက ရုပ်သံများ ပါလေ့လာနိုင်သော အခန်းများ (Multi-media Labs) လည်းရှိပါသည်။ ဆရာနှင့်တပည့်များ စာကြည့်တိုက်အတွင်း ၌ပင် ဆွေးနွေးကြ၊ တိုင်ပင်ကြ၊ လိုအပ်သည်များကို ရှာဖွေခြင်းများ ပြုလုပ်နိုင်ပါသည်။ ကွန်ပျူတာနှင့် အင်တာနက် (Internet)၊ ဝိုင်ဖိုင် (Wi-Fi) ပံ့ပိုးမှုကိုတော့ ပေးထားရပါမည်။
(၆) ဗဟုသုတနှင့်နိုင်ငံအလိုက်ယဉ်ကျေးမှုကို ထိန်းသိမ်းပေးခြင်း (Preservation of Knowledge and Culture)
စာကြည့်တိုက်များက ရှားပါးရှေးဟောင်းစာပေများ (Rare manuscripts)၊ သမိုင်းဝင် လက်ရေးမူ၊ လက်မှတ်ပါအထောက်အထားများ(Historical documents)၊ ယဉ်ကျေးမှုဆိုင်ရာ ရှေးဟောင်းပစ္စည်းများ (Cultural artifacts)ကို တာရှည်ခံအောင် ကာကွယ်ပေးထား (Preserve)သဖြင့် သုတေသနနှင့်သင်ယူရေးအတွက် တန်ဖိုးမဖြတ်နိုင်သော အမွေအနှစ်များ ဖြစ်ပါသည်။ ဤသည့် စုဆောင်းမှုများ (Collections) ကို ရေရှည်တည်တံ့နိုင်အောင် ခေတ်မီ နည်းပညာ ဒီဂျစ်တယ်စနစ် (Digital Collection)များဖြင့် ထိန်းသိမ်းထားနိုင်သည့် စွမ်းရည် ရှိလာပါပြီ။
(၇) ဒီဂျစ်တယ်ခေတ်ကိုစာအုပ်စာပေမှ ပြောင်းလဲခြင်း (Adaptation to Digital Transformation)
ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များ၏ စာကြည့်တိုက်များသည် နည်းပညာအသစ်များကို လက်ခံကျင့်သုံးရန် ထိပ်ဆုံးက ခေါင်းဆောင်သဖွယ်ဖြစ်ပြီး အီလက်ထရောနစ်စာအုပ် (e-books)၊ အွန်လိုင်းဂျာနယ် (Online Journals)၊ လက်နက်ကိရိယာပုံစံတူ (Virtual Reality Tools)စသည်တို့ကို စာကြည့်တိုက်များမှစတင်ခဲ့ပါသည်။ စာကြည့်တိုက်များက ဒီဂျစ်တယ် ပညာရေး (Digital Literacy Training)ကို သင်တန်းပေးနိုင်ပါသည်။
(၈) ပညာရပ်ဆိုင်ရာအသုံးပြုခွင့်နှင့်သာတူညီမျှရှိခြင်း(Equity and Accessibility)
စာကြည့်တိုက်များက ကျောင်းသား/သူ၊ ကျား/မ လူတန်းစားမရွေး အခွင့် အရေး တူညီစွာရပါသည်။ မသန်စွမ်းသူများအတွက်လည်း သီးသန့်အခွင့် အရေး ပေးထားပါသည်။
(၉) မိမိသက်ဆိုင်သောအရပ်အဝန်းအလိုက်ကွန်ရက်သဖွယ်ချိတ်ဆက်ပေးခြင်း (Community and Networking)
စာကြည့်တိုက်များကအသိဉာဏ်ပညာဖလှယ်မှု(Intellectual Exchange)၊ ဟောပြော ပွဲ (Hosting Seminars)၊ စာအုပ်အသင်း (Book Clubs)၊ ပညာရပ်ဆိုင်ရာ စာတန်းဖတ်ပွဲ (Academic Conferences)များချိတ်ဆက်ပေးပါသည်။ထို့အပြင်ကျောင်းသား/သူအချင်းချင်း၊သုတေသီအချင်းချင်း၊ ပညာရှင်အချင်းချင်းချိတ်ဆက်ပေးနိုင်သော အခွင့်အလမ်း ဖန်တီးပေးပါသည်။
(၁၀)စာကြည့်တိုက်များက တက္ကသိုလ်များကမ္ဘာ့အဆင့်မီရေး မြင့်တင်ပေးခြင်း (Enhancing University Rankings)
