အိန္ဒိယတွင် ပဲစင်းငုံအား ၂၀၂၆ မတ် ၃၁ ရက်နေ့အထိ လွတ်လပ်စွာတင်သွင်းခွင့်ပြု

အိန္ဒိယအစိုးရမှ ပဲစင်းငုံ၊ ဒေသအခေါ် tur (arhar/red gram) အား ၂၀၂၆ ခုနှစ်၊ မတ် ၃၁ ရက်နေ့အထိ လွတ်လပ်စွာတင်သွင်းခွင့်ပြုခဲ့ကြောင်း သိရသည်။ အိန္ဒိယ နိုင်ငံခြား ကုန်သွယ်မှု ညွှန်ကြားမှုအထွေထွေဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်နေ့စွဲဖြင့် အမိန့်ကြော်ငြာစာ အမှတ်၊ ၅/၂၀၂၄-၂၅ ဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း The Hindu Businessline သတင်းဌာနမှ ယခုလ ၂၁ ရက်က ဖော်ပြသည်။
ယခင်က ထုတ်ပြန်ကြေညာခဲ့သော မူဝါဒအခြေအနေအရ အဆိုပါပဲအမျိုးအစားအား အကောက်ခွန်လွတ် တင်သွင်းခွင့်ကို ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်နေ့အထိ အတည်ပြုသတ်မှတ်ထားကြောင်း သိရသည်။
Karnataka နှင့် Maharashtra ပြည်နယ်တို့ကဲ့သို့ ပဲစင်းငုံအဓိက စိုက်ပျိုးသော ပြည်နယ်များတွင် ရိတ်သိမ်းမှုများ လတ်တလော စတင်ဆောင်ရွက်လျက်ရှိကြောင်း၊ ပဲသစ်များ ပေါ်ပါက လက်ကားဈေးနှုန်းများကျဆင်းကာ အစိုးရသတ်မှတ်ထားသော ကြမ်းခင်း ဈေးအောက် လျော့နည်းကျဆင်းဖွယ်ရှိကြောင်းနှင့် ၂၀၂၄ ခုနှစ် ခါရစ် (မိုးရာသီ) ပဲသီးနှံရောင်းဝယ်မှုရာသီအတွက် အစိုးရသတ်မှတ်ဈေးနှုန်းမှာ ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျင် ရူပီး ၇၅၅၀ ဖြစ်ကြောင်း သိရ သည်။
အိန္ဒိယအစိုးရ စိုက်ပျိုးရေးဌာနမှ ဆောင်ရွက်သော ပထမအကြိမ် ကြိုတင်ခန့်မှန်းချက်အရ ပဲစင်းငုံထုတ်လုပ်မှု တန်ချိန် ၃၅ ဒသမ ၀၂ သိန်းရှိကာ ယမန်နှစ်က တန်ချိန် ၃၄ ဒသမ ၁၇ သိန်း ထွက်ရှိခဲ့၍ ၂ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ဖွယ်ရှိကြောင်း သိရသည်။
ယမန်နှစ်က ပဲစင်းငုံ၊ မတ်ပဲနှင့် ကုလားပဲထွက်ရှိမှုနှုန်း ကျဆင်းခဲ့၍ ဈေးနှုန်းမြင့်တက်မှု ဖြစ် ပေါ်ခဲ့သည်။ ထို့ကြောင့် အစိုးရအနေဖြင့် ပြည် တွင်း၌ ပဲမျိုးစုံ ဖူလုံမှုရှိရန်ရည်ရွယ်၍ ပဲစင်းငုံ၊ မတ်ပဲ နှင့် ပဲနီလေးတို့ကို အကောက်ခွန်လွတ် တင်သွင်းခွင့်အား ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်နေ့ အထိ အချိန်တိုးမြှင့်သတ်မှတ်ခဲ့သည်။ ယခု နောက်ဆုံးထုတ်ပြန် ကြေညာခဲ့သော အမိန့်ကြော်ငြာစာအရ ပဲစင်းငုံကို ပြည်တွင်း၌ လုံလောက်စွာရရှိနိုင်ရန်နှင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိနိုင်ရန် ခန့်မှန်းရ ကြောင်း သိရသည်။
ပဲမျိုးစုံဈေးနှုန်းများ မြင့်တက်ခဲ့ပြီးနောက် အစိုးရအနေဖြင့် အခြေခံ စားသောက်ကုန်ဈေးနှုန်း များကို စဉ်ဆက်မပြတ်စောင့် ကြည့်ထိန်းချုပ်လျက်ရှိကာ စားသုံးသူများ ဈေးသက်သက်သာသာဖြင့် ဝယ်ယူရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အိန္ဒိယ စားနပ်ရိက္ခာဝန်ကြီးဌာနက ယခု အခါ မြေဆီလွှာနှင့်ရာသီဥတုအခြေအနေ ကောင်းမွန်မှုရှိလာသဖြင့် ကုလားပဲနှင့်ပဲနီလေးထုတ်လုပ်မှု ပိုမိုတိုးမြင့်လာဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။
စားတော်ပဲ (yellow peas) အား အကောက်ခွန်လွတ်တင်သွင်းမှုကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့အထိ ခွင့်ပြုထားကာ၊ အလားတူ ကုလားပဲတင်သွင်းမှုအား ၂၀၂၅ ခုနှစ်၊ မတ် ၃၁ ရက်နေ့အထိ ခွင့်ပြုထားကြောင်း သိရသည်။
အဆိုပါ ပဲ(ခွဲခြမ်း) မျိုးစုံ၏ လက်လီဈေးနှုန်းများ တည်ငြိမ်မှုရှိစေရန် အစိုးရမှ ကုလားပဲ၊ ပဲတီစိမ်းနှင့် ပဲနီလေးတို့ကို ဘာရက်အမှတ်တံဆိပ် (Bharat brand) ဖြင့် ဆက်လက်ရောင်းချပေးခြင်း၊ လက်လီ ရောင်းချမှုဆိုင်ရာ အသင်းအဖွဲ့များ၊ လက်လီဆိုင်များနှင့် ပုံမှန်တွေ့ဆုံ၍ ထိန်းသိမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီက ၁၉ ဒသမ ၅၄ ရာခိုင်နှုန်းရှိခဲ့သော ပဲမျိုးစုံ၏ CPI ဈေးနှုန်းဖေါင်းပွမှုကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ၌ ၃ ဒသမ ၈၃ ရာခိုင်နှုန်းသို့ လျှော့ချနိုင်ခဲ့သည်ဟု အစိုးရမှ ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံတွင် ပဲမျိုးစုံလိုအပ် ချက်ပြည့်မီရေးအတွက် ပဲစင်းငုံအား ၂၀၂၆ ခုနှစ်၊ မတ် ၃၁ ရက်နေ့အထိ လွတ်လပ်စွာတင်သွင်းခွင့်ပြုခဲ့သော် လည်း မတ်ပဲတင်သွင်းခွင့်နှင့် ပတ်သက် ၍ လတ်တလောထုတ်ပြန်ဆောင် ရွက်ထားခြင်းမရှိကြောင်းသိရှိရသည်။
ကောင်းထွဋ်အောင်
The Hindu Businessline, Government extends free imports of tur till March 31, 2026, January 21, 2025.