အဆင့်မီ၊ခေတ်မီစာကြည့်တိုက်များရှိခြင်းဖြင့်တက္ကသိုလ်များဂုဏ်တက်လာပြီး၊ထူးချွန် ထက်မြက်သော ပညာရှင်၊ ကျောင်းသား/သူများလာရောက်ရန် ဆွဲဆောင်ပေးနိုင်ပါသည်။ ထို့အခွင့်အရေးများကြောင့် တက္ကသိုလ် အဆင့်အတန်းမြင့်လာပြီး ကမ္ဘာက လေးစားရသော တက္ကသိုလ်များ ဖြစ်လာနိုင်ပါသည်။
စာရေးသူအတွက်စာကြည့်တိုက်ဆိုလျှင် ကျွန်တော်စာသင်ခဲ့သည့်ဆင်ပေါင်ဝဲ အထက စာကြည့်တိုက်မှ စရေးရမည်ထင်ပါသည်။ ကျွန်တော်မှတ်မိသလောက် ၁၉၇၀-၇၃ ခုနှစ် များက ကျွန်တော်တို့နယ်မြို့ကလေးတွင် သိပ္ပံခန်း (ရူပဗေဒသင်သော ဆရာဦးစိန်အောင် စီမံကွပ်ကဲပါသည်)၊ ကျောင်းဥယျာဉ် (School Garden) (ဆရာဦးစိုးသိန်း ကြီးကြပ်ပါသည်။ ဆရာယခုအထိ အသက်ရှိထင်ရှားရှိပါသေးသည်။ ဆရာက သဲကုန်းစိုက်ပျိုးရေးအထက ကျောင်းဆင်း တစ်ယောက်ပါ။ ထို စိုက်ပျိုးရေးအထကကျောင်းများ ပြန်လည်ဖွင့်လှစ် ထားပါပြီ)နှင့် နောက်ဆုံးကျောင်းစာကြည့်တိုက်ပါ။ ကျွန်တော်တို့ ကာတွန်းစာအုပ် (တေဇ၊ ရွှေသွေး ထင်ပါသည်) ဖတ်ရာကစပါသည်၊ ကျွန်တော်ငယ်ငယ်က အဖေ၊ အမေ တို့က ကျောင်းဆရာများ ဖြစ်၍ ဘယ်မှ မလည်ရ၊ မသွားရပါ။ တစ်ခါတလေတော့ သားရေကွင်းပစ်၊ ကျောက်ဒိုး၊ သံလုံးလေးများဖြင့် ပိုက်ဆံအကြွေစေ့ ငါးပြား၊ ဆယ်ပြားစေ့ကလေးများ ထောင်ကာ ဒိုးပစ် ကစားခွင့်တော့ရပါသည်။ အိမ်မှာ နေရသည်ကများ၍ အိမ်ကယူသော သတင်းစာ၊ ဂျာနယ် စသည်တို့ဖတ်ရင်းစာဖတ်ဝါသနာပါခဲ့ပါသည်။ ၇ တန်းနှစ်လောက်ကပဲထင်သည်။ ဝတ္ထု၊မဂ္ဂဇင်း တွေလည်းစဖတ်နေပါပြီ။ငယ်ငယ်ကဒိုးပစ်ဖက်သူငယ်ချင်းများတစ်ချို့ရှိပါသေးသည်၊ စာအုပ် အငှားဆိုင်ကဒေါ်ကြည်အေးလည်း ယခုတော့ ဆင်ပေါင်ဝဲတွင် ကွယ်လွန်သွားပါပြီ။ ၁၉၇၄-ခုနှစ် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်ဘွဲ့ကြိုပညာသင်တန်းတက်တော့ ပထမစာကြည့်တိုက်က စာသင်ခန်းမ-၂ အောက်တွင် သွားရောက်ငှားရမ်း ဖတ်ရှုခဲ့ရပါသည်။ နောက်မှ ၁၀-သိန်း တန်၊ ယခုတော့ သီးသန့် အဆောက်အဦနှင့် ခန့်ညားစွာဖြစ်နေပါပြီ။
၁၉၈၆-ခုနှစ် ဒုတိယအဆင့် မဟာစိုက်ပျိုးရေးသိပ္ပံပညာ သွားတက် ရချိန်တွင် ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ အင်္ဂလိပ်စာ သင်ကြားရေးဌာန (English Preparation Centre - EPC) ကစပါသည်၊ ကျွန်တော်တို့ ပုံမှန်သင်ကြားနေရသည့် သဒ္ဒါ (Grammar)၊ အသံထွက် (Pronunciation)၊ ဝေါဟာရ(Vocabulary)များကို သင်ကြားခြင်းမဟုတ်ပါ။ တက္ကသိုလ် တက်ရောက်မည့် ကျောင်းသားများအတွက် လိုအပ်မည့်အင်္ဂလိပ်စာများ (English for Academic Purposes) ကို သင်ကြားပေးခြင်းဖြစ်ပါသည်။ ဥပမာ - စာကြည့် တိုက် အသုံးချ ပုံ (Use of University Library)၊ သင်ခန်းစာအလုပ်နှင့်သိပ္ပံ (Assignment and Scientific Writing Skills) ရေးပုံရေးနည်း၊ မြို့ထဲသို့သွားရာတွင် တွေ့ကြုံရမည့် အခက်အခဲများ (Out and About)၊ ဈေးဝယ်ပုံ ဈေးဝယ်နည်း၊ ဘဏ်တွင်ငွေသွင်း၊ ငွေထုတ်နည်း၊ ထိုခေတ်က (Automated Teller machines – ATM) ကတ်ကို မြင်တောင်မမြင်ဖူးပါ။ အင်္ဂလိပ်စကား ပြောရုပ်ရှင်ကြည့်ရှု၍ အင်္ဂလိပ်စာဘာသာရပ်ကို လေ့လာနည်း (Using Movies for English Language Skill)၊ နားထောင်နိုင်မှု စွမ်းရည်လေ့လာခြင်း (Listening Skill) စသည်တို့ ဖြစ်ပါသည်။ ဆစ်ဒနီတက္ကသိုလ်စာကြည့်တိုက် (Sydney University Library)သို့ သွား၍ စာကြည့်တိုက်အသုံးပြုနည်းများကို လေ့လာခဲ့ရပါသည်။
ထိုမှ ၁၉၈၇ခုနှစ်၊ဖေဖော်ဝါရီလ ကျွန်တော် တကယ်မဟာစိုက်ပျိုးရေးပညာသင်ကြားမည့် ကွင်းစလန်တက္ကသိုလ် (The University of Queensland, Brisbane - UQ) သို့ ရောက် ရှိသောအခါမှ ကြိုတင်ပြင်ဆင်နေသည့် ရက်သတ္တပတ်များ (Orientation Weeks)တွင် စာကြည့်တိုက်လေ့လာရေး (Library Tour) ကို အချိန်ပေးပြီး သင်ယူခဲ့ရပါသည်။ ကွင်းစလန် တက္ကသိုလ်တွင် စာကြည့်တိုက် အဆောက်အဦပေါင်း (Library Branches) ၇ ခုလောက်ရှိပြီး စိုက်ပျိုးရေးနှင့်ဆိုင်သော ဇီဝသိပ္ပံစာကြည့်တိုက် (Biological Science Library) (ကျွန်တော် ၂၀၁၇-ခုနှစ်ကကွင်းစလန်တက္ကသိုလ်ပြန်ရောက်သွားတော့ ထိုစာကြည့်တိုက်က ဒစ်ဂျစ်တယ် စာကြည့်တိုက် (Digital Library) ဖြစ်သွားပါပြီ)၊ ဘွဲ့ကြိုစာကြည့်တိုက် (Undergraduate Library)၊ပင်မစာကြည့်တိုက်(Main Library)တို့ကိုသာ မကြာခဏသွားရောက်ခဲ့ရပါသည်။
ထိုစဉ်က ပထမဆုံး အတွေ့အကြုံမှာ မိတ္တူကူးခြင်း (Photo copying) ပါ၊ မိတ္တူကူးစက် (Photocopier) ပေါ်နေပြီ ဖြစ်သော်လည်း ကျွန်တော်တို့အဖို့ ပထမဆုံးအတွေ့အကြုံပါ။ ကွန်ပျူတာ ပရင်တာမှာ (Dot Printer) ဖြစ်ပြီး လေဆာပရင်တာ (Laser Printer)၊ အင် တာနက် (Internet)၊ လက်ပ်တော့ (Laptop)၊ မောက်စ်၊ ကွန်ပျူတာအမိန့်ပေးခလုတ် (Mouse)၊ မိုဘိုင်း၊ လက်ကိုင်ဖုန်း (Mobile or Cell Phone) တို့ မပေါ်သေးပါ။ သို့သော် လေ့လာရမည့် ပြဌာန်းစာအုပ် (Textbooks)၊ ရည်ညွန်းစာအုပ် (Reference Books)၊ စိုက်ပျိုး ရေးဆိုင်ရာဂျာနယ် (Agricultural Journals) များမှာမူ စုံလင်လှပါသည်။
စာကြည့်တိုက်မှာ ကျောင်းဖွင့်ရက်၌ နေ့တိုင်း (တစ်ပတ် ၇-ရက်) နံနက် ၈-နာရီမှ ည ၁၀-နာရီ၊ စနေ၊ တနင်္ဂနွေ နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိဖွင့်လှစ်ပေးပါသည်။ (ဂျာမနီနိုင်ငံ စာကြည့်တိုက်များမှာ တနင်္ဂနွေပိတ်ပါသည်) ကျွန်တော့်မှာ မိသားစုနှင့်ဝေး၊ တစ်ဦးတည်းကျောင်းသားဘဝပြန်ရောက်သည်နှင့်အချိန်အားသရွေ့စာကြည့်တိုက်သို့ရောက် ဖြစ်ခဲ့ပါသည်။
နောက်ဆုံး ၂၀၀၂-ခုနှစ် ဂျာမနီနိုင်ငံ ပါရဂူဘွဲ့သင်တန်းတက်ရတော့ပါရဂူဘွဲ့ စာကြည့်တိုက် အသုံးပြုပုံကတော့ ပုံစံတစ်မျိုး ဖြစ်သွားပါပြီ။ ကက်တလောက်ကို အင်တာနက် အွန်လိုင်းမှ မှာယူကြည့်၍ ကျွန်တော်နေထိုင်ရာဌာန သီးနှံသိပ္ပံဌာန (Institute of Crop Science - ယခုတော့ အပူပိုင်းနှင့်အပူလျော့ပိုင်း ဒေသဩဂဲနစ် သီးနှံစိုက်ပျိုး ထုတ်လုပ် ရေးနှင့် သီးနှံပတ်ဝန်းကျင်စနစ်ဆိုင်ရာသုတေသနဌာန - Organic Plant Production and Agroecosystems Research in the Tropics and Sub-Tropics) သို့ အရောက်ပေးပို့သည့် စနစ် ဖြစ်ပါသည်။ စာကြည့်တိုက်သို့ လူကိုယ်တိုင်သွားစရာ မလိုတော့ပါ။
နောက်တစ်ခုက ကတ်ဆယ်တက္ကသိုလ်တွင် စာကြည့်တိုက် အဆောက်အဦခွဲ (Branches of Kassel University Library) ပေါင်း ၇ ခု ရှိပါသည်၊ ဂျာမနီနိုင်ငံ တစ်နိုင်ငံ လုံး ပို့ဆောင်ရေးစနစ်က အလွန်ကောင်းမွန်သဖြင့် ကက်ဆယ်နှင့် ဂိုတင်ဂန် တက္ကသိုလ် (Gottingen University) ရှိ စာကြည့်တိုက်များသို့ သွားရောက်ရာတွင် ကျွန်တော်တို့အား နှစ်ဝက်လက်မှတ် (Semester Tickets for Students) ပေးထားသဖြင့် ကြိုက်သည့် ဒေသ ရထား(Regional Trains)၊မြို့ပတ်ရထား(Tram – ဂျာမန်အခေါ် - Strassenbahn) တက်စီး စီးပိုက်ဆံထပ်ပေးစရာမလိုတော့ပါ (ဂိုတင်ဂန်တက္ကသိုလ်ရှိရာပြည်နယ်တွင်တော့မရပါ)။
ဂိုတင်ဂန် တက္ကသိုလ်စာကြည့်တိုက်ကလည်း အကြီးကြီးဖြစ်ပြီး အဆောင်ငါးဆောင်၊ အထပ် ၇ ထပ်ရှိပါသည်။ မြေအောက်ထပ်တွင် စာအုပ်အသစ်များ ထားပါသည်။ ကျွန်တော် တို့မြို့ကလေးနှင့်နီး၊ ရထားခလည်း ပေးစရာမလိုတော့သဖြင့် စနေ တင်္ဂနွေ အားလပ်ရက် တိုင်း ရောက်ဖြစ်ပါသည်။
ကျွန်တော် မကြာမီရက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန၊ စာကြည့် တိုက် ရောက်တော့ စာအုပ်၊ စာတန်းစုစုပေါင်း မည်မျှရှိပါသလဲဟု မေးကြည့်ရာ စုစုပေါင်း ၁၀၀၀၀ (တစ်သောင်းခန့်) ရှိသည်ပြောပါသည်။ စိုက်တက္ကသိုလ်၊ စာကြည့်တိုက်မှာ ၃၅၀၀၀ (သုံးသောင်းခွဲခန့်)၊ ရန်ကုန်တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် ၃၅၀၀၀၀(သုံးသိန်းခွဲခန့်)ရှိကြသည်ဟု မေးမြန်း သိရှိရပါသည်၊ ကမ္ဘာ့အကောင်းဆုံး နံပါတ် (၁)တက္ကသိုလ်၊ ဟားဗတ်တက္ကသိုလ် (Harvard University)က စာအုပ်၊ စာတန်းပေါင်း ၄-သန်းကျော်ရှိပါသည်။(Digital Documents, e-books) များ မပါဝင်သေးပါ) တက္ကသိုလ်များ အဆင့်မြှင့်တင်ရေးအတွက် စာကြည့်တိုက်များ၏ အရေးပါမှုကို မီးမောင်း ထိုးပြချင်တာပါ။
(ဆက်ပါဦးမည်)
ဒေါက်တာမျိုးကြွယ်